၁၆-၆-၂၀၂၃ ရက်နေ့ TI သတင်းလွှာမှ ကောက်နုတ်ဖော်ပြချက်

  • Thu, 22 June 2023

        ၁၆-၆-၂၀၂၃

        အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့ (TI) ၏ ၁၆-၆-၂၀၂၃ ရက်နေ့ထုတ် သတင်းလွှာ တွင် အောက်ဖော်ပြပါ အချက်များ ဖော်ပြပါရှိပါသည်-

- ယခုသီတင်းပတ်သည် အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့ (TI) ၏ သက်တမ်း (၃၀) ပြည့်မြောက်ပြီ ဖြစ်သည့်အတွက် အတိတ်သို့ ပြန်လည်တမ်းတ လွမ်းဆွတ်လျက်ရှိပါ ကြောင်း။

- လွန်ခဲ့သည့် ၁၉၉၃ ခုနှစ် ယခုကဲ့သို့သော သီတင်းပတ်တွင် အားကောင်းသည့် လှုပ်ရှားမှု တစ်ခု စတင်ခဲ့ပါကြောင်း၊ ဆယ်စုနှစ် သုံးစုကာလတွင် ကမ္ဘာလုံးဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အစီအစဉ်ကို ရှေ့ဆက်လက် ဆောင်ရွက်နိုင်ရေး တွန်းအားပေးနိုင်ခဲ့ပြီး မည်သို့သော အခြေအနေသို့ ရောက်ရှိနေစေကာမူ နောက်ကြောင်းပြန်မလှည့်ခဲ့ပါကြောင်း၊ ကမ္ဘာ့တိုက်ကြီးအားလုံးတွင် TI ရုံးခွဲပေါင်း ၁၀၀ ကျော်ဖြင့် အဂတိလိုက်စားမှုကို တိုက်ဖျက်လိုသည့် စိတ်တူကိုယ်တူ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ထူးခြားခမ်းနားသော ကမ္ဘာ့လှုပ်ရှားမှုတစ်ခုအဖြစ် စတင်ခဲ့ပါကြောင်း၊ အများအကျိုးအတွက် တာဝန်ယူမှုရှိသော လုပ်ပိုင်ခွင့်ကို ဆုပ်ကိုင်ထားရန် ရည်ရွယ်ချက်ဖြင့် မိမိတို့ အတူတကွ လက်တွဲ ဆောင်ရွက် လျက်ရှိပါကြောင်း။

- အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့ စတင်ဖွဲ့စည်းချိန်တွင် အဂတိလိုက်စားမှု ကို လူအများက နေ့စဉ်ဘဝတွင် ကံမကောင်းအကြောင်းမလှ၍ ကြုံတွေ့ရသည့် စံနှုန်းတစ်ခုအဖြစ် လက်ခံကြကာ ယေဘုယျအားဖြင့် လျစ်လျူရှုခဲ့ကြပါကြောင်း၊ သို့ရာတွင် အဂတိလိုက်စားမှုကို လူထုပြောကြားချက်များ၏ တစ်စိတ်တစ်ပိုင်းအနေနှင့် သာ ဆောင်ရွက်ခဲ့ခြင်းမျိုး မဟုတ်ဘဲ ထိပ်တိုက် ရင်ဆိုင်ကျော်လွှားနိုင်သည်ကို ပြသခဲ့ပါကြောင်း။

- မိမိတို့ အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့၏ နှစ် ၃၀ ပြည့် နှစ်ပတ်လည်နေ့ ကို ဂုဏ်ပြုသည့်အနေဖြင့် မိမိတို့၏ အဓိကမှတ်တိုင်အချို့သို့ ပြန်လည် မြင်ယောင်၍ အနာဂတ်ကို အတူမျှော်ကြည့်စေလိုပါကြောင်း၊ မိမိတို့ လျှောက်ရမည့်လမ်းမှာ ရှည်လျား သော်လည်း မိမိတို့အနေဖြင့် ရပ်တန့်သွားမည်မဟုတ်ပါကြောင်း။

- အဂတိကင်းစင်သည့် ကမ္ဘာကြီးကို တည်ဆောက်ခြင်းဆိုသည်မှာ ၎င်းကို ကိုင်တွယ် ဖြေရှင်းရန် ကိရိယာများ ရှိနေခြင်းကို ဆိုလိုပါကြောင်း၊ ၁၉၉၅ ခုနှစ်မှစတင်၍ နှစ်စဉ် Corruption Perceptions Index (CPI) သည် ပြည်သူ့ကဏ္ဍ အဂတိလိုက်စားမှုအဆင့်၏ ကမ္ဘာလုံးဆိုင်ရာ ညွှန်ပြချက်တစ်ခုဖြစ်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှ စတင်ကာ အဂတိလိုက်စားမှု ဆိုင်ရာ တစ်ခုတည်းသော ကမ္ဘာလုံးဆိုင်ရာ လူထုသဘောထားစစ်တမ်း Global Corruption Barometer (GCB) ကို စတင်လုပ်ဆောင်ခဲ့ပါကြောင်း၊ အများပြည်သူနှင့် သက်ဆိုင်သည့်  ပရောဂျက်များကိုစောင့်ကြည့်သည့်  Integrity Pact ကို အများပြည်သူ ဆိုင်ရာ စာချုပ်များကို စောင့်ကြည့်ရန် လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုက အသုံးပြုခဲ့ပြီး ယခုအချိန် အထိ နိုင်ငံပေါင်း ၃၀ ကျော်တွင် ဒေါ်လာ တစ်ဘီလီယံကျော် တန်ဖိုးရှိသော အများ ပြည်သူဆိုင်ရာဝယ်ယူရေးပရောဂျက်များကို ထိရောက်ကောင်းမွန်စေရေး ဆောင်ရွက်နိုင်ပါကြောင်း။

- အကောင်အထည်ဖော်ဆောင်ရေးလက်သုံးကိရိယာများ လုံလောက်မှု မရှိသဖြင့် အတူ တကွ စုပေါင်းလုပ်ဆောင်မှုများ လုပ်ဆောင်ရန် ကြိုးပမ်းခဲ့ကြပါကြောင်း၊ မိမိတို့၏ လှုပ်ရှားမှုသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ပထမဆုံးနှင့် အပြည့်စုံဆုံးသော ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်ဖြစ်သည့် ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကွန်ဗင်းရှင်း (UNCAC) ကို ပံ့ပိုးပေးခဲ့ပါကြောင်း၊ အဆိုပါ သဘောတူညီချက်သည် ၂၀၀၅ ခုနှစ်တွင် အသက်ဝင်ခဲ့ပြီး ယနေ့အထိ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း ၁၈၉ နိုင်ငံမှ လက်မှတ်ရေးထိုးထားပါကြောင်း၊ ထို့ပြင် ပြည်ပစီးပွားရေးကုမ္ပဏီများမှ နိုင်ငံခြား အစိုးရ အရာရှိများကို လာဘ်ပေးလာဘ်ယူမှုဆိုင်ရာ ရာဇ၀တ်မှု ကျူးလွန်သည့် ဖြစ်ရပ်များကို ဆန့်ကျင်သည့် OECD လာဘ်ပေးလာဘ်ယူမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းကိုလည်း အခြား မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ တွန်းအားပေးဆောင်ရွက်ပါကြောင်း။

- မကြာသေးမီက အုပ်စုဖွဲ့ကျူးလွန်သည့် ပြစ်မှုများနှင့် အဂတိလိုက်စားမှုများကို အစီရင်ခံ ခြင်း ပရောဂျက်နှင့်အတူ မိမိတို့သည် စုံစမ်းစစ်ဆေးရေးကဏ္ဍ ဂျာနယ်လစ်များနှင့် အရပ် ဘက်အဖွဲ့အစည်းများ၏ လှုံ့ဆော်မှုဖြင့် ကမ္ဘာလုံးဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အစီအစဉ်ကို အရှိန်မြှင့်ပေးသည့် ယာယီပူးပေါင်းထားသောအဖွဲ့အစည်း Global Corruption Consortium ကို တည်ထောင်ခဲ့ပါကြောင်း၊ အဆိုပါ အဖွဲ့အစည်းသည် အချို့သော Azerbaijan Laundromat နှင့် Great Gambia Heist ကဲ့သို့သောဖြစ်စဉ်များကို အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့ပြီး နာမည်ကောင်းရရှိလာခဲ့ပါကြောင်း။

- ထို့အပြင် မိမိတို့၏ အတွင်းရေးမှူးချုပ်ရုံးသည် နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ညီလာခံ (IACC) ၏ အုပ်ချုပ်မှုအဖွဲ့ဖြစ်ပြီး နိုင်ငံ့အကြီးအကဲများ၊ စီးပွားရေး ခေါင်းဆောင်များ၊ စုံစမ်းစစ်ဆေးရေးသမားများ၊ တက်ကြွလှုပ်ရှားသူများနှင့် ကမ္ဘာတစ်ဝှမ်း ရှိ လူငယ်များ စုပေါင်း၍ အဂတိလိုက်စားမှုကို ကိုင်တွယ်ဖြေရှင်းနည်းများကို စုပေါင်း ဆွေးနွေးရန် အကြီးမားဆုံး ကမ္ဘာလုံးဆိုင်ရာ ဖိုရမ်ဖြစ်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး အစီအစဉ်ကို ချမှတ်ခဲ့ပါကြောင်း။

- လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ကျော်အတွင်း အဂတိလိုက်စားမှုသည် ပိုမိုရှုပ်ထွေးပြီး ထူးခြား ဆန်းပြားလာကာ နယ်စပ်ဖြတ်ကျော် ဆက်ဆံရေးများနှင့် ကမ္ဘာ့ပထဝီနိုင်ငံရေး နယ်ပယ်တွင် ထင်ရှားလာပြီး မိမိတို့၏ ဆောင်ရွက်မှုများသည်လည်း အသွင်ပြောင်းသွားပြီ ဖြစ်ပါကြောင်း။

- ၂၀၁၆ ခုနှစ်မှစ၍ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ဖုံးကွယ်ရန် လျှို့ဝှက်သော လုပ်ငန်းဖွဲ့စည်းပုံ များကို အသုံးပြုသည့် အရိပ်အယောင်များကို ဖော်ထုတ်ရန် အများသူငှာ ကုမ္ပဏီ ပိုင်ဆိုင်မှု မှတ်ပုံတင်ခြင်းအတွက် မိမိတို့ ထောက်ခံအားပေးခဲ့ပါကြောင်း၊ မိမိတို့ လက်ရှိလုပ်ဆောင် နေသော အကျိုးရှိသော ပိုင်ဆိုင်မှုဆိုင်ရာ ပွင့်လင်းမြင်သာမှု ကမ်ပိန်းမှတစ်ဆင့် မိမိတို့သည် တရားစီရင်ပိုင်ခွင့်အာဏာ ၂၀၀ ကျော်ကို လွှမ်းခြုံထားသည့် ကော်ပိုရိတ် ပွင့်လင်းမြင်သာမှုဆိုင်ရာ ကမ္ဘာ့စံချိန်စံညွှန်းကို ပြန်လည်ပြင်ဆင်ရန် ဘဏ္ဍာရေးဆိုင်ရာ လုပ်ဆောင်ရေးအဖွဲ့အား စည်းရုံးနိုင်ခဲ့ပါကြောင်း။ 

- အဂတိလိုက်စားမှုနှင့် ခွဲခြားဆက်ဆံမှုအကြား ဆက်စပ်မှုကိုလည်း ကိုင်တွယ်ဖြေရှင်း လျက်ရှိပြီး လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း - လိင်ပိုင်းဆိုင်ရာ အကျိုးအမြတ်ရရှိရန် အာဏာ အလွဲသုံးစားလုပ်ခြင်းကဲ့သို့သော အဂတိလိုက်စားမှုပုံစံများသည် လူနည်းစုများကို ထိခိုက် နစ်နာစေကြောင်း။

- ရာသီဥတုဖောက်ပြန်မှုကြောင့် ကမ္ဘာမြေ ပျက်စီးခြင်းမှ ပြန်လည် ကယ်တင်ရန်မှာ မိမိ တို့၏ နောက်ဆုံးအခွင့်အရေးဖြစ်ကြောင်း သိပ္ပံပညာရှင်များက သတိပေးထားပြီး အဂတိ လိုက်စားမှုများကြောင့် ရာသီဥတုဖောက်ပြန်မှုကို မိမိတို့ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိ သေးပါကြောင်း၊ ရလဒ်အနေဖြင့် မိမိတို့၏လှုပ်ရှားမှုသည် ရာသီဥတုမူဝါဒချမှတ်ခြင်းတို့ တွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုကို မြှင့်တင်နေပါကြောင်း။

- အနှစ် ၃၀ ကြာပြီးနောက် မိမိတို့၏ ရည်ရွယ်ချက်သည် ယခင်ကထက် ပိုမိုသက်ဆိုင်ပြီး အရေးတကြီး ဖြစ်လာပါကြောင်း၊ ကမ္ဘာကြီးသည် ပိုမိုကျယ်ပြန့်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေး အသိုက်အဝန်း ခိုင်မာအားကောင်းလာစေရန် လိုအပ်နေသကဲ့သို့ လုပ်ပိုင်ခွင့်အာဏာရှိသူများအနေဖြင့် အများအကျိုးအတွက် ဦးတည်ဆောင်ရွက်စေမည့် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတစ်ရပ် လိုအပ်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း ထိုကဲ့သို့ ဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း။ 

မှတ်ချက်။ ၁၆-၆-၂၀၂၃ ရက်နေ့ထုတ် သတင်းလွှာမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

ဆက်စပ် သတင်းများ