ကိုရီးယားနိုင်ငံသည် ၂၀၂၂ ခုနှစ်၊ အဂတိလိုက်စားမှုနှင့်စပ်လျဉ်းသည့်သဘောထားအမြင်အညွှန်းကိန်း (Corruption Perception Index_CPI) တွင် နိုင်ငံအဆင့် (၃၁) ဖြင့် စံချိန်သစ်တင်ခဲ့

  • Tue, 31 January 2023

ကိုရီးယားနိုင်ငံသည် ၂၀၂၂ ခုနှစ်၊ အဂတိလိုက်စားမှုနှင့်စပ်လျဉ်းသည့်သဘောထားအမြင်အညွှန်းကိန်း (Corruption Perception Index_CPI) တွင် နိုင်ငံအဆင့် (၃၁) ဖြင့် စံချိန်သစ်တင်ခဲ့


        အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့ (Transparency International_TI) မှ ထုတ်ပြန်သည့် ၂၀၂၂ ခုနှစ်၊ အဂတိလိုက်စားမှုနှင့်စပ်လျဉ်းသည့်သဘောထား အမြင်အညွှန်းကိန်း (Corruption Perceptions Index_CPI) တွင် ကိုရီးယားနိုင်ငံသည် ခြောက်နှစ်ဆက်တိုက် အဆင့်မြင့်တက် လာပြီး ၂၀၂၂ ခုနှစ်တွင် နိုင်ငံပေါင်း (၁၈၀) နိုင်ငံ၌ အဆင့် (၃၁) နေရာတွင် ရပ်တည် နိုင်ခဲ့ပါသည်။

ကိုရီးယားနိုင်ငံ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ပြည်သူ့အခွင့်အရေးကော်မရှင် (ACRC, ဥက္ကဋ္ဌ Jeon Hyun-Heui) က ဇန်နဝါရီလ (၃၁) ရက်နေ့တွင် Transparency International (TI) မှ ထုတ်ပြန်သည့် အဂတိလိုက်စားမှု သဘောထားအမြင်အညွှန်းကိန်းတွင် ကိုရီးယားနိုင်ငံသည် ရမှတ် (၆၂) မှတ်ဖြင့် နိုင်ငံပေါင်း (၁၈၀) တွင်အဆင့် (၃၁) ရရှိခဲ့ပြီး စံချိန်သစ် တင်နိုင်ခဲ့ပါကြောင်း ပြောကြားခဲ့ပါသည်။

        ကိုရီးယားနိုင်ငံ၏ ရမှတ်နှင့် အဆင့်သတ်မှတ်ချက်သည် ၂၀၂၁ ခုနှစ်ထက် ရမှတ် (၁) မှတ် ခန့်နှင့် နိုင်ငံအဆင့် (၁) ဆင့် အသီးသီး တိုးလာပြီး ၎င်းတို့သည် ၂၀၁၆ ခုနှစ်တွင် မလျော်ကန်သော ငွေကြေးတောင်းခံခြင်းနှင့် လာဘ်ပေးလာဘ်ယူမှုတိုက်ဖျက်ရေး အက်ဥပဒေကို ချမှတ်အကောင် အထည်ဖော် ပြီးနောက် CPI တွင် အဆင့်နှင့် ရမှတ်များ ခြောက်နှစ်ဆက်တိုက် မြင့်တက်လာခြင်းဖြစ် သည်။

ကိုရီးယားနိုင်ငံ၏ နောက်ဆုံး (၆) နှစ်အတွင်း CPI ရမှတ်နှင့်အဆင့်များ

                

၁၉၉၅ ခုနှစ်ကတည်းက ဂျာမနီနိုင်ငံအခြေစိုက် Transparency International မှ နှစ်စဉ် ထုတ်ပြန်လျက်ရှိသည့် CPI သည် နိုင်ငံတစ်ခုစီ၏ ပြည်သူလူထုနှင့် နိုင်ငံရေးကဏ္ဍများတွင် အဂတိ လိုက်စားမှုအဆင့်ကို အကဲဖြတ်သည့် ကမ္ဘာလုံးဆိုင်ရာကိုယ်စားပြု အဂတိလိုက်စားမှုတိုက်ဖျက်ရေး အညွှန်းကိန်းဖြစ်ပါသည်။

ယင်းရလဒ်သည် သမ္မတ Yoon Suk Yeol  အစိုးရ စတင်တာဝန်ယူချိန်မှစ၍ ဥပဒေများ၊ အခြေခံမူ များနှင့်အညီ ခိုင်မာသော စိတ်ဆန္ဒဖြင့် စဉ်ဆက်မပြတ် အလေးပေးဆောင်ရွက်ခဲ့သည့် အစိုးရ၏ ဥပဒေစိုးမိုးရေးဆိုင်ရာ ကြိုးပမ်းမှုများ၊ ACRC အပါအဝင် ဝန်ကြီးဌာနအသီးသီး၏ ကြိုးပမ်း အားထုတ်မှုနှင့် ပြည်သူလူထု၊ အရပ်ဘက်အဖွဲ့အစည်းများ၊ မီဒီယာများနှင့် ပညာရေးအသိုက်အဝန်း များ၏ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆောင်ရွက်မှုများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါ သည်။ 

အထူးသဖြင့် ACRC သည် နိုင်ငံအတွင်း အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် မလျော်ကန်သော ငွေကြေးတောင်းခံခြင်းနှင့် လာဘ်ပေးလာဘ်ယူမှုတိုက်ဖျက်ရေး အက်ဥပဒေ အပါ အဝင် အမျိုးသားအဆင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးမူဝါဒများကို ချမှတ်အကောင်အထည်ဖော် ဆောင် ရွက်ခြင်းဖြင့် CPI အဆင့် တိုးတက်ကောင်းမွန်စေရေးတွင် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ခဲ့ ပါသည်။ ACRC သည် အစိုးရဝန်ထမ်းများ တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ အကျိုးစီးပွား ပဋိပက္ခ တားဆီးကာကွယ်ရေး အက်ဥပဒေနှင့် မလျော်ကန်သော ငွေကြေးတောင်းခံခြင်းနှင့် လာဘ်ပေးလာဘ် ယူမှုတိုက်ဖျက်ရေး အက်ဥပဒေများ ချမှတ်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ ဥပဒေဆိုင်ရာ အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အောင်မြင်စွာဆောင်ရွက်ခဲ့ပြီး အစိုးရကဏ္ဍ များတွင် ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ အသိပညာပေးမှုများကို တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ပါသည်။ 

"လာဘ်ပေးလာဘ်ယူမှုတိုက်ဖျက်ရေးအက်ဥပဒေသည် ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းအပေါ် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများရှိသည်" ဟုဆိုသော စစ်တမ်းဖြေဆိုသူ ၉၁.၂% က ဖြေဆိုထားပါသည်။

အဆိုပါ စစ်တမ်းရလဒ် သည် နိုဝင်ဘာ ၇ ရက်မှ ၁၈ ရက်အထိ လူပေါင်း (၄၄၈၂) ဦးအား People's Idea Box မှ တစ်ဆင့် စစ်တမ်းကောက်ယူမှု ပြုလုပ်ခဲ့ခြင်းမှ ထွက်ပေါ်လာသည့် ရလဒ် ဖြစ်ပါသည်။

တရားရေးဝန်ကြီးဌာနနှင့် တရားမျှတသော ကုန်သွယ်မှုဆိုင်ရာကော်မရှင် စသည်တို့သည် အဂတိလိုက်စားမှုနှင့် စပ်လျဉ်းသည့် ရာဇ၀တ်မှုများကို ထိရောက်စွာ ဖော်ထုတ် အရေးယူနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ ဘဏ္ဍာရေး၊ စတော့ရှယ်ယာများ၊ တရားမျှတသောကုန်သွယ်မှုနှင့် အခွန်ဆိုင်ရာနယ်ပယ်များအပါအဝင် စီးပွားရေးရာဇ၀တ်မှုများကို နှိမ်နင်းရန်အတွက် စုံစမ်းစစ်ဆေးရေး အခြေခံအဆောက်အဦများကို အားဖြည့်ဆောင်ရွက်ခဲ့ပြီး ချိုးဖောက်သူများကို ပိတ်ဆို့အရေးယူမှုများ မြှင့်တင်ဆောင်ရွက်ခဲ့ပါသည်။

ထိုကဲ့သို့ အစိုးရ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကြိုးပမ်းမှုများကြောင့် လွန်ခဲ့သော နိုဝင်ဘာလတွင် ထုတ်ပြန်ခဲ့သော လာဘ်ပေးလာဘ်ယူမှု အန္တရာယ်မက်ထရစ် (Bribery Risk Matrix_BRM) နှင့် ၂၀၂၁ ခုနှစ် ပြည်သူများ၏ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ အညွှန်းကိန်း (Index of Public Integrity _IPI) တို့တွင် ရလဒ်ကောင်းများ ရရှိခဲ့ပါသည်။

အမေရိကန်အခြေစိုက် TRACE International ၏ လာဘ်ပေးလာဘ်ယူမှု အန္တရာယ် မက်ထရစ် (BRM) တွင် တရားစီရင်ပိုင်ခွင့်နှင့်စပ်လျဉ်းသည့် တာဝန်များကို ထမ်းဆောင်ရာ၌ လာဘ်ပေးလာဘ်ယူမှုတောင်းဆိုခြင်းများ ကြုံတွေ့ရနိုင်ခြေကို တိုင်းတာရာတွင်  ကိုရီးယားနိုင်ငံသည် လာဘ်ပေးလာဘ်ယူမှုအန္တရာယ်နှင့် ပတ်သက်၍ “အန္တရာယ်နည်းသောနိုင်ငံအုပ်စု” အဖြစ် သတ်မှတ် ခြင်းခံရပြီး ကမ္ဘာ့အဆင့်တွင် စံချိန်တင်မြင့်မားခဲ့ပါသည်။ 

ထို့အပြင် European Research Center for Corruption and State-Building (ERCAS) မှ နှစ်စဉ်ထုတ်ပြန်သော ၂၀၂၁ ခုနှစ် ပြည်သူ့များ၏ ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ အညွှန်းကိန်းတွင် ကိုရီးယားသည် နိုင်ငံပေါင်း (၁၁၄) နိုင်ငံတွင် အဆင့်(၁၈)နှင့် အာရှဒေသတွင် အဆင့် (၁) ရရှိခဲ့ပါ သည်။

ACRC ဥက္ကဋ္ဌ Jeon Hyun-Heui  က ၂၀၂၂ ခုနှစ်၊ CPI အဆင့်နှင့် ရမှတ်များ  စံချိန်တင် မြင့်တက်လာခြင်းအတွက် အစိုးရ၏ နိုင်ငံတစ်ဝှမ်းတွင် ဆောင်ရွက်လျက်ရှိသော  အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပြုပြင်ပြောင်းလဲမှုများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် ပြည်သူလူထုမှ တက်ကြွစွာ ပါဝင်ဆောင်ရွက်မှုများကို ကျေးဇူးတင်ရှိပါကြောင်းနှင့် ACRC သည် ၂၀၂၂ ခုနှစ်၊ CPI ရလဒ်နှင့်ပတ်သက်၍ ကျေနပ်တင်းတိမ်၍နေမည်မဟုတ်ဘဲ အဂတိလိုက်စားမှုတိုက်ဖျက်ရေး မူဝါဒ များကို စနစ်တကျ ဆက်လက်တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး၊ နိုင်ငံတကာအသိုက်အဝန်း တွင် ကိုရီးယားနိုင်ငံသည် ကမ္ဘာ့အဆင့်အတန်းနှင့်ကိုက်ညီသော ဖြောင့်မတ်တည်ကြည်မှုရှိသော နိုင်ငံအဖြစ် ရှေ့သို့လှမ်းချီသွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။


Source==> Transparency International

ဆက်စပ် သတင်းများ