အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကွန်ပျူတာအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲကျင်းပ

  • Mon, 20 February 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကွန်ပျူတာအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲကျင်းပ


နေပြည်တော်၊ ဖေဖော်ဝါရီလ  ၂၀ ရက်

    အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး ၊ ကွန်ပျူတာအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၀၉:၃၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူ (၃၀) ဦး တက်ရောက်ခဲ့ကြသည်။

    သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာ၌ ကော်မရှင်ရုံးအနေဖြင့် ဝန်ထမ်းများ ရုံးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ကွန်ပျူတာကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်တတ်စေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ခေါ်ယူသည့်သင်တန်းများသို့လည်း ဝန်ထမ်းများ စေလွှတ်တက်ရောက်စေခြင်း၊ ဌာနတွင်းသင်တန်းများ ဖွင့်လှစ်ခြင်းဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားလာစေမည်ဖြစ်ကြောင်း၊ ယခုသင်တန်းသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဖွင့်လှစ်သည့်သင်တန်းဖြစ်ကြောင်း၊ ယနေ့ခေတ်သည် Information and Communications Technology ခေတ်ဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် ကွန်ပျူတာနည်းပညာမှာ မဖြစ်မနေ သိရှိနားလည်ထားရန် လိုအပ်ကြောင်း၊ ရုံးလုပ်ငန်းဆောင်ရွက်သည့်အခါမှာ ရုံးစာရေးသားနည်းဟာ အဓိက ပဓာနအကျဆုံးဖြစ်သည့်အတွက် စနစ်ကျသည့်ရုံးလုပ်ငန်း၊ အောင်မြင်ပြီးမြောက်သည့် ရုံးလုပ်ငန်းတစ်ခုဖြစ်စေဖို့အတွက် ကွန်ပျူတာဟာ တစ်ထောင့်တစ်နေရာမှ အရေးပါသည့် ကိရိယာတစ်ခုပဲဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ နေ့စဉ်ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်ပြီး ဒီသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် စနစ်တကျ လေ့လာသင်ယူမှတ်သားကြရန်၊ သင်တန်းကာလအတွင်းပျက်ကွက်မှုမရှိဘဲ သင်တန်းချိန်အလိုက် သင်တန်းမှန်မှန်တက်ရောက်ကြဖို့လိုကြောင်း၊ ကွန်ပျူတာပညာရပ်ဆိုတာ ခေတ်နှင့်အညီ မဖြစ်မနေ တတ်ကျွမ်းသိရှိ နားလည်ထားရမည့် Electronic Devices ကို ကျွမ်းကျင်စွာအသုံးပြုနိုင်သည့် ပညာရပ်တစ်ခုဖြစ်ပြီး Communication စနစ်အတွက် အရေးပါသည့် အချက်တစ်ချက်ဖြစ်ကြောင်း၊ သင်တန်းမှာ သင်ကြားပို့ချမည့် သင်ခန်းစာများကို စနစ်တကျ လက်တွေ့သင်ယူခြင်းအားဖြင့် မိမိတို့ဝန်ထမ်းများအနေဖြင့် အခြေခံကျသည့် Function များဖြစ်သည့် ရုံးလုပ်ငန်းအတွက် လိုအပ်သည့်လုပ်ဆောင်မှုများကို ဆောင်ရွက်နိုင်မည့်အပြင် လုပ်ကိုင်ဆောင်ရွက်ရခက်ခဲသည့် စာရင်းအင်းများ ပမာဏများပြားသည့် ဒေတာအချက်အလက်များကို လွယ်ကူရှင်းလင်းမှုရှိအောင် စုစည်းဆောင်ရွက်နိုင်ခြင်း၊ အချိန်ကို စနစ်တကျ စီမံခန့်ခွဲခြင်းဖြင့် လုပ်ငန်းဆောင်ရွက်ရာမှာ လုပ်ငန်းအောင်မြင်မှု တိုးတက်လာခြင်း၊ မိမိတို့၏ စာရင်းဇယားတွက်ချက်မှုများတွင် ပိုမိုကောင်းမွန်မြန်ဆန်သောစနစ်ကို အသုံးပြုနိုင်လာခြင်း၊ စာရင်းအင်းများ မှန်ကန်မှုရှိခြင်း၊ မြန်ဆန်တိကျသော ဆုံးဖြတ်ချက်များချနိုင်ပြီး အချိန်ကုန်သက်သာစွာ တွက်ချက်မှုများဆောင်ရွက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများစွာရရှိနိုင်ကြောင်း၊ ထို့အတွက် သင်တန်းမှရရှိလာမည့် အခြေခံအချက်များမှတစ်ဆင့် ကျွမ်းကျင်ပိုင်နိုင်သော ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများဖြစ်လာအောင်လည်း စဉ်ဆက်မပြတ် လေ့လာသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

    ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၃)  ကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ မတ်လ ၁၄ ရက်နေ့အထိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ နည်းပြများက သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။

ဆက်စပ် သတင်းများ