အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးအင်္ဂလိပ်စာအခြေခံသင်တန်းဖွင့်ပွဲကျင်းပ

  • Mon, 13 February 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးအင်္ဂလိပ်စာအခြေခံသင်တန်းဖွင့်ပွဲကျင်းပ


နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၃

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ အင်္ဂလိပ်စာအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့၊ နံနက် ၀၉:၃၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ 

    

   သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်က အဖွင့်အမှာစကားပြောကြားရာ၌ အင်္ဂလိပ်စာအခြေခံသင်တန်းဖွင့်လှစ်ခြင်းဖြင့် ဝန်ထမ်းများ၏အင်္ဂလိပ်စာ အရည်အသွေးပြည့်ဝလာစေရန်နှင့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကကျသည့်အချက် ဖြစ်ပါကြောင်း၊ တစ်ကမ္ဘာလုံးတွင် အများဆုံးအသုံးပြုနေသည့် ဘာသာစကားကို ဝန်ထမ်းများအနေဖြင့် စဉ်ဆက်မပြတ်လေ့လာသင့်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဘာသာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်မှု အားကောင်းမှသာလျှင် မိမိတို့၏လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ အောင်မြင်ပြီးမြောက်နိုင်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ၏စွမ်းဆောင်ရည်မြင့်မားလာခြင်းသည် ကော်မရှင်ရုံး၏ စွမ်းဆောင်ရည် တိုးတက်လာခြင်းပင်ဖြစ်သည့်အတွက် သင်တန်းသား/ သင်တန်းသူများအနေဖြင့် အင်္ဂလိပ်စာအခြေခံသင်တန်းမှ ရရှိလာသော အခြေခံအချက်များမှတစ်ဆင့် စဉ်ဆက်မပြတ်လေ့လာခြင်းအားဖြင့် ပင်ကိုယ်စွမ်းဆောင်ရည်များကိုမြှင့်တင်ကြရန်၊ နောင်တွင် အခြေခံမှသည်အဆင့်မြင့်သင်တန်းများ ဖွင့်လှစ်နိုင်ရေးကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၃၀ ဦးတက်ရောက်ပြီး သင်တန်းကာလမှာ  ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ဧပြီလ ၇ ရက်နေ့အထိ ရက်သတ္တပတ် (၈)ပတ် ကြာမြင့်မည်ဖြစ်ပါသည်။

ဆက်စပ် သတင်းများ