အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး အခြေခံလေ့ကျင့်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ်ခြင်း

  • Tue, 17 May 2022

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး အခြေခံလေ့ကျင့်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ်ခြင်း


    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ အခြေခံလေ့ကျင့်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ် မေလ ၁၆ ရက်နေ့ နံနက် ၉:၀၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူ (၅၁) ဦး တက်ရောက်ခဲ့ကြသည်။

       သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာ၌ ယခုသင်တန်းသည် ဦးစီးဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့်အမှုထမ်းများအတွက် ဖွင့်လှစ်ပေးသည့် အခြေခံလေ့ကျင့်ရေးသင်တန်း ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးတွင် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်များကို လိုက်နာရသည့်အပြင် ကော်မရှင်ကျင့်ဝတ်ပါ အခြေခံမူ(၆)ချက်ကို လိုက်နာ ကျင့်သုံးကြရမှာ ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်၏မူဝါဒနှင့် အစီအမံများကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေကြရသူများဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူများအကြား ယုံကြည်မှုတည်ဆောက်ရာတွင် အဓိကကျသူများဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ ရိုးဖြောင့်မှု၊ အရည်အချင်းရှိမှု၊ ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်သိက္ခာရှိမှု၊ မှန်ကန် တည့်မတ်စွာ ဆောင်ရွက်နိုင်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့ကို တိုးတက်စေခြင်းသည် နိုင်ငံတော်နှင့် ပြည်သူများအကြား ယုံကြည်မှုကို တိုးပွားစေပြီး အစိုးရ၏ ကောင်းမွန်သောအုပ်ချုပ်ရေးလုပ်ငန်းစဉ်ကိုလည်း အောင်မြင်စေမှာ ဖြစ်ပါကြောင်း၊ ဝန်ထမ်းသစ်များအနေဖြင့် ယခုအချိန်မှစ၍ နိုင်ငံ့ဝန်ထမ်းတစ်ဦးအဖြစ် ခံယူလျက် မိမိ၏ ဂုဏ်သိက္ခာ၊ ကော်မရှင်၏ ဂုဏ်သိက္ခာများအပေါ် အလေးထား ဂရုပြု၍ ကောင်းမွန်သော နေထိုင်မှုပုံစံများ၊ ကောင်းမွန်သော ခံယူချက်များဖြင့် အများပြည်သူအကျိုးကို ဆောင်ရွက်နိုင်သည့်ပုဂ္ဂိုလ်များဖြစ်အောင် ကျင့်ကြံနေထိုင်ကြရန် တိုက်တွန်းလိုပါကြောင်း၊ သင်တန်းတွင် သင်ကြားပို့ချခဲ့သည့် သင်ခန်းစာများကို စနစ်တကျ လေ့လာဆည်းပူး၍ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လက်တွေ့အကျိုးရှိစွာအသုံးချပြီး နိုင်ငံတော်နှင့် ကော်မရှင်၏ရည်မှန်းချက်၊ ရည်ရွယ်ချက်များကို အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောကြားလိုကြောင်း ပြောကြားခဲ့သည်။
       အခြေခံလေ့ကျင့်ရေးသင်တန်းကို မေလ (၁၆) ရက်နေ့မှ ဇွန်လ (၁၀) ရက်နေ့အထိ ရက်သတ္တပတ်(၄)ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းကာလအတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေ၊ ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်း၊ ကော်မရှင်ကျင့်ဝတ်၊ အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးရေးဆောင်ရွက်ချက်များ၊ ရုံးလုပ်ငန်းများနှင့်ပတ်သက်သည့် ဘာသာရပ်များကို ဆွေးနွေးပို့ချသွားမည် ဖြစ်ပါသည်။

ဆက်စပ် သတင်းများ