အခြေခံလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၂/၂၀၂၁) ဖွင့်လှစ်ခဲ့မှုအခြေအနေ

  • Sat, 19 June 2021

အခြေခံလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၂/၂၀၂၁) ဖွင့်လှစ်ခဲ့မှုအခြေအနေ


နေပြည်တော်၊ ဇွန်လ ၁၉ ရက်
    ကော်မရှင်ရုံး၊ စီမံရေးရာဦးစီးဌာန၊ မူဝါဒနှင့်လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုဌာန အနေဖြင့် ၂၀၂၁ ခုနှစ်၊ မေလအတွင်း အခြေခံလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၂/၂၀၂၁) အား အရာထမ်း(၂၃)ဦး အမှုထမ်း(၂၂)ဦးဖြင့် ၁၉-၅-၂၀၂၁ ရက်နေ့မှ ၂၆-၅-၂၀၂၁ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပါသည်။
    သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများသည် ကော်မရှင်အတွက် အင်သစ် အားသစ်များဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်မှုစနစ်ကို အကောင်အထည်ဖော်ရာတွင် အထောက်အပံ့ပေးနိုင်ရေးအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးခြင်းဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိစွာဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကော်မရှင်ရုံးတွင် တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို လိုက်နာရန်လိုအပ်ပြီး နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရန်လိုအပ် ကြောင်း၊ လုပ်ငန်းတာဝန်များအပေါ် ဂုဏ်ယူစွာဖြင့် တာဝန်ထမ်းဆောင်ရန်ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင် ခံယူချက်မှန်ကန်ရန် လိုအပ်ကြောင်း၊ ဌာန၏ရည်မှန်းချက်၊ တာဝန်နှင့် ကျင့်ဝတ်များကို သိရှိလိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ ဝန်ထမ်းစွမ်းဆောင်ရည် မြင့်မားလာစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိအားပေးအပ်သည့်တာဝန်ကို ကြီးကြပ်မှုအနည်းဆုံးနှင့် ဆောင်ရွက်နိုင်ရန်လည်းလိုအပ်ကြောင်း၊ ကော်မရှင်ရုံးတွင် တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ကျင့်ဝတ်တွင် ဖော်ပြထားသည့် အခြေခံမူ(၆)ချက်ကို လိုက်နာကြရမည်ဖြစ်ကြောင်း၊ တက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူများသည် အတွေ့အကြုံရှိသည့် ဝန်ထမ်းများဖြစ်သဖြင့် မိမိကိုယ်ကို ကျန်းမာစွာနေထိုင်၍ စိတ်ရောကိုယ်ပါ ကြံ့ခိုင်၊ ကျန်းမာ၊ ကျွမ်းကျင်စွာဖြင့် ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်သည့် ဝန်ထမ်းကောင်းများအဖြစ် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်စပ် သတင်းများ