အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ အရာထမ်းတစ်ဦး၏ ပြည်ပသင်တန်း အတွေ့အကြုံရှင်းလင်းပွဲကျင်းပ

  • Mon, 15 January 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊  အရာထမ်းတစ်ဦး၏ ပြည်ပသင်တန်း အတွေ့အကြုံရှင်းလင်းပွဲကျင်းပ


နေပြည်တော်၊ ဇန်နဝါရီလ ၁၂

စင်္ကာပူနိုင်ငံတွင် ၁၄-၁၁-၂၀၂၃ ရက်မှ ၂၄-၁၁-၂၀၂၃ ရက်အထိ ဖွင့်လှစ်ပို့ချခဲ့သည့် 5th Anti-Corruption Executive Programme သင်တန်းသို့ တက်ရောက်ခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ အရာထမ်းတစ်ဦးက ပြည်ပသင်တန်း အတွေ့အကြုံရှင်းလင်းပွဲကို နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပသည်။ အတွေ့အကြုံရှင်းလင်းပွဲသို့ ကော်မရှင်အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အဆင့်မြင့် အရာရှိကြီးများနှင့် ကော်မရှင်ရုံးရှိ အရာထမ်းများ တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်းက ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ပြည်တွင်း၊ ပြည်ပသင်တန်းများ စေလွှတ်ပေးလျက်ရှိပြီး ယခုကဲ့သို့ ပြည်ပသင်တန်း အတွေ့အကြုံများ ပြန်လည်မျှဝေခြင်းသည်လည်း နည်းလမ်းကောင်းတစ်ခုဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် စဉ်ဆက်မပြတ် လေ့လာသင်ယူလိုစိတ်ရှိရန်လိုကြောင်း၊ ပြည်ပနိုင်ငံများသို့ သင်တန်းများတက်ရောက်ရာ၌ သင်ခန်းစာများအား သေချာစွာ လေ့လာသင်ယူရန်လိုအပ်ကြောင်း၊  သို့မှသာ သင်တန်းမှ ရရှိလာသည့် အသိပညာ၊ ဗဟုသုတ၊ အတွေ့အကြုံများကို ဝန်ထမ်းများအား ပြန်လည် မျှဝေပေးနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းမှ ရရှိလာသည့် အသိပညာများကိုလည်း မိမိတို့၏ လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်ရန် လိုအပ်ကြောင်း၊ ပြည်ပနိုင်ငံများ၏ကောင်းမွန်သည့် အလေ့အထများကို အတုယူ၍ ကြိုးစားလေ့လာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သင်တန်းတက်ရောက်ရာတွင် ဝင်ရောက်ဆွေးနွေးခြင်း၊ မေးမြန်းခြင်းနှင့်မိမိ၏ထင်မြင်ယူဆချက်များကို တင်ပြ နိုင်သည့်အရည်အချင်းများရှိရန်အတွက် ကြိုးစားလေ့လာကြရန်လိုကြောင်း တိုက်တွန်းမှာကြားခဲ့ပါ သည်။

ထို့နောက် စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသော်သော်နိုင်က 5th Anti-Corruption Executive Programme သင်တန်းမှသင်ကြားပို့ချခဲ့သည့် စင်္ကာပူနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အတွေ့အကြုံများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် Asset Recovery ကိစ္စရပ်များ၊ စုံစမ်းစစ်ဆေးရေးဆိုင်ရာ ကောင်းမွန်သောအလေ့အကျင့်များ၊ နည်းပညာသစ်များ၊ အများပြည်သူဆိုင်ရာကဏ္ဍနှင့် ပုဂ္ဂလိက ကဏ္ဍတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြရာ ဝန်ထမ်းများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူးက ဝန်ထမ်းများ လုပ်ငန်းပိုင်းဆိုင်ရာ အသိအမြင် ဗဟုသုတများ ကြွယ်ဝလာစေရေးအတွက် ပြည်ပခရီးစဉ်များကို စေလွှတ်လျက်ရှိကြောင်း၊ ထိုသို့ စေလွှတ်ရာတွင် အချိန်အား၊ ငွေအား၊ လူအားများ ရင်းနှီးပေးဆပ်ရသဖြင့် ထိုက်တန်သည့် အကျိုးကျေးဇူးများရရှိအောင် စွမ်းဆောင်ကြိုးပမ်းကြစေလိုကြောင်း၊ သွားရသည့်ခရီး၏အကျိုးရလဒ်အဖြစ် မိမိအတွက်၊ ဌာနအတွက်၊ နိုင်ငံအတွက် ရလဒ်ကောင်းများရရှိအောင်၊ လုပ်ငန်းခွင်ပိုမိုတိုးတက်ရေး အတွက် တီထွင်ဖန်တီးလုပ်ကိုင်နိုင်အောင် ကြိုးစားကြရန် မှာကြားလိုကြောင်း၊ တက်ရောက်သူများ အနေဖြင့်လည်း သိသင့်သိထိုက်သည်များ၊ သိရှိလိုသည်များကို မေးမြန်းကြခြင်းဖြင့် ပိုမိုအကျိုးရှိ ထိရောက်အောင် ဆောင်ရွက်ကြစေလိုကြောင်း နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။



စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဌာနခွဲ(၆)မှ ဒုတိယညွှန်ကြားရေးမှူး ဦးသော်သော်နိုင် က ရှင်းလင်းဆွေးနွေးခြင်း



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးသန်းစိုး က  သိရှိလိုသည်များမေးမြန်းဆွေးနွေးခြင်း


စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွန်း က  သိရှိလိုသည်များမေးမြန်းဆွေးနွေးခြင်း

ဆက်စပ် သတင်းများ