အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌဒေါက်တာဌေးအောင်နှင့် ဝန်ထမ်းများတွေ့ဆုံပွဲကျင်းပ

  • Wed, 31 May 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌဒေါက်တာဌေးအောင်နှင့် ဝန်ထမ်းများတွေ့ဆုံပွဲကျင်းပ


နေပြည်တော်၊ မေလ ၃၁ ရက်  

    ၂၀၂၃ ခုနှစ်၊ မေလ ၃၁ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းစားရိပ်သာ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌဒေါက်တာဌေးအောင်နှင့် ဝန်ထမ်းများတွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲသို့ ကော်မရှင်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းများနှင့် အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။ 

    ကော်မရှင်ဥက္ကဋ္ဌဒေါက်တာဌေးအောင်က အဖွင့်အမှာစကားပြောကြားရာ၌ ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးနှင့် လုံခြုံရေးကို အထူးဂရုစိုက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်သည့်ကိစ္စရပ်များကို တက်တက်ကြွကြွလုပ်ဆောင်ကြရန် တိုက်တွန်းလိုပါကြောင်း၊ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ရန်ပုံငွေ ထည့်ဝင်မှုများဖြင့် “မိဘနှင့် သားသမီး၊ ဆရာနှင့်တပည့် လစဉ်စောင့်ရှောက်ထောက်ပံ့ကူညီမှုအစီအစဉ်”အရ ဝန်ထမ်းများအား လစဉ်ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် လက်ရှိတာဝန်ယူ ထားသည့်နေရာမှ လုပ်ငန်းတာဝန်များကို နှံ့စပ်စွာသိရှိရန်လိုအပ်ပါကြောင်း၊ ဌာန၏နာမည် ဂုဏ်ပုဒ်နှင့်အညီ ကျင့်ကြံဆောင်ရွက်သွားကြရန်နှင့် ဝန်ထမ်းများအားလုံး စည်းလုံးညီညွတ်စွာဖြင့် တာဝန်ထမ်းဆောင်ကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

    ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌက ဇွန်လအတွက် “မိဘနှင့်သားသမီး၊ ဆရာနှင့် တပည့်လစဉ်စောင့်ရှောက်ထောက်ပံ့ကူညီမှုအစီအစဉ်”အရ အမှုထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ကော်မရှင်ရုံးအဖွဲ့၊ စီမံရေးရာဦးစီးဌာန၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များထံ ပေးအပ်ခဲ့ပါသည်။ ၎င်းနောက် ကော်မရှင်ရုံးအဖွဲ့နှင့် ဦးစီးဌာနများရှိ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။


ဆက်စပ် သတင်းများ