အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ

  • Mon, 23 January 2023

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ


မော်လမြိုင် ဇန်နဝါရီ ၂၃


 အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ခန်းမ၌ကျင်းပသည်။ ဆွေးနွေးပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပွားနိုင်ပြီး အဂတိလိုက်စားမှု ကျူးလွန်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အရေးယူခံရမည့်အပြင် ဂုဏ်သိက္ခာထိခိုက်ကျဆင်း စေနိုင်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သိရှိရှောင်ကြဉ်ရန်လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်အစိုးရနှင့် ပြည်သူများအကြား ယုံကြည်မှုတည်ဆောက်ရာတွင် အရေးပါသည့် ပေါင်းကူးတံတားသဖွယ်ဖြစ်သည့်အတွက် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူ/တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာ ဖြင့် မျှတစွာဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်ရေး စနစ်တစ်ခုကို အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့်သာ အကောင်အထည်ဖော် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေက အဂတိလိုက်စားမှုသည်  ကိုယ်ကျင့်တရားပျက်ယွင်းမှုကို အခြေခံခြင်းဖြစ်၍ နိုင်ငံတိုင်းသည် ဘာသာရေး၊လူမှုရေးကျင့်ဝတ်၊ ဓလေ့ထုံးတမ်း၊ စည်းမျဉ်းစည်းကမ်း၊ ဥပဒေများနှင့် ထိန်းကျောင်း တားဆီးနေကြကြောင်း၊ ကုလသမဂ္ဂ၏ Global Survey အရ အဂတိလိုက်စားမှုကြောင့် နှစ်စဉ် အမေရိကန်ဒေါ်လာ၃.၅ ထရီလီယံခန့်ဆုံးရှုံးနေကြောင်း။ 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို နိုင်ငံအလိုက်ဆောင်ရွက်ခဲ့ရာတွင် ၂၁ရာစုတွင် တစ်ကမ္ဘာလုံးပူးပေါင်းတိုက်ဖျက်ရန် လိုအပ်ကြောင်းတွေ့ရသဖြင့် ၂၀၀၃ခုနှစ် ကုလသမဂ္ဂအထွေထွေ ညီလာခံတွင်ဆွေးနွေးညှိနှိုင်းပြီး ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေးသဘော တူညီချက် United Nations Convention Against Corruption-UNCACကို ချမှတ်၍ ကမ္ဘာ့နိုင်ငံများ အလိုက်ဖြစ်ပေါ်နေသည့် အဂတိလိုက်စားမှုများ အချက်အလက်ကောက်ယူသုံးသပ်ခြင်း၊ တားဆီးကာကွယ်ထိန်းချုပ်တိုက်ဖျက်ရေးအတွက် အတွေ့အကြုံဖလှယ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း၊  မြန်မာနိုင်ငံအနေဖြင့် ၂၀၀၅ ခုနှစ်တွင် UNCAC ကို လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ကြောင်း။

 ကော်မရှင်က ချမှတ်ထားသည့်မဟာဗျူဟာရည်မှန်းချက်များ၏ အဓိကလုပ်ငန်းစဉ်(၃)ရပ် ဖြစ်သည့် အသိပညာပေးခြင်းနှင့် တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးဖော်ထုတ်အရေးယူခြင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းတို့ကိုဆောင်ရွက်ရကြောင်း၊ ကြိုတင်ကာကွယ်ခြင်းသည်ကုသခြင်းထက် ပိုမိုထိရောက်ကောင်းမွန်သည်ဆိုသည့်အတိုင်း အသိပညာပေးခြင်း၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ ကျင့်ဝတ်များ လိုအပ်သလိုပြင်ဆင်သတ်မှတ် လိုက်နာစေခြင်းတို့ဖြင့် အဂတိလိုက်စားမှုဖြစ်နိုင်ခြေကို လျှော့ချနိုင်ကြောင်း၊ ၂၀၁၉ ခုနှစ်ကစ၍ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU) ၁၄ ခုနှင့် စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းနှင့် ဝန်ကြီးဌာနအားလုံးတွင် CPU (၃၈) ခု၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင်  တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ရုံးများတွင် CPU (၁၄) ခု၊ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ကြောင်း။

 CPUအဖွဲ့များသည် လုပ်ထုံးလုပ်နည်း SOP များရေးဆွဲခြင်း၊ ဌာနနှင့်ပြည်သူကြားပွင့်လင်း မြင်သာမှုစနစ်တည်ဆောက်ခြင်း၊ ဌာနတွင်းအဂတိလိုက်စားမှု အခြေအနေဆန်းစစ်ခြင်း(CRA)၊ အများ ပြည်သူထံမှတုံ့ပြန်မှုရယူခြင်းအစီအစဉ်(Public Feedback Programme - PFP)တည်ဆောက်ခြင်း၊ တိုင်ကြားမှုစနစ် ထူထောင်ခြင်း၊ ဌာနနှင့်ဆက်စပ်ဆောင်ရွက်ရသည့်ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများတွင် ကျင့်ဝတ်(COC)ရေးဆွဲထားရှိရေး ပေါင်းစပ်ညှိနှိုင်းကြီးကြပ်ဆောင်ရွက်ခြင်း၊ ဥပဒေအရ အရေးယူဆောင်ရွက်သင့်သည့်ကိစ္စရပ်များကို ဌာနအကြီးအမှူးများထံတင်ပြပြီး ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ကော်မရှင်ကို လစဉ်တင်ပြခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်ကြရန်ဖြစ်ပြီး ကော်မရှင်က နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်များကူညီဆောင်ရွက်ပေးမည်ဖြစ်၍ မိမိတို့ဌာန အလိုက်ကိုက်ညီမည့် စနစ်၊ လုပ်ငန်းစဉ်များကို သတ်မှတ်ကျင့်သုံးဆောင်ရွက်ကြရန်ဖြစ်ကြောင်း။

ပြည်သူလူထုကို ဝန်ဆောင်မှုပေးသည့်အစိုးရဌာနရုံးများတွင် Data Entry Office - DEO များ ဖွင့်လှစ်၍ ဌာနသို့ ဝန်ဆောင်မှုယူသည့် ပြည်သူတစ်ဦးချင်းထံမှ ၎င်းတို့၏ မိုဘိုင်းဖုန်းနံပါတ်များ ရယူထားပြီး ဌာန၏ ဝန်ဆောင်မှုပေးခြင်းအပေါ် ကျေနပ်မှုရှိ/မရှိနှင့် အကြံပြုချက်ရှိက (SMS) အသုံးပြုပြီးပြန်ကြားရန် မေးမြန်းခြင်းဖြစ်၍ SMSပေးပို့ရာတွင် Short Code “1111”ကိုအခမဲ့ အသုံးပြုသည့်စနစ်ဖြစ်ကြောင်း၊ လာဘ်ပေးသူ/ယူသူကိုပါ အရေးယူမှသာ အဂတိလိုက်စားမှု လျော့ချနိုင်မည်ဖြစ်၍CPUအဖွဲ့များအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ကျယ်ကျယ်ပြန့်ပြန့်သိရှိ လိုက်နာကြရန်နှင့် ဒေသအလိုက်ပုဂ္ဂလိကလုပ်ငန်းများအနေဖြင့် ကိုယ်ပိုင်ကျင့်ဝတ် (COC)များ ရေးဆွဲရန် တိုက်တွန်း ဆောင်ရွက်သွားရန် ဖြစ်ကြောင်း ပြောကြားပါသည်။ 

 ဆွေးနွေးပွဲသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ များနှင့် အဖွဲ့ဝင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူများက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာများကို  ဇန်နဝါရီ ၂၄ တွင် မွန်ပြည်နယ် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ ( Corruption Prevention Unit- CPU) မှ အဖွဲ့ဝင်များကို ဆက်လက်ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။


ဆက်စပ် သတင်းများ