အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) နည်းပညာဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ အမှတ်စဉ် (၂/၂၀၁၉)ဖွင့်ပွဲအခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌပြောကြားသည့် အမှာစကား

  • Tue, 5 February 2019

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) နည်းပညာဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ အမှတ်စဉ် (၂/၂၀၁၉)ဖွင့်ပွဲအခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌပြောကြားသည့် အမှာစကား



အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU) နည်းပညာဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ  
အမှတ်စဉ်  ( ၂ /၂၀၁၉ ) ဖွင့်ပွဲအခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌပြောကြားသည့် အမှာစကား


နေပြည်တော်။                                                                                                                                                                                               ၂၄-၇-၂၀၁၉။


၁။    နှုတ်ခွန်းဆက်သခြင်း။


၂။    CPUများအနေဖြင့် အစိုးရဌာနများတွင် အဂတိလိုက်စားမှုများကို ထိရောက်စွာ တားဆီး ကာကွယ်နိုင်ကြမည်ဆိုလျှင် နိုင်ငံ့ဝန်ထမ်းများ၏ ဂုဏ်သိက္ခာမြင့်မားလာပါမည်။  အစိုးရ ဌာနများအပေါ် ပြည်သူလူထု၏ယုံကြည်မှု ပြန်လည်ရရှိလာမည့်အပြင် အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်းများကို  ပြည်သူလူထုလက်ခံနိုင်သည်အထိ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါသည်။ အဆိုပါရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခဲ့ကြသော CPU အဖွဲ့များသည် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၅ ရက်နေ့တွင်ပြုလုပ်ခဲ့သော  နည်းပညာဆိုင်ရာ ဆွေးနွေးပွဲ အမှတ်စဉ်(၁)၌ ရည်မှန်းချက်တာဝန်(၃)ရပ်ကို အများသဘောတူညီချက်ဖြင့် ချမှတ်ထားခဲ့ကြပြီးလည်းဖြစ်ပါသည်။ အဆိုပါ ရည်မှန်းချက်တာဝန်များမှာ (၁) ဌာနများတွင် အဂတိလိုက်စားမှုပြဿနာများကို စိစစ်ဖော်ထုတ်ရန် (၂) ဌာနအလိုက် လာဘ်ပေးလာဘ်ယူ ပြဿနာများကို CPU များက ဌာနဆိုင်ရာ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖြေရှင်းရန်နှင့် ကြီးမားသောပြဿနာများကို ကော်မရှင်သို့လွှဲပြောင်းပေးပို့ရန် (၃) အဂတိ လိုက်စားမှု ဘေးအန္တရာယ်ဖြစ်နိုင်ချေရှိသော ဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့်ညွှန်ကြားချက်များကို  အကဲဖြတ်သုံးသပ်ပြီး  ပြုပြင်ပြောင်းလဲ ရေးဆွဲပေးရန်တို့ပဲ ဖြစ်ပါတယ်။


၃။    ကော်မရှင်သည် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းရေးကို၂၀၁၈ ခုနှစ်၊ ဇူလိုင်လမှ စတင်ကြိုးစားအားထုတ်ခဲ့ရာ CPU ဖွဲ့စည်းရန် သင့် / မသင့်ကို ၆ လ တိုင်တိုင် အချေအတင်ဆွေးနွေးခဲ့ကြပြီး  နောက်ဆုံးတွင်  သဘောတူညီချက်ရရှိသဖြင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှစတင်၍  ဝန်ကြီးဌာန ၁၄ ခုတွင် ရှေ့ပြေးစီမံချက်အဖြစ်  စတင်ဖွဲ့စည်းခဲ့ကြပါသည်။ မိမိတို့၏စိတ်ဆန္ဒအလျောက် ထပ်မံဖွဲ့စည်းလာသည့် ဝန်ကြီးဌာနများရှိလာသဖြင့် ယခုအခါ ဝန်ကြီးဌာန(၁၈)ခုတွင် CPU( ၃၂ )ဖွဲ့ ဖွဲ့စည်းထားကြပြီးဖြစ်ပါသည်။ CPUများဖွဲ့စည်းခြင်းဖြင့် အများပြည်သူဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများကို  စစ်မှန်သောဒီမိုကရေစီအုပ်ချုပ်ရေးစနစ် နှင့်  မျှတသောယှဉ်ပြိုင်မှုရှိသည့် ဈေးကွက်စီးပွားရေးစနစ်တို့နှင့်အညီ လိုက်လျောညီထွေ ပြုပြင်ပြောင်းလဲလာနိုင်စေရေးတို့အတွက်  များစွာအထောက်အကူဖြစ်စေလိမ့်မည်ဟု ယုံကြည် ပါသည်။ ဝန်ကြီးဌာနများတွင် CPUများဖွဲ့စည်းခြင်းကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် များက  ကျယ်ပြန့်စွာဆွေးနွေးထောက်ခံခဲ့ကြသည့်အပြင် ပိုမိုထိရောက်မှုရှိစေရေးအတွက် တိုက်တွန်းချက်များလည်းရှိနေပါသည်။ တာဝန်ရှိသူများနှင့်ပြည်သူတစ်ရပ်လုံးက နှစ်စဉ် အကဲဖြတ်သုံးသပ်နိုင်ရန်ရည်ရွယ်၍ ကော်မရှင်အနေဖြင့်လည်း CPU တစ်ခုချင်းစီ၏ လုပ်ဆောင်ချက်များကို ကော်မရှင်၏နှစ်စဉ်အစီရင်ခံစာတွင်ဖော်ပြ၍ နိုင်ငံတော်သမ္မတနှင့် အကြီးအကဲများသာမက ပြည်သူလူထုတစ်ရပ်လုံးသို့လည်း ပွင့်လင်းမြင်သာစွာ အသေးစိတ် အစီရင်ခံတင်ပြသွားမှာဖြစ်ပါသည်။ သို့ဖြစ်ပါ၍ CPU များအနေဖြင့်  တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝဖြင့်  မိမိတို့၏ရည်မှန်းချက်တာဝန်များကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း  ပြောကြားလိုပါသည်။


၄။    CPU များသည် အချို့ဝန်ကြီးဌာနများတွင် ထိထိရောက်ရောက် စတင်လှုပ်ရှား ဆောင်ရွက် နေပြီဖြစ်ပြီး ယခု ဒုတိယအကြိမ်ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲတွင် CPU နည်းပညာနှင့် လက်သုံးကိရိယာများ တပ်ဆင်ပေးလိုက်မှာဖြစ်သဖြင့် မကြာမီတွင် ပြည်သူလူထုကိုပိုမို၍ ကျယ်ပြန့်စွာဝန်ဆောင်မှုပေးနိုင်တော့မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် အစိုးရရုံးဌာနများ၌  CPU များဖွဲ့စည်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းကို ပြည်တွင်းအဖွဲ့အစည်းများသာမက ကုလသမဂ္ဂအေဂျင်စီများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းများနှင့် ဒီမိုကရေစီနိုင်ငံများမှသံတမန်တချို့က ထောက်ခံကြောင်း  တရားဝင် ထုတ်ဖော်ပြောကြားမှုများရှိခဲ့ကြပြီး မျှော်လင့်ချက်များစွာ  ထားရှိနေကြကြောင်းကိုလည်း  တွေ့ရှိနေရပါသည်။    

                                     
၅။    ပြီးခဲ့တဲ့ ၂၀၁၉  ခုနှစ်၊ ဇွန်လ ( ၂၉ ) ရက်နေ့က ထုတ်ဖော်သတင်းပေးသူများအား  ထိရောက်စွာ အကာအကွယ်ပေးရေး အိုဆာကာအခြေခံစည်းမျဉ်း ( ၁၂ ) ချက်ကို G 20 ထိပ်သီး အစည်းအဝေးတွင် အတည်ပြုထုတ်ပြန်ကြေငြာခဲ့ရာ၌ "အဖွဲ့အစည်းများသည် ဌာနတွင်း တင်ပြချက်များကို လွတ်လပ်စွာလက်ခံခြင်း၊ အကဲဖြတ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် အရေးယူ ဆောင်ရွက်ခြင်းတို့ကိုပြုလုပ်နိုင်သည့် ဌာနတွင်းလမ်းကြောင်းများကို ဖန်တီးဖွင့်လှစ်     ပေးထားရန်လိုအပ်ကြောင်း၊ ယင်းဌာနတွင်းတင်ပြချက်များသည် အများပြည်သူလူထု၏ အကျိုးစီးပွားအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်မှုကို စောစီးစွာနှင့်ထိရောက်စွာဖြေရှင်းပေးနိုင် သည်ဖြစ်၍ အားပေးထောက်ခံကြောင်း" ဖော်ပြချက်တစ်ရပ်ပါရှိလာသည်ကို ကော်မရှင်က ကောင်းစွာသတိပြုမိပါသည်။ မိမိတို့နိုင်ငံတွင် CPU များ ဖွဲ့စည်းခြင်းသည် အများပြည်သူ အကျိုးစီးပွားအတွက် မိသားစုစိတ်ဓာတ်နှင့် ဌာနတွင်းပေါင်းကူးဆောင်ရွက်ပေးနေသော ဆက်သွယ်ရေးလမ်းကြောင်း တစ်ခုကို ဖွင့်လှစ်ပေးခြင်းပင်ဖြစ်သည်မှာ ထင်ရှားပါကြောင်း ပြောကြားလိုပါသည်။


၆။    ယနေ့ဖွင့်လှစ်တဲ့ နည်းပညာဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ( ၂ / ၂၀၁၉ )တွင် ဘာသာရပ်   အသစ်များအနက် ကမ္ဘာ့ဘဏ်အုပ်စု၊ မြန်မာနိုင်ငံဆိုင်ရာရုံးကCPU Toolkit အဖြစ်လွှဲပြောင်း ပေးအပ်မည့်(Proactive Beneficial Engagement – PBE) လုပ်ငန်းသုံးပရိုဂရမ်တစ်ခုလည်း ပါဝင်မှာဖြစ်ပါသည်။ ဤပရိုဂရမ်သည် မိမိတို့၏လိုအပ်ချက်နှင့်အညီ အသေးစားအဂတိ လိုက်စားမှုများကိုတိုက်ဖျက်ရာတွင် များစွာအသုံးဝင်လာမှာဖြစ်ပါသည်။ CPU အဖွဲ့များ အနေဖြင့် ဤ ICT နည်းပညာသုံး CPU Toolkit ကို လက်တွေ့ထိရောက်စွာ အသုံးချခြင်းဖြင့် နိုင်ငံ့ဝန်ထမ်းများကို နှစ်ကာလများစွာ ဂုဏ်သိက္ခာကျဆင်းစေခဲ့ပြီး အစိုးရဌာနများအပေါ် ယုံကြည်မှုဆုံးရှုံးစေခဲ့သည့်  အသေးစားအဂတိလိုက်စားမှုအများအပြားကို ကောင်းစွာ တိုက်ဖျက်ပစ်နိုင်မှာဖြစ်ပါသည်။ ထို့အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးတွင်ဖြန့်ကျက်ထားသော ရုံး / ဌာနများကို လက်လှမ်းမမှီနိုင်ဖြစ်နေကြသော ဌာနချုပ်မှတာဝန်ရှိသူတချို့အတွက် အဆင်ပြေမှုသာမက တာဝန်ယူရမှုများလည်း ပိုမိုရရှိလာစေမည်ဖြစ်ပါတယ်။ ဤနည်းပညာသည် CPU အဖွဲ့ဝင်များနှင့် ဝန်ဆောင်မှု ရယူသောပြည်သူတစ်ဦးချင်းတို့ကို တိုက်ရိုက်ချိတ်ဆက်ပေးပြီး မိမိရုံးဌာနတာဝန်ကို အလွဲသုံးစားပြုလုပ်နေသော မည်သည့် တိုင်းဒေသ/ ပြည်နယ်/ မြို့နယ်/ ရပ်ကျေးရုံးမှ ဝန်ထမ်းကိုမဆို  ပြုပြင်ထိန်းကျောင်း အရေးယူခြင်းပြုနိုင်သည့် နည်းပညာဖြစ်ပါသည်။ အဆိုပါနည်းပညာအတွက်  တစ်ခုတည်းသောလိုအပ်ချက်မှာ CPUများအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ယုံကြည်မှုရှိစွာဖြင့် တာဝန်ပေးအပ်ခြင်းပင်ဖြစ်ပါကြောင်း  ပြောကြား လိုပါသည်။


၇။    အဂတိလိုက်စားမှုသည် မြန်မာနိုင်ငံတွင် လွန်ခဲ့သောနှစ်အနည်းငယ်လောက်ကမှ ဘေးအန္တရာယ်(Risk)ကြီးမားတဲ့အလုပ်တစ်ခုအဖြစ် လူအများက အသိအမှတ်ပြုလာကြခြင်း ဖြစ်ပါသည်။ စောစောပိုင်းကာလများက အဂတိလိုက်စားမှုများကို ဖော်ထုတ်အရေးယူခြင်း သည် မဆိုစလောက်သာဖြစ်ခဲ့သည့်အပြင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးတို့ဆိုသည်မှာလည်း  မရှိသလောက်ရှားခဲ့ပါသည်။ သို့သော်ယခုအခါ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးခရီး ရှေ့ကိုပိုရောက်လာသည်နှင့်အမျှ အဂတိလိုက်စားမှုရှိခဲ့လျှင် ဖော်ထုတ်အရေးယူခြင်းခံရမည့် ဘေးအန္တရာယ်သည် လျော့ပါးပျောက်ကွယ်သွားရန် အကြောင်းမရှိတော့ဘဲ ပိုမိုကြီးမားလာရန်သာရှိပါသည်။ ထို့ကြောင့် ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများသည် အဂတိလိုက်စားမှုဘေးအန္တရာယ်ကို မိမိအပါအဝင် မိမိဌာန အဖွဲ့အစည်းများအပေါ်သို့ ကျရောက်မလာစေရန်အတွက် အထူးသတိဝီရိယရှိကြဖို့ လိုအပ် ပါသည်။ ဤနေရာတွင် အစိုးရဌာနများအား သင့်တင့်ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်သို့ ပြုပြင်ပြောင်းလဲပေးနိုင်ရေး မိသားစုစိတ်ဓာတ်ဖြင့်ထောက်ကူပေးနိုင်သော အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့(CPU)များ၏   လုပ်ငန်းတာဝန်များအောင်မြင်ရေးသည်  ပို၍ အရေးကြီးလာပါသည်။ CPU များ၏ လုပ်ငန်းတာဝန်သည် မိမိဌာနအဖွဲ့အစည်းအား အဂတိလိုက်စားမှုကြောင့်ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များမှ ကင်းဝေးစေရန်ဖြစ်သလို အများပြည်သူအကျိုးစီးပွားကို အကာအကွယ်ပေးနိုင်ရန်လည်းဖြစ်သည့်အတွက် ဌာန အကျိုးနှင့် အများပြည်သူအကျိုးတို့ တစ်ထပ်တည်းဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် CPU ၏လုပ်ငန်းတာဝန်များအပေါ် ဒွိဟသံသယပွားမနေကြတော့ဘဲ တာဝန်ရှိသူအကြီးအကဲများ နှင့်တကွ နိုင်ငံ့ဝန်ထမ်းများပါ CPU ၏ ရည်မှန်းချက်များအတိုင်း စေတနာထား ပူးပေါင်း ဆောင်ရွက်ပေးသွားကြပါရန် မေတ္တာရပ်ခံရင်း နိဂုံးချုပ်လိုက်ပါသည်။
    

ဆက်စပ် သတင်းများ