မော်လမြိုင်မြို့၌ ကျင်းပသည့် "အုပ်ချုပ်ရေးနှင့် စီးပွားရေးဆိုင်ရာ တာဝန်ယူမှု" ခေါင်းစဉ်ဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ကော်မရှင်ဉက္ကဋ္ဌ၏ အမှာစကား

  • Mon, 24 June 2019

မော်လမြိုင်မြို့၌ ကျင်းပသည့် "အုပ်ချုပ်ရေးနှင့် စီးပွားရေးဆိုင်ရာ တာဝန်ယူမှု" ခေါင်းစဉ်ဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ကော်မရှင်ဉက္ကဋ္ဌ၏ အမှာစကား



၂၄-၆-၂၀၁၉


ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် က ကော်မရှင်အနေဖြင့် “အုပ်ချုပ်ရေးနှင့်စီးပွားရေးဆိုင်ရာ တာဝန်ယူမှု”ခေါင်းစဉ်ဖြင့် ဤအလုပ်ရုံဆွေးနွေးပွဲကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် လာရောက် ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ကော်မရှင်အား   သန့်ရှင်းသောအစိုးရ နှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ဖြစ်ထွန်းလာစေရန်၊ အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာစေရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေး  ဥပဒေပုဒ်မ ၄ (ခ) နှင့် ၄(ဂ)တို့၌ သတ်မှတ်တာဝန်ပေးထားသဖြင့် ၎င်းတာဝန်နှင့်အညီ အဂတိ      လိုက်စားမှု တိုက်ဖျက်ရေးအတွက် ပညာပေးရေး လုပ်ငန်းများကို တိုင်းဒေသကြီးများနှင့် ပြည်နယ် များတွင် အစိုးရအဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးဌာနများမှ ဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းများမှ တာဝန်ရှိ သူများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ဖြစ်ကြောင်း၊ တာဝန်ယူမှုရှိခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် တုံ့ပြန်ဖြေကြားရခြင်းတို့သည် တစ်ဆက်တည်း ရှိနေကြသော ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်၏ အင်္ဂါရပ်များဖြစ်သည့်အပြင် ၎င်းအချက်များသည် နိုင်ငံတစ်နိုင်ငံ၏ ဒီမိုကရေစီ ရေချိန်ကိုမြှင့်တင်ပေးနိုင်သော တစ်နည်းအားဖြင့် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ် အောင်မြင်ချောမွေ့စေရေးအတွက် ထမ်းရွက်ပေးနိုင်သော ဝင်ရိုးတစ်စုံ ဖြစ်နေ ပါကြောင်း၊ "တာဝန်ခံမှုရှိခြင်း" သည် မိမိဌာန၊ မိမိလုပ်ငန်း၊ မိမိလူမှုအဖွဲ့အစည်းဆိုသည့် ပုဂ္ဂလိက အကျိုးစီးပွား နယ်ပယ်ထက်များစွာကျော်လွန်၍ တွေးတောဆင်ခြင် ရှုမြင်နိုင်စွမ်းရှိရခြင်း တည်းဟူသော အရည်အချင်းတစ်ရပ် ပါဝင်ရန် လိုအပ်ပါကြောင်း၊

"တာဝန်ယူမှုရှိြခင်း"ဆိုသည်မှာ ထုတ်ပြန်ထားသော တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းလုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက် တို့ကိုသိရှိနားလည်ခြင်း၊ လိုက်နာဆောင်ရွက်ခြင်းမျှလောက်ဖြင့် လုံလောက်ခြင်းမရှိဘဲ အများ ပြည်သူလူထုနှင့် ထိတွေ့လုပ်ဆောင်မှုများတွင်ဖြစ်စေ၊ လုပ်ငန်းဌာနအချင်းချင်း၊ အဖွဲ့အစည်း အချင်းချင်း၊ လုပ်ငန်းဌာနနှင့် အဖွဲ့အစည်းကြား အပြန်အလှန်ထိတွေ့လုပ်ဆောင်မှု အားလုံးတွင် ဖြစ်စေ အများ ပြည်သူလူထု၏ အကျိုးစီးပွားအတွက်သာလျှင် အမြင့်မားဆုံးမျှော်မှန်းပြီး အမြင့်မားဆုံး တန်ဖိုးထားရှိရမှာဖြစ်ပါကြောင်း၊ စီးပွာရေးလုပ်ငန်းများ အနေဖြင့်ပွင့်လင်းမြင်သာမှုရှိသော တာဝန်ယူမှု ရှိသော ကော်ပိုရိတ်စီမံအုပ်ချုပ်မှု အလေ့အထများ ၊ (Corporate Governance Practices) ကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခြင်းဖြင့် ပုဂ္ဂလိက ကဏ္ဍတွင် အကျိုးကျေးဇူး ဖြစ်ထွန်း စေမှာဖြစ်ပါကြောင်း ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများလည်း များစွာတိုးတက်လာစေမှာ ဖြစ်ပါကြောင်း၊ အရပ်ဘက်အဖွဲ့အစည်းများကလည်း မိမိတို့ကိုယ်တိုင် အစိုးရဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုရှိရေး တိုက်တွန်းနေကြသူများဖြစ်ရာ ကမ္ဘာလုံးဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်းများတွင် တာဝန်ယူမှု ရှိခြင်းဆိုင်ရာ ပဋိညာဉ်များ၌ ပြဌာန်းထားသည့် အခြေခံမူများကို လိုက်နာကျင့်သုံးလျှက် မိမိတို့ကိုယ်တိုင်ကလည်း ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုတို့ကို မြှင့်တင် သွားနိုင်ကြလိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်စပ် သတင်းများ