“ဖြောင့်မတ်တည်ကြည်မှု” လူငယ်စခန်း (၂၀၁၉) ဖွင့်ပွဲတွင်ပြောကြားသော အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ၏ အမှာစကား

  • Mon, 3 June 2019

“ဖြောင့်မတ်တည်ကြည်မှု” လူငယ်စခန်း (၂၀၁၉) ဖွင့်ပွဲတွင်ပြောကြားသော အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ၏ အမှာစကား



“ဖြောင့်မတ်တည်ကြည်မှု” လူငယ်စခန်း (၂၀၁၉) ဖွင့်ပွဲတွင်ပြောကြားသော အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ၏ အမှာစကား


နေရာ။ သင်္ဂဟဟိုတယ်၊နေပြည်တော်။                                                                                                                                                  ရက်စွဲ။ ၃ - ၆ - ၂၀၁၉ ။
 
၁။    နှုတ်ခွန်းဆက်သခြင်း။


၂။    အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းဆိုတာ  အဂတိလိုက်စားမှု သို့မဟုတ် အကျင့်ဖောက်ပြန်မှုနှင့် ဖြောင့်မတ် တည်ကြည်မှုတို့အကြားမှာ အချိန်ကာလ အလွန် ရှည်ကြာစွာ ယှဉ်ပြိုင်နေရတဲ့ ပြိုင်ပွဲကြီးတစ်ခုလိုပဲဖြစ်ပါတယ်။ မြန်မာပြည်မှာ ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပြဋ္ဌာန်းပြီးတဲ့ကာလနောက်ပိုင်း  ဒီပြိုင်ပွဲကြီးစတင်ခဲ့တာဖြစ်ပြီး


၃။    အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းနယ်ပယ်မှာ အချိန်တိုအတွင်း အလွယ်တကူ အနိုင်ရနိုင်တယ်ဆိုတဲ့ (quick fix) အယူအဆများစွာရှိကြသော်လည်း ဘယ်နည်းလမ်းကမှ အောင်မြင်မယ်၊ တာရှည်ခံမယ်လို့ အာမခံနိုင်ခြင်းမရှိကြပါဘူး။ အသေအချာ ပြောနိုင်တာကတော့ နောက်မျိုးဆက်တွေကာလအထိ ဒီအကျင့် ဖောက်ပြန်မှုနဲ့ ဖြောင့်မတ်တည်ကြည်မှုယှဉ်ပြိုင်ပွဲကြီးက ဆက်လက်တည်ရှိနေဦး မှာဖြစ်ပြီး အဲဒီအချိန်ကျရင် ဖြောင့်မတ်တည်ကြည်မှုဘက်က အသေအချာ အနိုင်ရရှိအောင် လုပ်နိုင်ဖို့က နိုင်ငံတော်အတွက်အရေးကြီးတယ်လို့ ပြောချင် ပါတယ်။

၄။    အလွှာအသီးသီးမှာရှိနေကြတဲ့လူငယ်တွေမှာ မြန်မာနိုင်ငံလူ့အဖွဲ့အစည်းအတွင်းသို့  ဖြောင့်မတ်တည်ကြည်သောယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာရအောင် ပြုပြင် ပြောင်းလဲပေးနိုင်တဲ့ အခြေခံအရည်အချင်းတွေ ရှိနေကြပါတယ်။ သို့သော်လည်း တချိန်တည်းမှာပဲ  သူတို့ကိုယ်တိုင်ဟာ တစ်နိုင်ငံလုံးမှာပျံ့နှံ့နေတဲ့၊ ဓလေ့ထုံးတမ်း သဖွယ်ဖြစ်နေတဲ့ (Systemic Corruption)ကြောင့် အဂတိလိုက်စားမှု သို့မဟုတ် အကျင့်ဖောက်ပြန်မှု ပုံစံတစ်မျိုးမျိုးရဲ့အန္တရာယ်ကနေ လုံးလုံးလျားလျား မလွတ်ကင်း နိုင်ကြသေးပဲရှိနေကြပါသေးတယ်။ ဒါကြောင့် ပြုပြင်ပြောင်းလဲရေးကိုလိုလားသော ကျွန်တော်တို့လိုရှေ့လူတွေက   နောက်လူငယ်တွေကို အကျင့်ဖောက်ပြန်မှုရဲ့ဆိုး ကျိုး အန္တရာယ်များအကြောင်းကို ရှင်းရှင်းလင်းလင်း နားလည်သဘော ပေါက်အောင် လက်ဆင့်ကမ်းမျှဝေပေးရမယ့်တာဝန်ရှိတဲ့အပြင် ဒီလိုအကျင့် ဖောက်ပြန်မှုတွေကို တိုက်ဖျက်နိုင်တဲ့ သူတို့ရဲ့စွမ်းဆောင်ရည်တွေကို မြှင့်တင် ပေးဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ သူတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးမဟာဗျူဟာ အကောင်အထည်ဖော်ရာတွင်ဖြစ်စေ၊ အခြားမူဝါဒဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်ဖြစ်စေ တစ်စုံတစ်ရာ လုပ်နိုင်ကိုင်နိုင်၊ ပါဝင်ဆွေးနွေး ဆုံးဖြတ်နိုင်သူတွေအဖြစ် ပါဝင်ခွင့်ပေးရမှာ ဖြစ်ပါတယ်။

၅။    ကမ္ဘာပေါ်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အင်တိုက်အားတိုက် ဆောင်ရွက် နေကြသော ဒီမိုကရေစီနိုင်ငံများကို လေ့လာကြည့်မည်ဆိုလျှင် သူတို့မှာ အခြား ဆောင်ရွက်စရာအရေးကြီးလုပ်ငန်းတွေ အများအပြားရှိနေသည့်ကြားက လူငယ်များ ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအစီအစဉ်များနှင့်  ဖြောင့်မတ်တည်ကြည်မှု ဆိုင်ရာ လူငယ်လှုပ်ရှားမှုများကို အားပေးလျက်ရှိနေကြတာကို တွေ့မြင်ရမှာဖြစ် ပါသည်။ ဒါမှလည်း နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်များတွင် လက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိကြသော မျိုးဆက်များရဲ့နေရာသို့ မကြာမီ တက်ရောက် နေရာယူလာကြမည့် မျိုးဆက်သစ်လူငယ်များသည် “ အဂတိကင်း၍ ဖြောင့်မတ် တည်ကြည်မှုရှိသော ယဉ်ကျေးမှုတစ်ရပ် ” ကို   သူတို့ကိုယ်တိုင် သယ်ယူတပ်ဆင် ပေးနိုင်စွမ်း  ရှိလာကြမှာဖြစ်ပါသည်။

၆။    လူငယ်များသည် ပြဿနာများကိုဖြေရှင်းရာတွင် လူကြီးများထက်ပို၍ တီထွင်ဖန်တီးမှု ရှိကြပါသည်။ ထို့ကြောင့် သူတို့၏အဂတိလိုက်စားမှုတိုက်ဖျက်ရေး အားထုတ်မှုများ သည် ပိုမိုဆန်းသစ်ခြင်း၊ ခေတ်မီနည်းပညာအသစ်များကို ပိုမိုကောင်းမွန်စွာအသုံးချ နိုင်ခြင်းတို့ဖြင့် အဂတိလိုက်စားမှုပုံစံအမျိုးမျိုးကို ပိုမိုထိရောက်စွာ တိုက်ဖျက်သွားနိုင် ကြလိမ့်မည်ဟု ကျွန်တော်တို့ ကောင်းစွာ ယုံကြည်နိုင်ပါသည်။

၇။    ကော်မရှင်အနေဖြင့် မျက်မှောက်ကာအတွက်သာမက  နောင်ရှည်လျားစွာသော အနာဂတ်ကာလအတွက်ပါမျှော်မှန်းလျက် အဂတိလိုက်စားမှု သို့မဟုတ် အကျင့် ဖောက်ပြန်မှုသည် မြန်မာနိုင်ငံတွင် လုံးဝပြန်လည်နာလန်မထူ လာနိုင်စေရေး အတွက် အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ ဤ “ဖြောင့်မတ် တည်ကြည်မှု” လူငယ်စခန်းကို နိုင်ငံတော်သမ္မတရုံး၏ခွင့်ပြုချက်၊ ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနတို့၏ ပံ့ပိုးကူညီမှု၊ UNODC ၏ နည်းပညာအကူအညီတို့ဖြင့် ဖွင့်လှစ်ပေးခဲ့ခြင်းသည် အဆိုပါအစီအစဉ်များမှ တစ်ခုဖြစ်ကြောင်း ဖော်ပြလိုပါသည်။

၈။    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ဆောင်ရွက် ရန်ဟူ၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄(က) တွင် ပြဋ္ဌာန်းထား သည်နှင့်အညီ ကော်မရှင်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကိုဆောင်ရွက်ရာတွင် ကော်မရှင်တစ်ခုတည်းဖြင့် ပြီးမြောက် အောင်မြင်သည်အထိ မဆောင်ရွက်နိုင်သည်ဖြစ်၍ ယခုကဲ့သို့ လူငယ်တို့၏ ပါဝင်ဆောင်ရွက်မှုကို လက်ကမ်း ကြိုဆိုရမှာဖြစ်ပါသည်။ သို့သော် လူငယ်တို့၏ ပါဝင်ဆောင်ရွက်မှုတိုင်းသည် ကျင့်ဝတ် နှင့်အညီဖြစ်စေရန်လည်း လိုအပ်ပါသည်။ ဖြောင့်မတ်တည်ကြည်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာသင့်သည့် “ကျင့်ဝတ်” များကိုလည်း ဤစခန်းကာလအတွင်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်မည်ဟု ကော်မရှင်ကမျှော်လင့်ထား ပါသည်။ သို့ဖြစ်ပါ၍  “ဖြောင့်မတ်တည်ကြည်မှု” ဆိုင်ရာလူငယ်စခန်းက ဖော်ဆောင် သွားရန် သတ်မှတ်ထားသည့်ရည်ရွယ်ချက်များမှာ (၁) အဂတိလိုက်စားမှုတိုက်ဖျက် ရာတွင် လူငယ်တို့၏ ပါဝင်ဆောင်ရွက်နိုင်မှုအခန်းကဏ္ဍကို အသိအမှတ်ပြုရန်      (၂) အဂတိလိုက်စားမှု တိုက်ဖျက်ရေးမဟာဗျူဟာ အကောင်အထည်ဖော်ရာတွင် လူငယ်ထုပါဝင်နိုင်ရေးအတွက် စဉ်းစားဆောင်ရွက်ပေးရန် (၃) အဂတိလိုက်စားမှု တိုက်ဖျက်ရေး သို့မဟုတ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးလုပ်ငန်းများ ဆောင် ရွက်ရာတွင် လူငယ်တို့လိုက်နာသင့်သောကျင့်ဝတ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် တို့ပဲဖြစ်ပါတယ်။

၉။      စခန်းကာလသည် တိုတောင်းသော်လည်း ဆွေးနွေးပွဲနည်းစနစ်သစ်များအရ လည်းကောင်း၊ လူငယ်တို့၏နိုးကြားတက်ကြွမှုနှင့် ပူးပေါင်းဆောင်ရွက်ပေးကြသော ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းအသီးသီး၏ ကြိုးပမ်းအားထုတ်မှုများကြောင့် လည်းကောင်း  အထက်ပါရည်ရွယ်ချက်အားလုံးကို အောင်မြင်ထမြောက်စေနိုင်မည့် အပြင် ပါဝင်တက်ရောက်လာကြသော လူငယ်တစ်ဦးချင်းရဲ့ စိတ်နေစိတ်ထားများ ပိုမိုကြည်လင်လန်းဆန်းလာစေပြီး ဖြောင့်မတ်တည်ကြည်မှုတန်ဖိုးများ  ထာဝရ စွဲမြဲသွားစေလိမ့်မည်ဟု  ယုံကြည်ပါကြောင်းပြောကြားရင်း  နိဂုံးချုပ်အပ်ပါသည်။



ဆက်စပ် သတင်းများ