ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအုန်းဝင်းနှင့် ဦးဝင်းခိုင်၊ ဒုဝန်ကြီးဟောင်း ဒေါက်တာထွန်းနိုင်၊ အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးဟောင်း၊ လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးတို့အပေါ် အမှုဖွင့်လှစ်အရေးယူ

  • Tue, 26 April 2022

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ တီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံအတွက် လိုအပ်သော ကျောက်မီးသွေး ထုတ်လုပ်ခြင်း၊ ရောင်းချခြင်းဆောင်ရွက်ချက်များတွင် အဂတိလိုက်စားမှုများ ရှိနေသောကြောင့် ဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ပါသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏စစ်ဆေးတွေ့ရှိချက်အရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ်(၁) သတ္တုတွင် းလုပ်ငန်းနှင့် ပုဂ္ဂလိက ကုမ္ပဏီတစ်ခု တို့သည် တီကျစ်ကျောက်မီးသွေးအကြီးစားထုတ်လုပ်မှုအပေါ်  နိုင်ငံတော်မှ ၃၀ ရာခိုင်နှုန်း၊ ပုဂ္ဂလိကမှ ၇၀ရာခိုင်နှုန်းဖြင့် ခွဲဝေခံစားသည့် လုပ်ငန်းဆောင်ရွက်ရာတွင် နိုင်ငံတော်သို့ပေးသွင်းသည့် ဓာတ်သတ္တုခွန် နှစ်ရာခိုင်နှုန်းအား ဓာတ်သတ္တုများ ရောင်းချသည့်အခါ ပြောင်းလဲလာသည့် နှစ်အလိုက် သတ်မှတ်ထားသည့် ဓာတ်သတ္တု ထုတ်လုပ်မှု တစ်တန်ရောင်းဈေး (၂၀၁၈-၂၀၁၉ ခုနှစ်တွင် တစ်တန်လျှင် ၄၈,၁၀၀ ကျပ်၊ ၂၀၁၉-၂၀၂၂ ခုနှစ်အထိ တစ်တန်လျှင် ၅၆,၅၀၀ ကျပ်) အပေါ် ပြင်ဆင်ကောက်ခံရမည်ဖြစ်သော်လည်း ၁၂-၁-၂၀၁၇ ရက်နေ့တွင်ကျင်းပပြုလုပ်သည့် ဝန်ကြီးဌာနစီမံခန့်ခွဲမှုကော်မတီအစည်းအဝေး ၁/၂၀၁၇ ဆုံးဖြတ်ချက်အတိုင်း ကျောက်မီးသွေး ထုတ်လုပ်မှု တစ်တန်ရောင်းဈေး ၁၂,၀၀၀ ကျပ်နှုန်းအပေါ်တွင်သာ တွက်ချက်ကောက်ခံ ခဲ့သောကြောင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ နှစ်အလိုက် ထုတ်လုပ်သည့် ကျောက်မီးသွေး တန်ချိန် ၂၃ သိန်း ကျော်အတွက် ဓာတ်သတ္တုခွန် ငွေကျပ်သန်း ၁,၉၀၀ ကျော်နှင့် နိုင်ငံတော်မှ ရရှိမည့် ထုတ်လုပ်မှုအချိုး ၃၀ ရာခိုင်နှုန်းအပေါ် ငွေကျပ်သန်း ၁၄,၀၀၀ ကျော် လျော့နည်း ရရှိခဲ့ပြီး နိုင်ငံတော်မှ စုစုပေါင်း ငွေကျပ်သန်း ၁၅,၉၀၀ကျော် နစ်နာမှုဖြစ်ပေါ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအုန်းဝင်း အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ စာချုပ် ချုပ်ဆိုစဉ် လက်မှတ်ရေးထိုးပြီး လုပ်ငန်းအကောင်အထည် ဖော်မှုများအပေါ် ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသည့် အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးဟောင်း ဦးကျော်ဆန်း နှင့် နိုင်ငံတော်နစ်နာမှုများဖြစ်စေရန် အကျိုးတူပူးပေါင်းဆောင်ရွက်ခဲ့သည့် ကုမ္ပဏီဥက္ကဋ္ဌ ဦးချစ်ခိုင် တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅/၆၃ အရ လည်းကောင်း၊

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် ပုဂ္ဂလိက ကုမ္ပဏီတို့သည် ကျောက်မီးသွေးဝယ်ယူခြင်း စာချုပ် ချုပ်ဆိုရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ ကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ တစ်တန်ဈေးနှုန်း တွက်ချက်သတ်မှတ်ရာ၌ ထုတ်လုပ်မှုပမာဏကို စာချုပ်ပါ တစ်ရက် ပုံမှန်ထုတ်လုပ် ပေးသွင်းနိုင်စွမ်းရှိသည့် တန်ချိန် ၂,၀၀၀ ဖြင့် လျာထားတွက်ချက်မှုမပြုဘဲ တစ်ရက် တန်ချိန် ၁,၇၅၀ ဖြင့် ထုတ်လုပ်မှု လျော့နည်းတွက်ချက်၍ တစ်တန်ဈေးနှုန်းတိုးမြှင့်တင်ပြခဲ့ခြင်း ကြောင့် တစ်တန်လျှင် ငွေ ၅,၈၀၉.၁၂ ကျပ်နှုန်း ပိုမိုကုန်ကျခဲ့၍ ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဌာနမှဝယ်ယူခဲ့သည့် တန်ချိန် ၁၄ သိန်းကျော်အတွက် ငွေကျပ် ၈,၂၀၀ သန်းကျော်နှင့် တစ်တန်ဈေးနှုန်းတွင် ကုမ္ပဏီမှပေးဆောင်ရမည့် ဝင်ငွေခွန်ကို ထည့်သွင်းတွက်ချက်ပေးခဲ့ သဖြင့် ဝင်ငွေခွန် ငွေကျပ်သန်း ၁,၂၀၀ ကျော်၊ စုစုပေါင်း ငွေကျပ်သန်း ၉,၄၀၀ ကျော် နိုင်ငံတော်မှ နစ်နာခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးဝင်းခိုင်နှင့် ဒုတိယဝန်ကြီးဟောင်း ဒေါက်တာထွန်းနိုင် တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ စာချုပ်ပါ သတ်မှတ်ချက်အတိုင်း လိုက်နာအကောင်အထည်ဖော်ရန်နှင့် ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသည့် လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦး နှင့် နိုင်ငံတော် နစ်နာမှုများဖြစ်စေရန် အကျိုးတူပူးပေါင်းဆောင်ရွက်ခဲ့သည့် ကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးဝင်းမင်းခိုင် တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ  ပုဒ်မ ၅၅/၆၃ အရ လည်းကောင်း နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မရဲစခန်းတွင်     ၂၅-၄-၂၀၂၂ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။


ဆက်စပ် သတင်းများ