နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်၊ ဒုတိယဥက္ကဋ္ဌဟောင်း ဦးရဲမင်းဦး နှင့် ကော်မတီဝင်ဟောင်း ဦးဆန်းနိုင် တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

  • Tue, 19 April 2022

နေပြည်တော် ဧပြီလ ၁၉ ရက်

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများအပေါ် တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ပါသည်။ 

    စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌနှင့် မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်၊ ကော်မတီဝင်(၅)ဟောင်း ဦးဆန်းနိုင် တို့သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ပုဗ္ဗသီရိမြို့နယ်၊ ဉာဏဒီပရပ်ကွက်ရှိ မြေကွက် ၉၆ ကွက် ဖော်ထုတ်ခြင်းနှင့် ရေပိုက်လိုင်းသွယ်တန်းခြင်းတို့ကို ဆောင်ရွက်ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ၄-၅-၂၀၁၈ ရက်စွဲပါစာအမှတ်၊ ၁၂၆(၁)/၈/သမ္မတရုံးဖြင့် ထုတ်ပြန် ထားသော နိုင်ငံတော်ပိုင်မြေကွက်များ ရောင်းချရငွေများကို နိုင်ငံတော်သို့သာ ပေးအပ်ရန် ဟူသော ညွှန်ကြားချက်နှင့် နိုင်ငံတော်သမ္မတရုံး၏ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ တို့ကို လိုက်နာခြင်းမရှိဘဲ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ အထွေထွေမြေကွက်များ ရောင်းချရသည့်ငွေမှ ငွေကျပ်သိန်း ၁၈၀၀၀ ကျော်ကို သုံးစွဲခဲ့ခြင်းကြောင့် နိုင်ငံတော်အနေဖြင့် ငွေကျပ်သိန်း ၁၈၀၀၀ ကျော် နစ်နာဆုံးရှုံးခဲ့ကြောင်း၊

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်၊ ကော်မတီဝင်(၅)ဟောင်း ဦးဆန်းနိုင် တို့သည် ပုဗ္ဗသီရိမြို့နယ်၊ ဉာဏဒီပရပ်ကွက်ရှိ မြေကွက် ၉၆ ကွက် ဖော်ထုတ်ခြင်းနှင့် ရေပိုက်လိုင်းသွယ်တန်းခြင်းတို့ကို ဆောင်ရွက်ရာတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ဆောင်ရွက်ပေးရန် မလိုသည့် ပုဂ္ဂလိကပိုင်မြေ ၉၆ ကွက်ကို မြေကြီး Level ညှိခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတော်အနေဖြင့် ပြည်သူ့ဘဏ္ဍာငွေကျပ်သိန်း ၇၈၀၀ ကျော် နစ်နာဆုံးရှုံး ခဲ့ကြောင်း၊

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်၊ ကော်မတီဝင်(၅)ဟောင်း ဦးဆန်းနိုင်တို့သည် ဒက္ခိဏသီရိမြို့နယ်၊ ထန်းတပင်တောရကျောင်းအနီး မြေကွက် ၃၅ကွက် ဖော်ထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ အနေဖြင့် ဆောင်ရွက်ပေးရန်မလိုသည့် ပုဂ္ဂလိကပိုင်မြေ ၃၅ ကွက်ကို မြေကြီး Level ညှိခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတော်အနေဖြင့် ပြည်သူ့ဘဏ္ဍာငွေကျပ် သိန်း ၃၉၀၀ ကျော် နစ်နာဆုံးရှုံးခဲ့ကြောင်း၊

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦးတို့သည် နေပြည်တော်၊ ဒက္ခိဏသီရိ မြို့နယ်၊ မိုးသောက်ပန်းလမ်းအတွင်းရှိ မြေ ၀.၇၅ ဧကကို စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်မည့် ပုဂ္ဂိုလ်တစ်ဦးကို ခွင့်ပြုချထားပေးခဲ့ရာတွင် နေပြည်တော်စည်ပင်သာယာရေး ဥပဒေ ပုဒ်မ ၂၉ အရ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခွင့်ပြုချက်ရယူမှုမရှိခြင်း၊ အများ ပြည်သူများသို့ စိတ်ဝင်စားမှု အဆိုပြုလွှာ (Expression of Interest- EOI)ခေါ်ယူပြီး ပွင့်လင်းမြင်သာစွာ ကြော်ငြာ ရောင်းချမှုမရှိဘဲ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံခန့်ခွဲမှု အစည်းအဝေးဖြင့်သာ ဆုံးဖြတ်၍ ငွေကျပ် သိန်း ၁၀၀၀ နှုန်းဖြင့် ရောင်းချခဲ့ခြင်းကြောင့် နိုင်ငံတော်မှ ငွေကျပ် သိန်း ၅၀၀ ခန့်နစ်နာခဲ့ကြောင်း၊

နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် မြို့တော်ဝန်ဟောင်း ဒေါက်တာ မျိုးအောင်၊ ဒုတိယမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦးတို့သည် နေပြည်တော်မြို့မဈေး အငြိမ်းစားဝန်ထမ်းအိမ်ယာအနီး ပျဉ်းမနား-တောင်ညိုလမ်း၏ တောင်ဘက်ရှိ မြေဧက ငါးဧကကျော်ကို Shopping Mall ဖွင့်လှစ်လုပ်ကိုင်နိုင်ရန် ကုမ္ပဏီတစ်ခုသို့ ရောင်းချပေးရာတွင် နေပြည်တော်စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၂၉ အရ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြ ခွင့်ပြုချက်ရယူမှုမရှိခြင်း၊ အများပြည်သူများသို့ စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest- EOI) ခေါ်ယူ၍ ပွင့်လင်းမြင်သာစွာကြော်ငြာ၍ ရောင်းချမှုမရှိဘဲ မြေငါးဧကကို တစ်ဧကလျှင် ငွေကျပ် သိန်း ၁၀၀၀ နှုန်းဖြင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ စီမံခန့်ခွဲမှု အစည်းအဝေးဖြင့်သာ ဆုံးဖြတ်၍ ရောင်းချခဲ့ခြင်းကြောင့် နိုင်ငံတော်မှစုစုပေါင်း ငွေကျပ်သိန်း ၂၀၀၀၀ ခန့် နစ်နာခဲ့ကြောင်းတို့ စစ်ဆေးပေါ်ပေါက်သဖြင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦးနှင့် ကော်မတီဝင်(၅)ဟောင်း ဦးဆန်းနိုင် တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်ကောင်စီနယ်မြေ အမှတ်(၁) မြို့မရဲစခန်းတွင် ၁၉-၄-၂၀၂၂ ရက်နေ့၌ ပထမသတင်းပေးတိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း  သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ