အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ တရားစွဲဆိုခံရသည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးဟောင်း ဒေါ်နီလာကျော်အပေါ် စီရင်ချက် အမိန့်ချမှတ်

  • Tue, 1 March 2022

နေပြည်တော်၊ မတ်လ ၁ ရက်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာန၊  လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့၏ ဝန်ကြီးဟောင်း ဒေါ်နီလာကျော် အပေါ် အဂတိလိုက်စားမှုကျူးလွန်ကြောင်း တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိချက်အရ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးဟောင်း    ဒေါ်နီလာကျော်သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ် Quality Controller Company ရွေးချယ်ရေးအဖွဲ့၌ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ၎င်း၏ လုပ်ပိုင်ခွင့်ကို အသုံးချ၍ ၎င်းနှင့် ခင်မင်ရင်းနှီးသည့် ကုမ္ပဏီကို Quality Controller Company အဖြစ် အသိအမှတ်ပြုလွှာ ထုတ်ပေးခြင်းနှင့် အရည်အသွေးစစ်ဆေးရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန် လုပ်ငန်းချထားပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ၂၀၁၇ ခုနှစ် မတ်လမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ ကာလအတွင်း လုပ်ငန်းစုစုပေါင်း ၁၅၇၇ ခုမှ အရည်အသွေးစစ်ဆေးခအဖြစ် ဝင်ငွေ ကျပ်သိန်း ၁၆၆၀၀ ကျော်ကိုရရှိစေခဲ့ပြီး ၎င်းကုမ္ပဏီထံမှ ငွေကျပ် ၉၁၈.၂၄ သိန်းကို ၎င်းကိုယ်တိုင် လက်ခံရယူခဲ့ခြင်း၊ ငွေကျပ် ၅၉၅.၃၆ သိန်းကို ၎င်း၏အိမ်အကူ မှတစ်ဆင့် လက်ခံရယူခဲ့ခြင်း၊ ငွေကျပ် ၂၁၃၀ သိန်းကို ၎င်းကိုယ်စား ပုဂ္ဂိုလ်တစ်ဦးထံသို့ သွားရောက် အကြွေးဆပ်စေခြင်းဖြင့် စုစုပေါင်းငွေကျပ် ၃၆၄၃.၆၀ သိန်းကို လက်ခံရယူခဲ့ခြင်းတို့ကြောင့် ဝန်ကြီးဟောင်း ဒေါ်နီလာကျော် အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ ရန်ကုန်တိုင်း ဒေသကြီးတရားလွှတ်တော်တွင် ၇-၅-၂၀၂၁ ရက်နေ့၌  တရားစွဲဆိုတင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှု အမှတ် ၈/၂၀၂၁ မှ ၂၃/၂၀၂၁ အထိ အမှု ၁၆ မှုဖြင့် လက်ခံစစ်ဆေးခဲ့ကြောင်း သတင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

        ၎င်းအမှုများအပေါ် ပြစ်မှုထင်ရှားသဖြင့် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်က ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဝန်ကြီးဟောင်း ဒေါ်နီလာကျော်အား ရာဇဝတ်ကြီးမှုအမှတ် ၈/၂၀၂၁ မှ ၁၀/၂၀၂၁ အထိ ၃ မှုအတွက် တစ်ပေါင်းတည်း အလုပ်နှင့် ထောင်ဒဏ် ၄ နှစ်၊ ရာဇဝတ်ကြီးမှုအမှတ် ၁၁/၂၀၂၁ မှ ၁၃/၂၀၂၁ အထိ ၃ မှုအတွက် တစ်ပေါင်းတည်း အလုပ်နှင့်ထောင်ဒဏ် ၄ နှစ်၊ ရာဇဝတ်ကြီးမှုအမှတ် ၁၄/၂၀၂၁ မှ ၁၉/၂၀၂၁ အထိ ၆ မှုအတွက် တစ်ပေါင်းတည်း အလုပ်နှင့်ထောင်ဒဏ် ၄ နှစ်၊ ရာဇဝတ်ကြီးမှုအမှတ် ၂၀/၂၀၂၁ မှ ၂၃/၂၀၂၁ အထိ ၄ မှုအတွက် တစ်ပေါင်းတည်း အလုပ်နှင့်ထောင်ဒဏ် ၄ နှစ်၊ စုစုပေါင်း အမှု ၁၆ မှု အတွက် အလုပ်နှင့်ထောင်ဒဏ် ၁၆ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်စပ် သတင်းများ