အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံရသည့် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင် အပေါ် စီရင်ချက် အမိန့်ချမှတ်

  • Mon, 28 February 2022

နေပြည်တော်၊ဖေဖော်ဝါရီလ ၂၈ ရက်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သော ဒေါက်တာမြင့်နိုင် အပေါ် လုပ်ငန်းတာဝန်ထမ်းဆောင်စဉ် အဂတိလိုက်စားမှုကျူးလွန်ကြောင်း တိုင်ကြားခြင်း နှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိချက်အရ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တင်ဒါလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်း စည်းကမ်းများဖောက်ဖျက်သဖြင့် တင်ဒါကြမ်းခင်းဈေးနှုန်းများ သတင်းပေါက်ကြားပြီး တင်ဒါတန်ဖိုး ကျပ်သန်းပေါင်း ၂၀၀၀၀ ကျော်ရှိသည့် လုပ်ငန်း ၆၆ ခုမှာ မူလ ကြမ်းခင်းဈေးအတိုင်း တင်ဒါအောင်မြင်ခဲ့ကြသည့်အပေါ် နိုင်ငံတော်အတွက် သက်သာခွင့် ရရှိမည့် ငွေကြေးများ ဆုံးရှုံးနစ်နာခဲ့ခြင်း၊

        ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တင်ဒါခေါ်ယူ ရာတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးစိုးဦး၏ ကိုယ်ရေးအရာရှိဖြစ်သူ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝေလင်းလှိုင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြတ်သန့်စင် တို့အား တင်ဒါလုပ်ငန်း အချက်အလက်များအတွက် ငွေကြေးရယူ ဆောင်ရွက်မှုတို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူဆောင်ရွက်ခြင်းမပြုနိုင်ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက်အစီရင်ခံစာအား ဖုံးကွယ်၊ ဖျောက်ဖျက်ခြင်းများ ပြုလုပ်ခဲ့ခြင်း၊

မုံရွာမြို့နယ်၊ လယ်တီရပ်ကွက်အတွင်းရှိ စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနပိုင် အင်းမြေ စုစုပေါင်း ၅.၇၈ ဧကအား နိုင်ငံတော်ပိုင်မြေ ဖြစ်ကြောင်းသိလျက်နှင့် ငွေကြေးရယူကာ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးတွင် လူပုဂ္ဂိုလ်တစ်ဦးသို့ အခြားနည်းသုံးစွဲခွင့် ခွင့်ပြုခဲ့သဖြင့် နိုင်ငံတော်ပိုင်မြေ ၅.၇၈ ဧက၏ ကာလတန်ဖိုး ကျပ်သိန်း ၈၆၇၀ ထိ နစ်နာဆုံးရှုံးခဲ့ခြင်း၊

မုံရွာမြို့ရှိ လုပ်ငန်းဆက်စပ်သည့် ကုမ္ပဏီပိုင်ရှင်တစ်ဦးထံမှ ငွေကျပ်သိန်း ၁၁၀ တန်ဖိုးရှိ HIJET အမျိုးအစား မော်တော်ယာဉ် တစ်စီးအား ၎င်းကိုယ်တိုင် ဦးစီးဖွင့်လှစ်ထားသည့် ဂေဟာအဆောက်အဦတွင် အသုံးပြုရန်အတွက် တောင်းခံလှူဒါန်းစေခဲ့ခြင်း၊ ဂေဟာနှင့် တစ်ဆက်တည်းရှိနေသော မြေဧက ၂.၈၅ ဧကပေါ်တွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုဗဟိုကော်မတီ၏ ခွင့်ပြုချက် တစ်စုံတစ်ရာရရှိခြင်းမရှိသေးဘဲ ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ဂေဟာမှူးအိမ်အဖြစ် ဆောက်လုပ်အသုံးပြုထားသည့် အတွက် နိုင်ငံတော်ပိုင် မြေ ၂.၈၅ ဧက ဆုံးရှုံးနစ်နာခဲ့ခြင်း၊

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်သည် မြန်မာ့သတ္တုတွင်းဥပဒေ၊ နည်းဥပဒေများကို လိုက်နာရန်နှင့် ကြီးကြပ်ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုချထားပေးသည့် ရွှေသတ္တုလုပ်ကွက်များအနက် အသေးစားလုပ်ကွက် ၂၄၃ ကွက်နှင့် လက်လုပ်လက်စား လုပ်ကွက် ၄၇ ကွက် တို့အတွက် တိုင်းဒေသကြီးဘဏ္ဍာစာရင်းသို့ ကြိုတင်ပေးသွင်းရမည့် အခွန်အခများကို ကောက်ခံခြင်းမပြုဘဲ လုပ်ငန်းလုပ်ကိုင်ခွင့်ပြုခဲ့သဖြင့် နိုင်ငံတော်ကရရှိမည့် အခွန်ငွေ ကျပ်သိန်း ၂၉၀၀၀ ကျော် နစ်နာဆုံးရှုံးခဲ့ခြင်းတို့ကို စစ်ဆေးပေါ်ပေါက်သဖြင့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင် အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တွင် ၁၇-၅-၂၀၂၁ ရက်နေ့၌ တရားစွဲဆိုတင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၁/၂၀၂၁ မှ ၇/၂၀၂၁ အထိ အမှု ခုနစ်မှုဖြင့် လက်ခံစစ်ဆေးခဲ့ကြောင်း သတင်းဖော်ပြပြီးဖြစ်ပါသည်။ 

၎င်းအမှုများအပေါ် ပြစ်မှုထင်ရှားသဖြင့် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်က ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်အား ရာဇဝတ်ကြီးမှုအမှတ် ၁/၂၀၂၁ မှ ၇/၂၀၂၁ အထိ တို့အတွက် အမှု တစ်မှုလျှင် အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်စီဖြင့် စုစုပေါင်း အမှု ခုနစ်မှုအတွက် အလုပ်နှင့်ထောင်ဒဏ် ၂၁ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ