မကွေးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၊ ညွှန်ကြားရေးမှူး ဒေါက်တာမောင်မောင်စိုးဦးနှင့် ဒုတိယဦးစီးမှူး ဒေါ်သန္တာဆင့် တို့အပေါ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

  • Mon, 14 December 2020

နေပြည်တော် ဒီဇင်ဘာလ ၁၄  ရက်

    မကွေးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ၎င်း လက်အောက်ဌာနမှ ဝန်ထမ်းများသည် နိုင်ငံတော်မှ ချမှတ်ပေးသော သင်တန်းကြေးများ၊ ရုံး အဆောက်အဦများအတွက် အသုံးစရိတ်များအား ကိုယ်ကျိုးသုံးစွဲ၍ အဂတိလိုက်စားမှု ကျူးလွန်နေမှုများကို အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။


    တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ မကွေးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးဌာနမှူး၊ ညွှန်ကြားရေးမှူး ဒေါက်တာမောင်မောင်စိုးဦးသည် ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော်ဘတ်ဂျက်ဖြင့် ခွဲဝေချထားပေးသော ဌာနဆိုင်ရာ သင်တန်းများ၊ ရုံးအဆောက်အအုံဆိုင်ရာ အသုံးစရိတ်များကို သက်ဆိုင်ရာ လက်အောက်ခံမြို့နယ်များသို့ ခွဲဝေချထားပေးရာတွင် သင်တန်းများနှင့်စပ်လျဉ်း၍ တိုင်းဦးစီးမှူးရုံး အထွေထွေအသုံးစရိတ်အဖြစ် (၂)ရက်သင်တန်း တစ်ခုလျှင် ငွေကျပ် ၂၀၀၀၀/- နှုန်း၊ (၅)ရက် သင်တန်းတစ်ခုလျှင် ငွေကျပ် ၅၀၀၀၀/- နှုန်းဖြင့် ဒုတိယဦးစီးမှူး ဒေါ်သန္တာဆင့် မှတစ်ဆင့် တောင်းခံခဲ့ပြီး တိုင်ကြားသည့်အခါ အဆိုပါ တောင်းခံရယူခဲ့သည့် ငွေကျပ် (၁၅)သိန်းကို သက်ဆိုင်ရာမြို့နယ်များသို့ မြန်မာ့စီးပွားရေး ဘဏ်မှတစ်ဆင့် ပြန်လည်လွှဲပေးခဲ့ပါသည်။ ယင်းနောက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေစကြိုမြို့နယ်ရုံး အဆောက်အဦ ပြုပြင်ရန်အတွက် နိုင်ငံတော်မှ ခွဲဝေချထားပေးသည့် ခွင့်ပြုရန်ပုံငွေကျပ် သိန်း(၈၀)မှ ငွေကျပ် (၂၅)သိန်းပေးရန် ဒေါ်သန္တာဆင့်မှတစ်ဆင့် တောင်းခံခဲ့ပြီး ရေစကြိုမြို့နယ်ဦးစီးမှူးက လွှဲပေးသော ငွေကျပ် (၅)သိန်းအား လက်ခံရယူခဲ့ခြင်းဖြင့် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်တွင် ဒုတိယဦးစီးမှူး ဒေါ်သန္တာဆင့် သည်လည်း ငွေကျပ် ၂၀၀၀၀၀/-ကို လက်ခံရယူခဲ့ကြောင်းနှင့် ဒေါက်တာမောင်မောင်စိုးဦး အဂတိလိုက်စားမှု ကျူးလွန်ရာတွင် အားပေးကူညီကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် တိုင်းဦးစီးဌာနမှူး ဒေါက်တာမောင်မောင်စိုးဦး အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်သန္တာဆင့် အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရလည်းကောင်း မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မ ရဲစခန်းတွင် ၁၄-၁၂-၂၀၂၀ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ဆက်စပ် သတင်းများ