ဦးဇော်မိုး(ဦးစီးအရာရှိ၊ မိုးညိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန)အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တရားစွဲအရေးယူ

  • Fri, 3 August 2018

နေပြည်တော် ဩဂုတ်လ(  ၃  )ရက်

 

 ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် လ.ဝ.က ဦးစီးအရာရှိ ဦးဇော်မိုးသည် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုစာရင်းပြုလုပ်သူများထံမှ ငွေကြေးနှင့် လက်ဆောင်ပစ္စည်းများ တောင်းခံခြင်း၊ ဦးစီးအရာရှိ ရုံးခန်းအတွင်းရှိ အလှူခံပုံးအတွင်းသို့ အလှူငွေများ ထည့်ဝင်ခိုင်းခြင်းတို့ ပြုလုပ်နေမှုအပေါ် အရေးယူပေးပါရန် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ မိုးညိုမြို့နယ် လ.ဝ.က ဦးစီးအရာရှိ ဦးဇော်မိုးသည် မိုးညိုမြို့နယ် လ.ဝ.က ဦးစီးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် အတွင်း ၎င်းလုပ်ပိုင်ခွင့်ရှိသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ငွေကြေးတောင်းခံရယူခြင်းဖြင့် အဂတိလိုက်စားမှုကို ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သည့်အပြင် ကျေးရွာနယ်မြေခံ သတင်းများ အရ ငွေကြေးမရလျှင် အကြောင်းအမျိုးမျိုးပြကာ အချိန်ဆွဲ၍ လုပ်ငန်း ဆောင်ရွက်မပေးဘဲ ငွေကြေးပေးမှသာ ဆောင်ရွက်ပေးလေ့ရှိကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ဦးဇော်မိုး အပေါ် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ အရေးယူဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့၊ မြို့မရဲစခန်းတွင် ၁-၈-၂၀၁၈ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ (သတင်းဖော်ပြပြီး)

 ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် လ.ဝ.က ဦးစီးအရာရှိ ဦးဇော်မိုးအပေါ် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ ပဲခူးတိုင်း ဒေသကြီး တရားလွှတ်တော်တွင် ၃-၈-၂၀၁၈ ရက်နေ့၌ တရားစွဲဆို တင်ပို့ ခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။

 

ဆက်စပ် သတင်းများ