ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ ပဲနွယ်ကုန်းရွာမအုပ်စု ကွင်းတာဝန်ခံ မြေတိုင်း(၄) ဦးလပြည့်ဝန်း (ခ) ဦးမောင်မောင်အပေါ် အရေးယူဆောင်ရွက်မှု

  • Mon, 12 March 2018

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရွာမကျေးရွာအုပ်စု၊ ဒိုးတန်းကျေးရွာနေ နစ်နာသူက ၎င်းတို့ပိုင်ဆိုင်သည့် လယ်များကို သား/သမီးများအား လုပ်ကိုင်စားသောက်ရန် ခွဲဝေပေးရာတွင် ကျောက်တံခါးမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ကွင်းတာဝန်ခံ ကိုမောင်မောင်သည် လယ်ယာမြေ စာချုပ်ချုပ်ဆိုခြင်းနှင့် အမည်ပြောင်းခြင်းတို့အတွက် ငွေကြေးတောင်းခံနေခြင်းအပေါ် အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြား ခဲ့ပါသည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ ပဲနွယ်ကုန်းရွာမအုပ်စု ကွင်းတာဝန်ခံ မြေတိုင်း(၄) ဦးလပြည့်ဝန်း (ခ) ဦးမောင်မောင်သည် လယ်မြေ အရောင်းအဝယ်စာချုပ် ချုပ်ဆိုခြင်းနှင့် လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇) ပြုလုပ်ရန် လာရောက်သူများထံမှ ၂၀၁၄ ခုနှစ်၊ မေလခန့်မှစ၍ ၃၀-၅-၂၀၁၇ ရက်နေ့အထိ စုစုပေါင်း (၁၅)ကြိမ် ငွေကျပ် ၁,၁၂၅,၀၀ဝိ/- (ကျပ်တစ်ဆယ့် တစ်သိန်းနှစ်သောင်းငါးထောင်တိတိ) တောင်းခံခြင်းနှင့် လက်ခံ ရယူခဲ့ခြင်းသည် ၎င်း၏ ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းအပေါ် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်တွင် ၈-၉-၂၀၁၇ ရက်နေ့၌  တရားစွဲတင်ပို့ခဲ့ရာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ၃၀-၁၀-၂၀၁၇ ရက်နေ့တွင် ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၈၇/၈၈ ထုတ်ဆင့်ခဲ့ပါသည်။

ဦးလပြည့်ဝန်း (ခ) မောင်မောင်သည် ထွက်ပြေးတိမ်းရှောင်နေရာမှ ၆-၃-၂၀၁၈ ရက်နေ့တွင် ပြန်လည်ဖမ်းဆီးရမိပါသဖြင့် ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်တွင် ၇-၃-၂၀၁၈ ရက်နေ့၌ ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ တရားစွဲဆို အရေးယူဆောင်ရွက်ခဲ့ပါသည်။

ဆက်စပ် သတင်းများ