မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့ အုပ်ချုပ်ရေးမှူး ဦးနောင်နောင်လင်းနှင့် ဦးထွန်းကြည်(ယခင် ကျုံညဲကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး)တို့အပေါ် တိုင်ကြားသည့်ကိစ္စနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အရေးယူဆောင်ရွက်ထားမှုအခြေအနေ

  • Wed, 27 December 2017

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့ အုပ်ချုပ်ရေးမှူး ဦးနောင်နောင်လင်းနှင့်
ဦးထွန်းကြည်(ယခင် ကျုံညဲကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး)တို့အပေါ် တိုင်ကြားသည့်ကိစ္စနှင့်စပ်လျဉ်း၍
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အရေးယူဆောင်ရွက်ထားမှုအခြေအနေ

 

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့၊ ကျုံညဲရွာနေ နစ်နာသူတို့က ကျုံညဲကျေးရွာ အုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးထွန်းကြည်နှင့် ခေါဇာမြို့ အုပ်ချုပ်ရေးမှူး ဦးနောင်နောင်လင်း တို့သည် ကျုံညဲကျေးရွာနေ ဦးစိုးအောင်နှင့် ဒေါ်ဝင်းအေးတို့ ပိုင်ဆိုင်သည့် ခြံမြေကွက်ပေါ်တွင် ၆၀'×၄၀' ခြံကွက် (၁၅)ကွက် ဖြစ်ပေါ်စေရန် ဆောင်ရွက်ပေးရာတွင် ငွေကြေးတောင်းခံ၍ ပေးခဲ့ရခြင်းအပေါ် အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြား ခဲ့ပါသည်။


    တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့ အုပ်ချုပ်ရေးမှူး ဦးနောင်နောင်လင်း သည် လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် ရရှိရေး ခွင့်ပြုဆောင်ရွက်ပေးခွင့် မရှိဘဲ ခေါဇာမြို့၊ ကျုံညဲကျေးရွာတွင် ၆၀' × ၄၀' မြေကွက် (၁၅)ကွက် ဖော်ထုတ်ရရှိရေး ဆောင်ရွက်ပြီး၊ မြေကွက်ရောင်းရငွေ ကျပ်သိန်း ၂၀ အနက်မှ ငွေကျပ် ၁၁ သိန်းကို လက်ခံရယူကာ ခွဲဝေပေးခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့ အုပ်ချုပ်ရေးမှူး ဦးနောင်နောင်လင်းအပေါ် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရ လည်းကောင်း၊ ဦးထွန်းကြည်(ယခင် ကျုံညဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး)အပေါ်  ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၇/၆၃ အရလည်းကောင်း ရေးမြို့နယ်၊ ခေါဇာနယ်မြေရဲစခန်းတွင် ၂၆-၁၂-၂၀၁၇ ရက်နေ့၌ အမှု ဖွင့်လှစ်လျက် တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

 

ဆက်စပ် သတင်းများ