ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ သဲဖြူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းဌေးအပေါ် တိုင်ကြားသည့်ကိစ္စနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အရေးယူဆောင်ရွက်ထားမှုအခြေအနေ

  • Fri, 25 August 2017

    ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ သဲဖြူကျေးရွာနေ နစ်နာသူတို့က ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဌေးနှင့် စာရေး ဦးတင်ဝင်းတို့အပေါ် အရေးယူပေးပါရန် တိုင်ကြားခဲ့ခြင်းအား အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ အမျိုးသား လွှတ်တော်မှ လွှဲပြောင်းပေးပို့ခဲ့ပါသည်။

   လွှဲပြောင်းတိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ သဲဖြူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းဌေးသည် ၎င်း ဆောင်ရွက်ပိုင်ခွင့်မရှိသည့် မြေလွတ်၊ မြေရိုင်း အရောင်းအဝယ်ပြုမှုကိစ္စတွင် မြေအရောင်းအဝယ်စာချုပ်ပေါ်၌ ထောက်ခံချက် လက်မှတ်ရေးထိုးခဲ့ပြီး မြေရောင်းသူ (၈)ဦးနှင့် မြေပွဲစားထံမှ ငွေကြေးများ ရယူခဲ့ခြင်းသည် ကျေးရွာအုပ်ချုပ်ရေးမှူး၏ ရာထူး အာဏာနှင့် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြု၍ တောင်းခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းအပေါ် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တွင် ဩဂုတ်လ (၂၅)ရက်နေ့က တရားစွဲဆို အရေးယူ ဆောင်ရွက်ခဲ့ပါသည်။

      ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ သဲဖြူကျေးရွာ အုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး စာရေး ဦးတင်ဝင်းသည် ငပုတောမြို့နယ် အုပ်ချုပ်ရေးမှူး၏ အစည်းအဝေးများ တက်ရောက်ရန် ပျက်ကွက်ခဲ့ကြောင်း၊ ၎င်း၏ လုပ်ငန်းတာဝန်များကို မထမ်းဆောင်ဘဲ လစဉ် ထောက်ပံ့ငွေပေး၍ လူစားထိုး တာဝန်ထမ်းဆောင်စေခဲ့ကြောင်း၊ မြေအရောင်းအဝယ် ပြုလုပ်ရာတွင် သက်သေအဖြစ် ကိုယ်တိုင်ပါဝင် လက်မှတ်ရေးထိုးခဲ့ကြောင်း စစ်ဆေးတွေ့ရှိ ရသဖြင့် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃၀(ခ)အရ အရေးယူရန် အထွေထွေအုပ်ချုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနသို့ အကြောင်းကြားထားပြီး ဖြစ်ပါသည်။

ဆက်စပ် သတင်းများ