လာဘ်ငွေ(၂၃)သိန်းကို နှစ်ကြိမ်ခွဲ၍ တောင်းယူခဲ့သည့် သထုံခရိုင်၊ မူးယစ်အထူးတပ်ဖွဲ့ မှ တာဝန်ခံဟောင်း သန်းဇော် (ဒုတိယရဲအုပ်) ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က တရားစွဲဆို အရေးယူခြင်း

  • Tue, 6 September 2016

ဖြစ်စဉ်အကျဉ်း။         မွန်ပြည်နယ်၊ သထုံခရိုင် မူးယစ်အထူးတပ်ဖွဲ့မှ တာဝန်ခံ ဒုရဲအုပ် သန်းဇော် (လ/၁၀၀၆၄၂) သည် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ စေသော ဆေးဝါး များဆိုင်ရာ ဥပဒေ ပုဒ်မ ၁၆(ဂ)/၂၁ ဖြင့် ကျိုက်ထိုမြို့မ ရဲစခန်းတွင် အမှုဖွင့်အရေးယူ ခံနေရသူ တရားခံ၏ မိဘများထံမှ ငွေကျပ် သိန်း(၂၀)ကို ၁၀-၈-၂၀၁၃ ရက်နေ့တွင်လည်းကောင်း၊ တရားခံအား ပြည်မြို့၊ ဝက်ထီးကန်ဆေးဖြတ်စခန်းသို့ မပို့ဆောင်ရေး အတွက် ငွေကျပ် (၃)သိန်းကို ၂၅-၇-၂၀၁၄ ရက်နေ့တွင် လည်းကောင်း တောင်းခံသဖြင့် အခြားသူတစ်ဦးမှတစ်ဆင့် ပေးခဲ့ရကြောင်း စစ်ဆေးပေါ်ပေါက်သည်။

တရားစွဲဆိုအရေးယူမှု။            ဒုရဲအုပ်သန်းဇော်အပေါ် ၁၀-၁၁-၂၀၁၄ ရက်နေ့က ကျိုက်ထိုမြို့မရဲစခန်းတွင် (ပ)၂၇၃/၂၀၁၄၊ ၂၀၁၃ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ ဖြင့် ရေးဖွင့်ထားစဉ် ဒုရဲအုပ်သန်းဇော်မှာ ထွက်ပြေးတိမ်းရှောင် သွားသောကြောင့် ၁၁-၁၁-၂၀၁၄ ရက်နေ့တွင် မွန်ပြည်နယ် တရားလွှတ်တော်သို့ တရားခံပြေးမှုဖြင့် တရားစွဲဆိုတင်ပို့ခဲ့သည်။ တရားခံပြေး သန်းဇော်သည် ထွက်ပြေး တိမ်းရှောင်နေရာမှ ၁၀-၅-၂၀၁၅ ရက်နေ့တွင် ကရင်ပြည်နယ်၊ သင်္ဃန်းညီနောင်၌ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသဖြင့် ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် ဘားအံ အကျဉ်းထောင်မှ မော်လမြိုင် အကျဉ်းထောင်သို့ ပြောင်းရွှေ့ရောက်ရှိလာ၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တရားခံပြေးသန်းဇော်အား မွန်ပြည်နယ်တရား လွှတ်တော်၌ ၂၀၁၃ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် ၁၁-၈-၂၀၁၆ ရက်နေ့တွင် တရားစွဲဆိုခဲ့သည်။

ဆက်စပ် သတင်းများ