အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပဒေ

  • Sat, 21 July 2018

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို

စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပဒေ

(၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်  ၂၀ ။)

၁၃၈၀ ပြည့်နှစ်၊ ပထမဝါဆိုလဆန်း   ၉  ရက်

(၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၁ ရက်)

 

          ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။      အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ အခန်း(၁)ခေါင်းစဉ်ကို အောက်ပါအတိုင်း အစားထိုးရမည်-

          "အမည်၊ စတင်အာဏာတည်ခြင်း၊ စီရင်ပိုင်ခွင့်အာဏာနှင့် အဓိပ္ပါယ်ဖော်ပြချက်"

၂။      ဤဥပဒေကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေ ဟု ခေါ်တွင်စေရမည်။

၃။      အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၂ ကို အောက်ပါအတိုင်း အစားထိုးရမည်-

          "၂။    မည်သူမဆို ဤဥပဒေအရအရေးယူနိုင်သော ပြစ်မှုတစ်ရပ်ရပ်ကို ပြည်တွင်းတွင် သို့မဟုတ် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေအရ မှတ်ပုံတင်ထားသော ရေယာဉ် သို့မဟုတ် လေယာဉ် တစ်ခုခုပေါ်တွင် ကျူးလွန်လျှင်ဖြစ်စေ၊ မြန်မာနိုင်ငံသား သို့မဟုတ် မြန်မာ နိုင်ငံတွင် အမြဲတမ်းနေထိုင်သည့် သို့မဟုတ် နေထိုင်ခွင့်ရရှိထားသည့် နိုင်ငံခြားသားက ပြည်ပတွင် ကျူးလွန်လျှင်ဖြစ်စေ ထိုသူကို ဤဥပဒေအရ အရေးယူစီရင်ပိုင်ခွင့် ရှိစေ ရမည်။"

၄။      အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ(က)ကို အောက်ပါအတိုင်း အစားထိုးရမည်-

          "(က) အဂတိလိုက်စားမှု ဆိုသည်မှာ အောက်ပါတို့ကို ဆိုသည်-

                   (၁)  မည်သူမဆို ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ ဖြစ်စေ၊ အခြားနည်းဖြင့် ဖြစ်စေ တစ်စုံတစ်ရာကို ပြုလုပ်ရန် သို့မဟုတ် ဥပဒေနှင့်အညီ ပြုလုပ်ခြင်းမှ ရှောင်ကြဉ်စေရန် သို့မဟုတ် တစ်ဦးတစ်ယောက်အား ဥပဒေနှင့်အညီရထိုက်သော အခွင့်အရေးကိုပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်ခွင့် မရှိသော အခွင့်အရေးကိုပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်သော အခွင့်အရေး ကို မမှန်မကန်ပိတ်ပင်ရန်အတွက် တံစိုးလက်ဆောင်ကို တစ်ဦးတစ်ယောက် အား ပေးခြင်း၊ ပေးရန် အားထုတ်ခြင်း သို့မဟုတ် တစ်ဦးတစ်ယောက်ထံမှ လက်ခံခြင်း၊ ရယူခြင်းနှင့် ရယူရန်အားထုတ်ခြင်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တစ်နည်းနည်းဖြင့် ပြုလုပ်ခြင်း၊

                   (၂)  မည်သူမဆို သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အများပြည်သူ ဆိုင်ရာ အဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်း၏ ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်စီမံ ဆောင်ရွက်သည့် လုပ်ငန်းစဉ်တွင်ဖြစ်စေ၊ ယင်းတို့၏ ပိုင်ဆိုင်မှုကို တောင်းခံခြင်း၊ ရယူခြင်း၊ စီမံခန့်ခွဲခြင်း၊ ရှင်းလင်းဖျက်သိမ်း ခြင်းပြုရာတွင်ဖြစ်စေ၊ ယင်းတို့နှင့် သက်ဆိုင်မှုရှိသော သဘောတူစာချုပ် တစ်ခုတွင် ပါဝင်ခြင်း၊ စီမံဆောင်ရွက်ခြင်းပြုရာတွင်ဖြစ်စေ တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်း တစ်ရပ်ရပ်ကို ဖောက်ဖျက်လျက် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံး စေခြင်း။"

၅။      အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (ခ)၏ နောက်တွင် ပုဒ်မခွဲ(ဂ) အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-

          "(ဂ)   ကျော်စောသတင်း ဆိုသည်မှာ အများပြည်သူအတွင်း ပျံ့နှံ့နေသော သတင်း တစ်ရပ်ရပ်တွင် သူတစ်ဦးဦးသည် အဂတိလိုက်စားမှုနှင့်ပတ်သက်၍ ဤဥပဒေ အရ ပြစ်မှုကျူးလွန်မှုရှိကြောင်း သင်္ကာမကင်းဖွယ်ရာ ဖြစ်ခြင်းအတွက် ခိုင်လုံ သည့် အထောက်အထား ရှိနိုင်သည်ဟု ကော်မရှင်က ယုံကြည်ရန် အကြောင်း ပေါ်ပေါက်သော သတင်းကိုဆိုသည်။"

၆။      အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃ တွင် မူလပုဒ်မခွဲ (ဂ)၊ (ဃ)၊ (င)၊ (စ)၊ (ဆ)၊ (ဇ)၊ (စျ)၊ (ည)၊ (ဋ)၊ (ဌ)၊ (ဍ)၊ (ဎ)၊ (ဏ)၊ (တ)၊ (ထ)၊ (ဒ)၊ (ဓ)၊ (န)နှင့် (ပ)တို့ကို ပုဒ်မခွဲ(ဃ)၊ (င)၊ (စ)၊ (ဆ)၊ (ဇ)၊ (စျ)၊ (ည)၊ (ဋ)၊ (ဌ)၊ (ဍ)၊ (ဎ)၊ (ဏ)၊ (တ)၊ (ထ)၊ (ဒ)၊ (ဓ)၊ (န)၊ (ပ)နှင့် (ဖ)တို့အဖြစ် ပြန်လည် အမှတ်စဉ်ရမည်။

၇။      အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃ တွင် -

          (က)   ပြန်လည်အမှတ်စဉ်ထားသည့် ပုဒ်မခွဲ(ဇ) နှင့် (ဖ)တို့ကို အောက်ပါအတိုင်း အစားထိုး ရမည်-

                   "(ဇ)   နိုင်ငံရေးရာထူးလက်ရှိဖြစ်သူ ဆိုသည်မှာ ဒုတိယဝန်ကြီး သို့မဟုတ် ယင်းနှင့် အလားတူ အဆင့်ရှိသူနှင့် အထက် နိုင်ငံရေးရာထူးလက်ရှိဖြစ်သူ ကိုဆိုသည်။

                    (ဖ)   စစ်ဆေးရေးမှူး ဆိုသည်မှာ ကော်မရှင်၏ သတ်မှတ်ချက်နှင့်အညီ လုပ်ငန်း ဆောင်ရွက်ရန် ဖွဲ့စည်းတာဝန် ပေးအပ်သော စစ်ဆေးရေးအဖွဲ့တွင် ပါဝင်သူကို ဆိုသည်။"

          (ခ )   မူလပုဒ်မခွဲ(ဖ)ကို ပယ်ဖျက်ရမည်။

၈။      အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ(ဂ)ကို အောက်ပါအတိုင်း အစားထိုးရမည်-

          "(ဂ)   နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက မိမိ ရွေးချယ်ပေးခွင့်ရှိသူများသည် အရည်အချင်း ပြည့်ဝ၍ တည်ကြည် ဖြောင့်မတ်ပြီး သမာသမတ်ရှိသူအဖြစ် ယူဆခြင်းခံရသူ။"

၉။      အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၁၆ တွင် -

          (က)   ပုဒ်မခွဲ(က)ကို အောက်ပါအတိုင်း အစားထိုးရမည်-

                   "(က) ပဏာမစိစစ်ရေးအဖွဲ့နှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့များကို လိုအပ်ချက်နှင့် အညီ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း၊ ယင်းအဖွဲ့များအား လမ်းညွှန်ခြင်းနှင့် ကြီးကြပ် ကွပ်ကဲခြင်း၊"        

          (ခ )   ပုဒ်မခွဲ(ဃ)ကို အောက်ပါအတိုင်း အစားထိုးရမည်-

                   "(ဃ) အဂတိလိုက်စားမှုများကို စုံစမ်းစစ်ဆေးဖော်ထုတ်ရန် ကိစ္စနှင့်စပ်လျဉ်း၍ တိုင်ကြားချက် သို့မဟုတ် ရရှိသည့်သတင်းအရ လိုအပ်ပါက ကြိုတင် ထောက်လှမ်း စုံစမ်းစေခြင်း၊ စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် ပဏာမစိစစ်ရေး အဖွဲ့တို့အား စုံစမ်းစစ်ဆေးစေပြီးတွေ့ရှိချက်အစီရင်ခံစာကို တင်ပြစေခြင်း၊"

          (ဂ )   ပုဒ်မခွဲ(ဇ)ကို အောက်ပါအတိုင်း အစားထိုးရမည်-

                   "(ဇ)   နှစ်ပတ်လည် လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌတို့ထံ သတ်မှတ်ချက်များနှင့်အညီတင်ပြခြင်း၊ အများပြည်သူ သိရှိနိုင်ရန် ထုတ်ပြန်ကြေညာခြင်း၊"

          (ဃ)   ပုဒ်မခွဲ (စျ)ကို အောက်ပါအတိုင်း အစားထိုးရမည်-

                   "(စျ)  အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် အများပြည်သူဆိုင်ရာ အဖွဲ့အစည်း များကို အကြံဉာဏ်ပေးခြင်း၊"

          (င )   ပုဒ်မခွဲ (စျ)၏ နောက်တွင် ပုဒ်မခွဲ(ည)ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်-

                   "(ည) အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး သင်ခန်းစာများကို အခြေခံပညာမူလတန်းအဆင့်မှ စတင်သင်ကြားနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊"

          (စ )   မူလပုဒ်မခွဲ (ည)၊ (ဋ)၊ (ဌ)၊ (ဍ) နှင့် (ဎ)တို့ကို ပုဒ်မခွဲ (ဋ)၊ (ဌ)၊ (ဍ)၊ (ဎ) နှင့် (ဏ)တို့အဖြစ် ပြန်လည်အမှတ်စဉ်ရမည်။

          (ဆ)   ပြန်လည် အမှတ်စဉ်ထားသည့် ပုဒ်မခွဲ(ဍ)ကို အောက်ပါအတိုင်း အစားထိုးရမည်-

                   "(ဍ)   တိုင်ကြားစာများကို စိစစ်၍ လက်ခံခြင်း၊ စုံစမ်းစစ်ဆေး အရေးယူခြင်း၊ မမှန်မကန် တိုင်ကြားကြောင်း စိစစ် တွေ့ရှိသည့် တိုင်ကြားစာများကို ပယ်ခြင်း၊ မမှန်မကန် တိုင်ကြားသူကို ဥပဒေအရ အရေးယူခြင်းနှင့် တိုင်ကြားခံရသူ အပေါ် တိုင်ကြားချက်သည် နိုင်ငံ့ဝန်ထမ်းဥပဒေအရ အရေးယူသင့်သည်ဟု စိစစ် တွေ့ရှိပါက သက်ဆိုင်ရာ ဌာနသို့ လွှဲပြောင်းပေးပို့ အရေးယူစေခြင်း၊"

၁၀။   အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၁၆ တွင် ပြန်လည် အမှတ်စဉ်ထားသည့် ပုဒ်မခွဲ (ဎ)၊ ပုဒ်မ ၁၇၊ ပုဒ်မခွဲ (ဆ)၏ ခြေဆင်း၊ ပုဒ်မ ၂၈၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၂)နှင့် ပုဒ်မ ၆၅ ၏ ခြေဆင်းတို့တွင် ပါရှိသော "စုံစမ်းစစ်ဆေးရေးမှူး"ဆိုသည့် စကားရပ်ကို "စစ်ဆေးရေးမှူး" ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၁၁။    အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၁၆ တွင် -

          (က)   ပြန်လည်အမှတ်စဉ်ထားသည့် ပုဒ်မခွဲ(ဏ)၏ နောက်တွင် ပုဒ်မခွဲ(တ) နှင့် (ထ) တို့အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-

             "(တ) တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်းကြောင့် နိုင်ငံတော်၏ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက် နစ်နာပျက်စီးဆုံးရှုံးစေမှုများအား လိုအပ်ပါက စစ်ဆေးခြင်း၊

              (ထ)  မည်သည့်ပုဂ္ဂလိက လုပ်ငန်းအဖွဲ့အစည်းကိုမဆို အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေး အခြေခံခိုင်မာသော လုပ်ငန်းဆိုင်ရာ ကျင့်ဝတ် ချမှတ် ကျင့်သုံးစေရေးအတွက် အမိန့်ထုတ်ပြန်ဆောင်ရွက်ခြင်း၊"

          (ခ )   မူလပုဒ်မခွဲ(ဏ)ကို ပုဒ်မခွဲ(ဒ)အဖြစ် ပြန်လည်အမှတ်စဉ်ရမည်။

၁၂။    အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၁၇ တွင် -

          (က)   ပုဒ်မခွဲ(ဇ)၏နောက်တွင် ပုဒ်မခွဲ(စျ)အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-

                   "(စျ)  အဂတိလိုက်စားမှုရှိကြောင်း ကျော်စောသတင်းတစ်ရပ်ရပ်ကို ကော်မရှင် သည် သတင်းပေးပို့ချက်အဖြစ် သတ်မှတ်နိုင်သည်။"

          (ခ )   မူလ ပုဒ်မခွဲ(စျ)ကို ပုဒ်မခွဲ(ည)အဖြစ် ပြန်လည်အမှတ်စဉ်ပြီး အောက်ပါအတိုင်း အစားထိုးရမည်-

                   "(ည) အဂတိလိုက်စားမှုနှင့် စပ်လျဉ်း၍ဖြစ်စေ၊ အဂတိလိုက်စားမှုဖြင့် ကြွယ်ဝ ချမ်းသာလာခြင်းနှင့် စပ်လျဉ်း၍ဖြစ်စေ၊ ခိုင်လုံသော အထောက်အထားဖြင့် သတင်းပေးသည့်အတွက် ဖော်ထုတ်အရေးယူနိုင်သည့်ကိစ္စတွင် သတင်း ပေးသူများ၊ သက်သေများ၊ နစ်နာသူ သို့မဟုတ် တိုင်ကြားသူများအား လိုအပ်သော အကာအကွယ်ပေးနိုင်ရန် နည်းလမ်းများကို သက်ဆိုင်သည့် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် သတင်း ပေးသူကို သတ်မှတ်သော ဆုငွေချီးမြှင့်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ခြင်း။"

၁၃။    အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၂၁ တွင် -

          (က)   ပုဒ်မခွဲ (ခ)ကို အောက်ပါအတိုင်း အစားထိုးရမည်-

                   "(ခ )  ပုဒ်မ ၄၃၊ ပုဒ်မခွဲ(ခ)အရ နိုင်ငံရေးရာထူးလက်ရှိဖြစ်သူ တစ်ဦးကို အရေးယူ ပေးရန် လွှတ်တော်ကိုယ်စားလှယ်က တင်ပြခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ လွှတ်တော် ဥက္ကဋ္ဌက စုံစမ်းစစ်ဆေးတင်ပြရန် တာဝန်ပေးအပ်ခြင်း၊"

          (ခ )   ပုဒ်မခွဲ(ဂ)၏ ခြေဆင်းကို အောက်ပါအတိုင်း အစားထိုးရမည်-

                   "(ဂ )  အဂတိလိုက်စားမှု ကျူးလွန်သူအပေါ် ဥပဒေအရ အရေးယူပေးပါရန် တစ်ဦးဦးက-"

          (ဂ )   ပုဒ်မခွဲ(ဂ)၏ နောက်တွင် ပုဒ်မခွဲ(ဃ)အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-

                   "(ဃ) အဂတိလိုက်စားမှုရှိကြောင်း ကျော်စောသတင်း ဖြစ်ပေါ်နေခြင်း။"

၁၄။    အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၂၂၊ ပုဒ်မခွဲ(ခ)ကို အောက်ပါအတိုင်း အစားထိုးရမည်-

          "(ခ)   တိုင်ကြားမှုတွင် အရေးကြီးသည့် သက်သေခံချက်များ မပါရှိခြင်း သို့မဟုတ် လိုအပ်၍ ကြိုတင်ထောက်လှမ်းစုံစမ်းရာတွင်လည်း ခိုင်လုံသည့် သက်သေခံချက် မရရှိခြင်း၊"

၁၅။   အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၂၇၊ ပုဒ်မခွဲ(က)ကို အောက်ပါအတိုင်း အစားထိုး ရမည်-

          "(က) စုံစမ်းစစ်ဆေးရေးအဖွဲ့သည် စုံစမ်းစစ်ဆေးမှု ပြီးစီးသည့်အခါ ကော်မရှင်ဥက္ကဋ္ဌထံ စုံစမ်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ဆောလျင်စွာ တင်ပြရမည်။"

၁၆။   အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃၀၊ ပုဒ်မခွဲ(က)ကို အောက်ပါအတိုင်း အစားထိုး ရမည်-

          "(က) လုပ်ပိုင်ခွင့် အာဏာရှိသူအပေါ် တရားစွဲဆိုအရေးယူရန် အကြောင်းပေါ်ပေါက် ကြောင်း ဆုံးဖြတ်သည့်ကိစ္စတွင် ယင်းကိစ္စအတွက် မိမိ၏အစီရင်ခံစာကို ပုဒ်မ ၂၁၊ ပုဒ်မခွဲ(က) အရ တာ၀န်ပေးသည့် နိုင်ငံတော်သမ္မတထံသို့လည်းကောင်း၊ ပုဒ်မ ၂၁၊ ပုဒ်မခွဲ(ခ)အရ တာ၀န်ပေးသည့် သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌထံသို့လည်းကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့သို့ လည်းကောင်း တင်ပြရမည်။ အဆိုပါဆုံးဖြတ်ချက် အား တိုင်ကြားသော နစ်နာသူထံသို့လည်း အကြောင်းကြား အသိပေးရမည်။"

၁၇။    အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃၆ ကို အောက်ပါအတိုင်း အစားထိုးရမည်-

          "၃၆။  (က)   နိုင်ငံတော်သမ္မတသည် ကော်မရှင်ရုံးကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်။

                   ( ခ)   ကော်မရှင်သည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ကော်မရှင်ရုံးခွဲများကို ဖွဲ့စည်းနိုင်သည်။"

၁၈။   အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၃၊ ပုဒ်မခွဲ(ခ)နှင့် ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ် (၂) တို့ကို အောက်ပါအတိုင်း အစားထိုးရမည်-

          "(ခ)   ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်သူတစ်ဦးဦးအပေါ် အဂတိလိုက်စားမှုဖြင့် ကြွယ်ဝ ချမ်းသာလာခြင်း၊ ရာထူးဆိုင်ရာ လုပ်ပိုင်ခွင့် အလွဲသုံးစားမှုပြုခြင်း သို့မဟုတ် အဂတိလိုက်စားမှု ကျူးလွန်ခြင်းနှင့် စပ်လျဉ်း၍ ဥပဒေနှင့်အညီ သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌသို့ တင်ပြခွင့်ရှိသည်။

           (ဂ )  (၂)     ကော်မရှင်၏ တင်ပြချက်အရ မည်သူ့ကိုမဆို အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာကြောင်း၊ ရာထူးဆိုင်ရာလုပ်ပိုင်ခွင့်ကို အလွဲသုံးစား ပြုကြောင်း သို့မဟုတ် အဂတိလိုက်စားမှုကျူးလွန်ကြောင်းတွေ့ရှိပါက ထိုသူအား သက်ဆိုင်ရာက ဥပဒေနှင့်အညီ အရေးယူနိုင်ရေးအတွက် အကြောင်းကြားရမည်။"

၁၉။   အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၄ ၏ အစုခေါင်း​စဉ်နှင့် ပုဒ်မ ၄၄ တို့ကို အောက်ပါအတိုင်း အစားထိုးရမည်-

        "သတင်းပေးခြင်းနှင့် တိုင်ကြားခြင်း

          ၄၄။     မည်သူမဆို အဂတိလိုက်စားမှုနှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ အဂတိလိုက်စားမှု ဖြင့် ကြွယ်၀ချမ်းသာလာခြင်းနှင့် စပ်လျဉ်း၍သော်လည်းကောင်း သတ်မှတ်ချက်များနှင့် အညီ ကော်မရှင်သို့ဖြစ်စေ၊ ကော်မရှင်ရုံးသို့ဖြစ်စေ၊ ဤဥပဒေအရ ဖွဲ့စည်းသော လုပ်ငန်း ကော်မတီ၊ လုပ်ငန်းအဖွဲ့၊ ပဏာမစိစစ်ရေးအဖွဲ့နှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ တစ်ခုခုသို့ ဖြစ်စေ၊ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတစ်ခုခုသို့ဖြစ်စေ သတင်းပေးပို့ချက် နှင့် တိုင်တန်းချက်များကို ပေးပို့နိုင်သည်။"

၂၀။    အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၇ နှင့် ပုဒ်မ ၄၈ တို့တွင် ပါရှိသော "ကြေညာချက်" ဆိုသည့် စကားရပ်ကို "ကြေညာလွှာ" ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၂၁။    အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၃ ၏ နောက်တွင် ပုဒ်မ ၅၃-က အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-

          "၅၃-က။ (က)   ပုဒ်မ ၅၃၊ ပုဒ်မခွဲ(က)အရ ချမှတ်သည့် အမိန့်နှင့်စပ်လျဉ်း၍ အမိန့် ချမှတ် ခြင်းခံရသူက အမိန့်ချမှတ်သည့်နေ့မှ ရက်ပေါင်း ၉၀အတွင်း သတ်မှတ်ချက်များနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့ထံ အယူခံခွင့် ရှိသည်။

                        (ခ)    ပြည်ထောင်စုအစိုးရအဖွဲ့သည် ကော်မရှင်က ချမှတ်သည့် အမိန့် တစ်ရပ်ရပ်ကို  အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း လိုအပ်ပါက ပြန်လည်စုံစမ်း စစ်ဆေးစေပြီး သင့်လျော်သည့် အမိန့်တစ်ရပ်ရပ် ချမှတ် ခြင်း ပြုနိုင်သည်။

                        (ဂ )   ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေ ရမည်။"

၂၂။    အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ကို အောက်ပါအတိုင်း အစားထိုးရမည်-

          "၅၅။    နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ သို့မဟုတ် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က မည်သူမဆို အဂတိလိုက်စားမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ၁၅ နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။"

၂၃။    အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ကို အောက်ပါအတိုင်း အစားထိုးရမည်-

"၅၆။    နိုင်ငံရေးရာထူး လက်ရှိဖြစ်သူမှအပ အခြားလုပ်ပိုင်ခွင့် အာဏာရှိသူ သို့မဟုတ် လုပ်ပိုင်ခွင့် အာဏာရှိစဉ်က မည်သူမဆို အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို တစ်ဆယ်နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။"

၂၄။    အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၉ ကို အောက်ပါအတိုင်း အစားထိုးရမည်-

"၅၉။    မည်သူမဆို ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား နစ်နာစေရန် သို့မဟုတ် ဂုဏ်သရေ ပျက်စေရန်ရည်ရွယ်၍ ဤဥပဒေပါပြစ်မှုတစ်ခုခုကို ကျူးလွန်သည်ဟုသော်လည်းကောင်း၊ အဂတိလိုက်စားမှုဖြင့် ကြွယ်၀ချမ်းသာလာခြင်းဖြစ်သည်ဟုသော်လည်းကောင်း၊ မမှန်မကန် သတင်းပေးပို့ခြင်း၊ တိုင်တန်းခြင်းပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။"

                                      

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။

 

                                                                                  (ပုံ) ဝင်းမြင့်

                                                                               နိုင်ငံတော်သမ္မတ

                                                                ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဆက်စပ် သတင်းများ