အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုများနှင့် ဆက်နွှယ်သည့် ငွေကြေး ခဝါချမှုအန္တရာယ်များကို နားလည်သိရှိနိုင်စေရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

  • Mon, 30 January 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုများနှင့် ဆက်နွှယ်သည့် ငွေကြေး ခဝါချမှုအန္တရာယ်များကို နားလည်သိရှိနိုင်စေရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ


နေပြည်တော်၊ ဇန်နဝါရီလ ၃၀ 

        အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့တို့ ပူးပေါင်း၍ ငွေကြေးခဝါချမှုအန္တရာယ်များကို နားလည်သိရှိစေရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲအချိန်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းများ တက်ရောက်ခဲ့ကြပါသည်။   

   အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာ၌ ယနေ့ကျင်းပသည့် အခမ်းအနားသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအနေဖြင့် ငွေကြေးခဝါချမှုနှင့် အဂတိလိုက်စားမှု၏ ဆက်နွှယ်မှုများ၊ ယင်း၏ ဆုံးရှုံးနိုင်ခြေအန္တရာယ်ရှိမှုများကို ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်ပါကြောင်း၊ ငွေကြေးခဝါချမှု ပြဿနာသည် ကြီးမားသည့် ပြဿနာဖြစ်ပြီး ယင်းနှင့်ဆက်စပ်၍ ရာဇဝတ်မှုများစွာ ဖြစ်ပေါ်စေနိုင်ကြောင်း၊ ခေတ်မီနည်းပညာများ ထွန်းကားလာသည့်အတွက် ထိန်းချုပ်ရန် များစွာခက်ခဲကြောင်း၊ အဂတိလိုက်စားမှုကြောင့် ရရှိလာသည့်ငွေကြေးနှင့် ပစ္စည်းများကို ငွေကြေးခဝါချခြင်းဆောင်ရွက်သည့်အတွက် ၎င်းပြဿနာ(၂)ရပ်လုံးသည် ကိုယ်ကျိုးစီးပွားအခြေခံသည့်ကိစ္စများဖြစ်ပါကြောင်း၊ ဒေသတွင်း၌သာမက နယ်စပ်ဖြတ်ကျော်မှုခင်းများအထိ ဖြစ်ပေါ်လာသည့်အတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ (၂၁) ရာစုမှစ၍ သက်ဆိုင်ရာဆက်စပ်ဌာနများက စည်းမျဉ်း ၊ လုပ်ထုံးလုပ်နည်းများ ချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ UNODC ၏ စစ်တမ်းအရ ငွေကြေးခဝါချမှုကြောင့် ကမ္ဘာပေါ်တွင် (၅၀) ရာခိုင်နှုန်းအထိ နစ်နာဆုံးရှုံးမှုများရှိပါကြောင်း၊ ငွေကြေးခဝါချမှုသည် မူးယစ်ဆေးဝါးမှု၊ အကြမ်းဖက်တိုက်ခိုက်မှုများအထိ ဆက်နွှယ်လျက်ရှိပြီး ငွေကြေးပမာဏသာမက ရာဇဝတ်မှုများစွာ ဖြစ်ပွားစေပြီး ဆုံးရှုံးနစ်နာမှုများစွာရှိစေနိုင်သည့်အတွက် အမျိုးသားရေးတာဝန်အဖြစ်ခံယူလျက် ပူးပေါင်းတိုက်ဖျက်ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

        ဆက်လက်၍ ရဲမှူးချုပ်မျိုးသူစိုးက အဂတိလိုက်စားမှုများသည် ငွေကြေးခဝါချခြင်းနှင့် ဆက်နွှယ်လျက်ရှိသည့် ပြဿနာတစ်ရပ်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယရဲမှူးကြီးမြင့်စိုးက ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်များ၊ ငွေကြေးခဝါချမှုနှင့်ဆက်နွှယ်သော နိုင်ငံဖြတ်ကျော်မှုခင်းများ၊ ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်အောင်က ငွေကြေးဆိုင်ရာစုံစမ်းစစ်ဆေးခြင်းနှင့် သင်ခန်းစာလေ့လာသုံးသပ်ဖော်ထုတ်ခြင်း (Case Study) များ ဆွေးနွေး‌ခဲ့ကြပြီး တက်ရောက်လာသူများမှ မေးခွန်းများမေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။


ဆက်စပ် သတင်းများ