အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဦးဆောင်၍ UN 75 Initiative အတွက် “အစိုးရနှင့် ပြည်သူများအကြား ယုံကြည်မှု တည်ဆောက်ရေး” စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

  • Fri, 28 August 2020

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဦးဆောင်၍ UN 75 Initiative အတွက် “အစိုးရနှင့် ပြည်သူများအကြား ယုံကြည်မှု တည်ဆောက်ရေး” စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း


နေပြည်တော်၊ ဩဂုတ် ၂၆


        ကုလသမဂ္ဂ ထူထောင်သည့် ၇၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် UN 75 Initiative အစီအစဉ်တွင် ပါဝင်ဆောင်ရွက်ရန် ကော်မရှင်မှ ဦးဆောင်၍ ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းနှင့် လူငယ်အဖွဲ့အစည်းများပါဝင်သော “အစိုးရနှင့် ပြည်သူများအကြား ယုံကြည်မှု တည်ဆောက်ရေး” အွန်လိုင်းစကားဝိုင်းဆေွးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီတွင် ကော်မရှင်ရုံး၊ နေပြည်တော်၌ Video Conferencing စနစ်ဖြင့် ပြုလုပ်သည်။

        ဆွေးနွေးပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က အဖွင့်အမှာစကားပြောကြားရာ UN 75 Initiative ဆိုသည်မှာ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများအတွက် ဦးစားပေးအစီအစဉ်များကို ပုံဖော်ရာတွင် တစ်နှစ်အတွင်းပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲများ၌ ကမ္ဘာ့လူထု တစ်ရပ်လုံးက ပါဝင်ဆွေးနွေးနိုင်သည့် အစီအစဉ်တစ်ခုဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ယခုကဲ့သို့ အစိုးရဌာနများ၊ စီးပွားရေးလုပ်ငန်းများနှင့် အရပ်ဘက် လူငယ်အဖွဲ့အစည်းများ ပါဝင်ဆွေးနွေးသဖြင့် UN 75 အမှတ်တံဆိပ်တွင် ဖော်ပြသည့်အတိုင်း ကမ္ဘာကြီး၏ အနာဂတ်ကိုပုံဖော်ရာတွင် မိမိတို့ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း၊ ပြည်သူများ အနေဖြင့် အစိုးရများအပေါ်တွင် ထားရှိသော မျှော်လင့်ချက်များ၊ အစိုးရများထံမှ လိုလားတောင့်တသော ဝန်ဆောင်မှုများနှင့် ရယူခံစားလိုသော လွတ်လပ်ခွင့်များ တစ်နေ့တစ်ခြား ပိုမိုတိုးပွားလာနေခြင်းသည် အစိုးရများ၏ စွမ်းဆောင်နိုင်မှု အခြေအနေနှင့် နှိုင်းချိန်စဉ်းစားပါက ကွာဟမှုများရှိနိုင်ကြောင်း၊ ထိုအချက်သည် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင်သာမက ဖွံ့ဖြိုးပြီးနိုင်ငံများတွင် မကြာခဏတွေ့ကြုံနေရသော စိန်ခေါ်မှုဖြစ်ကြောင်း၊ စိန်ခေါ်မှုကိုရင်ဆိုင်ရာတွင် အစိုးရနှင့်ပြည်သူများအကြားတွင် ယုံကြည်မှု ခိုင်ခိုင်မာမာတည်ဆောက် ထားရန် အရေးကြီးပါကြောင်း၊ အစိုးရများအပေါ် ယုံကြည်မှုတိုးတက် မြင့်မားလာစေရန်အတွက် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ (SDGs) အပါအဝင် အပြည်ပြည်ဆိုင်ရာ နှင့်ဒေသဆိုင်ရာမူဝါဒရေးရာ ရည်မှန်းချက်များကို အောင်မြင်စွာ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) ကို ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု၊ သာယာဝပြောမှုနှင့် ပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူများနှင့် ကမ္ဘာမြေ ဟူ၍ မဏ္ဍိုင်ကြီးသုံးရပ်ကို အခြေခံ၍ ရေးဆွဲထားကြောင်း၊ ဆွေးနွေးပွဲတွင် ပါဝင်သူများမှ အတွေ့အကြုံများကိုအခြေခံ၍ မိမိတို့၏ သဘောထားအမြင်များကို လွတ်လပ် ပွင့်လင်းစွာ မျှဝေဆွေးနွေးကြစေလိုကြောင်း ပြောကြားပါသည်။


        ဆက်လက်၍ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က Keynote Speaker အဖြစ် ဆောင်ရွက်ပြီး စကားဝိုင်းဆွေးနွေးပွဲနှင့်ပတ်သက်၍ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးပန်းတိုင် ၁၆ (SDGs-16) အား ရှင်းလင်းပြောကြား၍ ယုံကြည်မှုတည်ဆောက်ရာတွင် အစိုးရ၊ ပြည်သူ၊ ပုဂ္ဂလိက၊ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်နှင့် ယုံကြည်မှု တည်ဆောက်ရန် အခြေခံအချက် (၈) ချက်အား အသေးစိတ်ဆွေးနွေးခဲ့ပါသည်။

        ထို့နောက် ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက Moderator အဖြစ်ဆောင်ရွက်ပြီး ပြည်ထောင်စု ဝန်ကြီးဌာန (၁၆)ခု၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်း (၂)ခု၊ စီးပွားရေးအဖွဲ့အစည်း (၁)ခု၊ အရပ်ဘက်လူမှုအဖွဲ့အစည်း (၃)ခုနှင့် လူငယ်အဖွဲ့အစည်း (၁)ခု အဖွဲ့အစည်းပေါင်း (၂၃)ခုတို့မှ ကိုယ်စားလှယ်များက ပါဝင်ဆွေးနွေးခဲ့ကြပြီး ဘဏ်အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အစိုးရဝန်ထမ်းများ၊ တက္ကသိုလ်များမှ စိတ်ပါဝင်စားသူများက လေ့လာသူအဖြစ် တက်ရောက် ခဲ့ကြပါသည်။

(ကော်မရှင်ဥက္ကဋ္ဌ၏ အဖွင့်အမှာစကား အပြည့်အစုံအား ပူးတွဲတင်ပြအပ်ပါသည်။)




ဆက်စပ် သတင်းများ