MEITI အစီရင်ခံစာ (၂၀၁၆-၂၀၁၇) ပါ အကြောင်းအရာများနှင့်စပ်လျဉ်း၍ တွေ့ဆုံရှင်းလင်းဆွေးနွေး

  • Wed, 7 August 2019

MEITI အစီရင်ခံစာ (၂၀၁၆-၂၀၁၇) ပါ အကြောင်းအရာများနှင့်စပ်လျဉ်း၍ တွေ့ဆုံရှင်းလင်းဆွေးနွေး


နေပြည်တော်၊ (၇-၈-၂၀၁၉)

 

မြန်မာနိုင်ငံ တွင်းထွက်သယံဇာတတူးဖော်ထုတ်လုပ်သည့်လုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး (Myanmar Extractive Industries Transparency Initiative - MEITI)၏ စတုတ္ထအကြိမ်  အစီရင်ခံစာ(၂၀၁၆-၂၀၁၇)ပါ အကြောင်းအရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ၇-၈-၂၀၁၉ ရက်နေ့ ၊ နံနက် (၀၉: ၃၀) နာရီ၌ ကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ EITI ညိှနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ၊  သက်ဆိုင်ရာပြည်ထောင်စု အစိုးရဌာန/ အဖွဲ့အစည်းများမှတာဝန်ရှိသူများ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊  စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။ ​​

ရှင်းလင်းဆွေးနွေးပွဲတွင် ကော်မရှင် ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ရာ ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်၊ အာဂျင်ဒါ ၂၀၃၀ မှာ ဖော်ပြခဲ့သည့်အတိုင်း လူ့အဖွဲ့အစည်းတစ်ရပ်ရဲ့ လူမှု၊ စီးပွားရေးဘဝ ရေရှည်ဖွွံ့ဖြိုးတိုးတက်ရေးသည် မိမိတို့နှင့်သက်ဆိုင်သည့် သဘာဝသယံဇာတများကို ရေရှည်တည်တံ့ခိုင်မြဲသောနည်းလမ်းဖြင့် စီမံခန့်ခွဲနိုင်မှုအပေါ်မူတည်ပါကြောင်း၊ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ခိုင်မြဲစွာကျင့်သုံးနိုင်ခြင်းရှိမှလည်း သယံဇာတများကို တစ်နိုင်ငံလုံးနှင့်ဆိုင်သော အမျိုးသားပိုင်ဆိုင်မှု အနှစ်သာရအစစ်အမှန်အဖြစ် ပေါ်ထွန်းလာစေမှာဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် MEITI ၏ လုပ်ငန်းရည်ရွယ်ချက်များကို တန်ဖိုးထားပါကြောင်း၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များဖြင့် ပြဋ္ဌာန်းထားချက်များသည် လက်တွေ့အမှန်တကယ်လိုက်နာကျင့်သုံး ဖော်ဆောင်မှုများနှင့် ကွာဟချက်ကျယ်ပြန့်စွာရှိနေသည်ကို MEITI မှ နှစ်စဉ်ထောက်ပြလာခဲ့သည်မှာ ယခုအခါ ၂၀၁၆-၂၀၁၇ ကာလအထိ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း၊ ယခုလိုကွာဟချက်များဖြစ်ပေါ်လာရခြင်းသည် အင်စတီကျူးရှင်းများ၏ စွမ်းဆောင်ရည်အကန့်အသတ်ရှိနေခြင်းကြောင့်ဖြစ်နိုင်သလို အဂတိလိုက်စားမှုများကို ကောင်းစွာထိန်းချုပ်နိုင်ခြင်း မရှိသည့်အတွက်ကြောင့်လည်းဖြစ်နိုင်သည်ကို တာဝန်ရှိသူများက အလေးအနက်ထားနိုင်မှသာ အများပြည်သူအကျိုးစီးပွားအတွက် မှန်ကန်ကောင်းမွန်သော ကိုင်တွယ်ဖြေရှင်းနည်းအစစ်အမှန်တစ်ရပ်ကို မိမိတို့ရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

 

ဆက်လက်၍ လုပ်ငန်းစဉ်များနှင့် စတုတ္ထအကြိမ်အစီရင်ခံစာအကျဉ်းချုပ်တို့ကို မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ နည်းပညာကျွမ်းကျင်သူ ဦးထွန်းပေါ်ဦးကလည်းကောင်း၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍနှင့်စပ်လျဉ်း၍ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်းမှ ကျွမ်းကျင်သူ ဦးသန်းဌေးအောင်ကလည်းကောင်း၊ ကျောက်မျက်ကျောက်စိမ်းကဏ္ဍနှင့်စပ်လျဉ်း၍ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးမင်းသူကလည်းကောင်း၊ သတ္တုကဏ္ဍနှင့်စပ်လျဉ်း၍ သတ္တုတွင်းဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်သက်ကလည်းကောင်း၊ ပုလဲကဏ္ဍနှင့်စပ်လျဉ်း၍ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးတင်ဝင်းကိုကလည်းကောင်း၊ စာရင်းဇယားများဖြင့်  ရှင်းလင်းတင်ပြခဲ့ကြပါသည်။

Myanmar Extractive Industries Transparency Initiative (MEITI) လုပ်ငန်းစဉ်များ နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ကိုယ်စားလှယ်များဖြစ်ကြသည့် ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မူမူစော၊ မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းမှ ဒုတိယဉက္ကဋ္ဌ ဦးဇော်ဘိုခန့်၊ Total E&P Myanmar မှ Head of Contractual & Commercial Support ဦးဝင်းတင်၊ စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ Executive Director ဦးဝင်းမျိုးသူနှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး ဦးစိုးဝင်း တို့က ဖြည့်စွက် ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာကြသူများ၏ မေးမြန်းမှုအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

 

မြန်မာနိုင်ငံ တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်သည့်လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (MEITI) လုပ်ငန်းစဉ်အား ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လတွင် EITI အဖွဲ့ဝင်လောင်းနိုင်ငံ (EITI Candidate Country) အဆင့်သို့ ရောက်ရှိခဲ့ကြောင်းနှင့် မြန်မာနိုင်ငံ၏ စတုတ္ထအကြိမ် EITI အစီရင်ခံစာ (၂၀၁၆-၂၀၁၇) ကို ၃၁-၃-၂၀၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

ဆက်စပ် သတင်းများ