'တာဝန်ယူမှုရှိသော အုပ်ချုပ်ရေးနှင့်စီးပွားရေးလုပ်ငန်းများ' ခေါင်းစဉ်ဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအလုပ်ရုံဆွေးနွေးပွဲ ပုသိမ်မြို့၌ ကျင်းပ

  • Sat, 23 March 2019

'တာဝန်ယူမှုရှိသော အုပ်ချုပ်ရေးနှင့်စီးပွားရေးလုပ်ငန်းများ' ခေါင်းစဉ်ဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအလုပ်ရုံဆွေးနွေးပွဲ ပုသိမ်မြို့၌ ကျင်းပ


နေပြည်တော် မတ် ၂၃

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ နည်းပညာအကူအညီဖြင့် “တာဝန်ယူမှုရှိသော အုပ်ချုပ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ” ခေါင်းစဉ်ဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

       အလုပ်ရုံဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်တို့က အမှာစကားများ ပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး၊ ကော်မရှင်အဖွဲ့ဝင်နှင့် ပြင်ပပညာရှင်များ၊ ဒေသခံစီးပွားရေး လုပ်ငန်းရှင်များ စုစုပေါင်း(၆)ဦးတို့က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆိုင်ရာများ၊ တာဝန်ယူမှုရှိသော အုပ်ချုပ်ရေး၊ စီးပွားရေးကဏ္ဍများကို စင်မြင့်ထက်တွင် စကားဝိုင်းအသွင်ဖြင့် ဆွေးနွေးကြသည်။

       အလုပ်ရုံဆွေးနွေးပွဲ၌ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောကြားရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပြည်သူအား အသိပညာပေးခြင်းကို ကြိုးစား ဆောင်ရွက်နေခြင်းအား ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အဂတိကင်းစင်သော ရပ်ဝန်းကြီးဖြစ်ပေါ်လာရေးအတွက် ပူးပေါင်းလိုက်နာဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းမှာ အဂတိတိုက်ဖျက်ရေးဆိုင်ရာ အသိအမြင်များ မြှင့်တင်ပေးခြင်းဖြင့် အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းသွားစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ အဂတိလိုက်စားမှုသည် နိုင်ငံအားဆင်းရဲနွမ်းပါးသည့် အခြေအနေထိဖြစ်ပေါ်စေသည့် စနစ်ဆိုးကြီး ဖြစ်၍ တိုက်ဖျက်ရမှာ ဖြစ်ကြောင်း၊ အဂတိလိုက်စားမှု လျော့ပါးလာသည်နှင့်အမျှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း တို့ကို ပြောကြားသည်။

    ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌဦးအောင်ကြည်က ကော်မရှင်သည် တရားစွဲဆို အရေးယူ ဆောင်ရွက်ရခြင်းများ လျော့ပါးသက်သာသွားစေရေးအတွက် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေးရေးလုပ်ငန်းများနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းများကိုလည်း တချိန်တည်း တစ်ပြိုင်တည်း တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်သည်ဟုသုံးသပ်ပြီး အလုပ်ရုံဆွေးနွေးပွဲများကို ဆက်လက် ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊

    လုပ်ပိုင်ခွင့်အာဏာရှိသူများအနေဖြင့် မိမိတို့ဌာနများတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး သို့မဟုတ် တားဆီးကာကွယ်ရေးလုပ်ငန်းကို စတင်လုပ်ဆောင်တော့မည်ဟု ဆုံးဖြတ်ပြီးလျှင် မိမိတို့ကိုယ်တိုင်နှင့် မိမိတို့အဖွဲ့အစည်းများကို အဂတိကင်းစင်သွားအောင် ကိုယ်တိုင်ကစတင်၍ စွန့်လွှတ်အနစ်နာခံ၊ အဆင်းရဲအပင်ပန်းခံပြီး စနစ်တစ်ခုလုံးကို ပြောင်းလဲသွားစေရန် တာဝန်ယူ ဆောင်ရွက်ရသည့် အလုပ်ဖြစ်ပါကြောင်း၊ ဤသည်မှာ စစ်မှန်သော ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အလုပ်တစ်ခုပင် ဖြစ်ပါကြောင်း၊ အစိုးရဌာနများအတွင်း၌ဖြစ်စေ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ နှင့် အရပ်ဘက် အဖွဲ့အစည်းများ၌ဖြစ်စေ၊ ပင်ကိုရိုးသားဖြူစင်သောအသိစိတ်ဓာတ်ဖြင့် အဂတိလိုက်စားမှုကို စွဲမြဲစွာ ဆန့်ကျင်နေကြသည့်လူများ အများအပြား ရှိနေကြဆဲဖြစ်သည်ဟု ယုံကြည်ကြောင်း၊ အဆိုပါ ပုဂ္ဂိုလ်များသည် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး၌ နေရာပြန်ယူကြစေလိုပြီး အဂတိလိုက်စားမှု စနစ်ဆိုးကို ပြည်သူများနှင့်အတူ တက်ညီလက်ညီတိုက်ဖျက်ကြရန် အချိန်ကျရောက် နေပြီဖြစ်ပါကြောင်း၊ မိမိတို့ဌာနအတွင်း၌ အဂတိလိုက်စားမှုစနစ်ကို လျော့ကျသွားစေရန် မိမိတို့ကိုယ်တိုင် တာဝန်ယူကြမည်ဟူသော ပင်ကိုဖြောင့်မတ်တည်ကြည်သော စိတ်ကောင်းစေတနာ ရှိသည့် နိုင်ငံ့ဝန်ထမ်းကောင်းများအနေဖြင့်−

       (၁) မြို့နယ်နှင့် ကျေးလက်ဒေသအသီးသီးတွင် မိမိဌာနနှင့်ပတ်သက်၍ အဂတိလိုက်စားမှု ဖြစ်ပွားနေမှုများကို စိစစ်ဖော်ထုတ်ရန်၊

      (၂) သေးငယ်သော လာဘ်ပေးလာဘ်ယူမှုများရှိခဲ့လျှင် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ အရေးယူနိုင်ရေး တင်ပြသွားရန်၊ ပိုမိုကြီးမားသော အဂတိလိုက်စားမှုများဖြစ်ခဲ့လျှင် ပြည်ထောင်စုဝန်ကြီးဌာန (သို့မဟုတ်) သက်ဆိုင်ရာအစိုးရအဖွဲ့မှတဆင့် ကော်မရှင်သို့ ဆောလျင်စွာ လွှဲပြောင်းပေးပို့ရန်၊

       (၃) ဌာနကကျင့်သုံးနေသည့် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ညွှန်ကြားချက်များ၌ အဂတိလိုက်စားမှု ဖြစ်နိုင်ခြေအန္တရာယ်များကို တွေ့ရှိရလျှင် ပြည်ထောင်စုဝန်ကြီးဌာန၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ CPU နှင့် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတို့ကို ကြိုတင်တင်ပြသွားသင့်ပါကြောင်း ကော်မရှင်အနေဖြင့် တိုက်တွန်း ပြောကြားလိုပါကြောင်း။

     အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ CPU ဖွဲ့စည်းခြင်းနှင့် အဂတိလိုက်စားမှု ဖြစ်နိုင်ခြေ အန္တရာယ်ရှိမှုအကဲဖြတ်ခြင်း CRA လုပ်ငန်းစဉ်တို့သည် ကမ္ဘာလုံးဆိုင်ရာစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ (SDG) အမှတ်စဉ် ၁၆ နှင့်လည်း ဆီလျှော်ကိုက်ညီမှုရှိပါကြောင်း၊ ယခုအခါ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းသည် ကမ္ဘာလုံးဆိုင်ရာ အခြေခံကျင့်သုံးမှု (Universality) ဖြစ်သည်ဟုပြောနိုင်နေပြီဖြစ်ကြောင်း၊ မိမိတို့ကိုယ်တိုင် စတင်ပြောင်းလဲခြင်းနှင့် မိမိတို့၏အဖွဲ့အစည်းများကို ပြောင်းလဲလာစေရန် တာဝန်ယူခြင်းတို့ဖြင့် မိမိတို့လူ့အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကိုပြန်လည် မြှင့်တင်ပေးကြပါ၊ နိုင်ငံတော်၏ အုပ်ချုပ်ရေးလုပ်ငန်းနှင့် စီးပွားရေး လုပ်ငန်းတို့တွင် တာဝန်ယူမှု မြှင့်တင်ပေးကြပါရန် တိုက်တွန်းကြောင်းပြောကြားခဲ့ပါသည်။

    ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် တက်ရောက်လာကြသူများနှင့် အတူ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြသည်။ အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ကော်မရှင်အဖွဲ့ဝင်ဦးစိုးတင့်က“ကော်မရှင်၏အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာဆောင်ရွက်မှုများ”၊ တိုင်းဒေသကြီးစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းက “တာဝန်ယူမှုရှိသောအုပ်ချုပ်ရေးကဏ္ဍ”၊ ဒေါက်တာတင်မောင်သန်း (သင့်ဘဝ)က“တာဝန်ယူမှုရှိသောအုပ်ချုပ်ရေးကဏ္ဍ”၊ ဒေါက်တာဇော်ဦး က “တာဝန်ယူမှုရှိသောCSOများကဏ္ဍ”၊ ကုန်သည်စက်မှုအသင်းချုပ်မှ ဦးဝင်းမြင့်အောင် က “ တာဝန်ယူမှု ရှိသောစီးပွားရေးကဏ္ဍ”နှင့် ဒေသခံစီးပွားရေးလုပ်ငန်းရှင် ဦးဝင်းမြင့်လှိုင်က “တာဝန်ယူမှု ရှိသောစီးပွားရေးလုပ်ငန်းများ” ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးကြသည်။

     မွန်းလွဲပိုင်းတွင် တက်ရောက်ကြသူများက သိရှိလိုသည်များ မေးမြန်းကြရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။

     ယင်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးမှုရလဒ်များအပေါ် သုံးသပ်ပြောကြားသည်။ ဆွေးနွေးပွဲသို့ ကော်မရှင်အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းအတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP မှ တာဝန်ရှိသူများ၊ အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ မီဒီယာများ စုစုပေါင်းအင်အား(၅၀၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

ဆက်စပ် သတင်းများ