အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌမှ Anti-Illicit Trade Forum 2018 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားပြီး ဖွင့်လှစ်ပေး

  • Wed, 5 September 2018

မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်သည် နေပြည်တော်ရှိ M-Gallery ဟိုတယ်၌ ကျင်းပသည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဖိုရမ် (၂၀၁၈)သို့ တက်ရောက်၍ အဖွင့်မိန့်ခွန်း ပြောကြားသည်။

အဖွင့်မိန့်ခွန်းပြောကြားရာ၌ ကမ္ဘာ့တစ်ဝှမ်းတွင် ဖြစ်ပေါ်နေသော တရားမဝင်ကုန်သွယ်မှုများ ကြောင့် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်စေပြီး စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုအသိုင်းအဝိုင်းကို ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေပါကြောင်း၊ ထို့အပြင် အများပြည်သူဆိုင်ရာ ကျန်းမာရေးနှင့် လုံခြုံမျုများကို ဆိုးရွားစွာထိခိုက်စေပြီး လူမှုရေး ဆိုင်ရာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူးပန်မှုများဖြစ်ပေါ်စေသော အခြားပြစ်မှုဆိုင်ရာနှင့် အုပ်ချုပ်မှု ဆိုင်ရာ ဥပဒေများကို ချိုးဖောက်ခြင်းများ ဖြစ်ပေါ်စေနိုင်ပါကြောင်း၊

ဤဖိုရမ်၌ ပါဝင်တက်ရောက်သူများအနေဖြင့် တရားမဝင် ကုန်သွယ်မှုများနှင့်ပတ်သက်၍ လွတ်လပ်စွာ ဆွေးနွေးပေးပါရန်နှင့် ယခုဖိုရမ်တွင် ဆွေးနွေးရရှိလာသည့် သဘောထားအမြင်များ၊ အကြံဉာဏ် များသည် မိမိတို့ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတွက် အထောက်အကူ ဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း၊ တရားမဝင် ကုန်သွယ်မှုနှင့် အဂတိလိုက်စားမှုများကို တိုက်ဖျက်နိုင်ရန်အတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပြည်သူလူထုတစ်ရပ်လုံးမှ ပူးပေါင်း ပါဝင်ဆောင်ရွက်သွားပေးပါရန် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားခဲ့ပါသည်။

Eurocham Myanmar အနေဖြင့် စီးပွားရေးသတင်းအချက်အလက် ယူနစ်(EIU)နှင့် ပူးပေါင်း၍ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး နိုင်ငံပေါင်းစုံမဟာမိတ်အဖွဲ့ (TRACIT) အစီအစဉ်အရ ဤဖိုရမ်ကို ပူးတွဲကျင်းပခြင်းဖြစ်ပါသည်။ ယင်းအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၅ ရက် (ဗုဒ္ဓဟူးနေ့)တွင် နေပြည်တော် M-Gallery ဟိုတယ်၌ ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပသည့် အခမ်းအနားတစ်ရပ်လည်းဖြစ်ပါသည်။ Eurocham Myanmar အုပ်ချုပ်မှု ဒါရိုက်တာ Mr. Filip Lauwerysen နှင့် ပြည်တွင်း/ပြည်ပ ပုဂ္ဂလိကလုပ်ငန်းများမှ ကိုယ်စားလှယ် များ၊ အစိုးရအရာရှိကြီးများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပညာရပ်နယ်ပယ်များမှ ပညာရှင်များ ပါဝင်တက်ရောက်ကြပြီး တရားမဝင်ကုန်သွယ်မှု ဝန်းကျင်ဆိုင်ရာ အညွှန်းကိန်း(Global Illicit Trade Environment Index) တွေ့ရှိချက်များ၊ အသေးစိတ်သုတေသနရလဒ်များနှင့် အကြံပြု ချက်များကို တင်ပြဆွေးနွေးသွားမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် GITEI Index အရ အကဲဖြတ်ရာတွင် စီးပွားရေးကဏ္ဍ (၈၄) နေရာ၌ ညွှန်းကိန်းအရ (၈၂) နေရာတွင် တည်ရှိနေပြီး အစိုးရမူဝါဒ၊ ရောင်းလိုအားနှင့် ဝယ်လိုအား၊ ပွင့်လင်းမြင်သာမှုနှင့် ကုန်သွယ်မှု၊ အကောက်ခွန်သဘာဝပတ်ဝန်းကျင်ကဏ္ဍ (၄) ရပ်လုံးကို ခြုံငုံ သုံးသပ်ထားသော ညွှန်းကိန်းဖြစ်ကြောင်း သိရှိရပါသည်။

ဆက်စပ် သတင်းများ