အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှပညာရေးဝန်ကြီးဌာနသို့ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေးအစီအစဉ် (အခြေခံပညာ မူလတန်း)ဆရာကိုင်စာအုပ် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား

  • Thu, 18 October 2018

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှပညာရေးဝန်ကြီးဌာနသို့ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေးအစီအစဉ် (အခြေခံပညာ မူလတန်း)ဆရာကိုင်စာအုပ် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား


နေပြည်တော် ၊ အောက်တိုဘာလ ၁၈ ရက်


မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ကျောင်းသား၊ကျောင်းသူများ၏ "ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေးအစီအစဉ်(အခြေခံပညာမူလတန်း)" ဆရာကိုင် စာအုပ်အားပုံနှိပ်ပြီး ယခုပညာသင်နှစ်အမှီ အချိန်မှီဖြန့်ဝေသင်ကြားပေးနိုင်ရန်အတွက် စာအုပ်ရေ (၄ဝဝဝဝ)အား ကော်မရှင်မှ ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ၁၈-၁၀-၂၀၁၈ ရက်နေ့၊ နေ့လည် (၁၂:ဝ၀) နာရီအချိန်တွင် ရုံးအမှတ် (၂၁)၊ ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးခန်းမ၌ ကျင်းပခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌမှ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်ကို အခြားတိုင်းပြည်ကဲ့သို့ နည်းလမ်း(၃)သွယ်ဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ နည်းလမ်း(၃)သွယ်ရှိ ပထမနည်းလမ်းမှာ စုံစမ်းစစ်ဆေးခြင်းနှင့်တရားစွဲဆိုခြင်းဖြစ်ပြီး၊ ဒုတိယနည်းလမ်းသည် တားဆီးကာကွယ်ရေးအပိုင်းဖြစ်ကြောင်း၊ တတိယအပိုင်းမှာ အသိပညာပေးခြင်းနည်းလမ်းဖြစ်ပါကြောင်း၊ နည်းလမ်း(၃)သွယ်လုံးကို တစ်ပြိုင်ထဲဆောင်ရွက်ခြင်း ဖြစ်ပြီး အသိပညာပေးခြင်းလုပ်ငန်းသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်ထဲတွင် အရေးကြီးဆုံး လုပ်ငန်း၊ အထိရောက်ဆုံး လုပ်ငန်း၊ အလျင်မြန်ဆုံးလုပ်ငန်း၊ နစ်နာမှုအနည်းဆုံးလုပ်ငန်းနှင့် လူတွေကို ကိုယ်ကျင့်တရားနဲ့ပြည့်စုံဖို့ ပြုပြင်ပေးသည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ထိုလုပ်ငန်းစဉ်သည် တာရှည်၊ နှစ်ပေါင်းများစွာ ခိုင်ခံ့မှာဖြစ်ပါကြောင်း၊ "ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေးအစီအစဉ် " ဆရာကိုင်စာအုပ်သည် အဓိကအားဖြင့် မူလတန်းငယ်ကလေးသူငယ်တွေအတွက်ဖြစ်တာမို့ အရေးကြီးသည့် အချက်(၂)ချက်အား ဖော်ပြထားခြင်းဖြစ်ကြောင်း၊ အမှန်တရားကိုလက်ခံဖို့၊ အမှန်တရားကို မြတ်နိုးဖို့နှင့် ဝန်ခံတတ်ဖို့၊ တာဝန်ယူတတ်ဖို့ဖြစ်ပါကြောင်း၊ အခြေခံအဆင့်မှစ၍ ရှေ့အဆင့်ဆင့်ထိ ဒီထက်ပိုပြီး မြင့်မားသည့် အသိပညာပေးရေး လုပ်ငန်းစဉ်တွေ ပြုစုတင်ပြသွားဖို့ရှိပါကြောင်း၊ အဆိုပါစာအုပ် ဖြစ်မြောက်ရေး အတွက် အားလုံးပါဝင်ခဲ့ကြသည့် ပညာရေးဝန်ကြီးဌာနအပါအဝင်၊ အခြားအဖွဲ့အစည်းများ၊ အထူးသဖြင့် UNODC ၊ အဖွဲ့အစည်းအသီးသီးမှ ပါဝင်ခဲ့ကြသည့်ပုဂ္ဂိုလ် အားလုံးကျေးဇူး တင်ရှိပါကြောင်း၊ နိုင်ငံတော်အတွက် " အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး ယန္တရားတစ်ရပ် " အနေဖြင့် ပထမဆုံးထုတ်ပြန်သည့် စာအုပ်တစ်အုပ်ဖြစ်သည့်အတွက် အကျိုး သက်ရောက်မှုနှင့် သမိုင်းဝင်မှုမှာ သိသာထင်ရှားသည့် စာအုပ်တစ်အုပ် ဖြစ်လာလိမ့်မည်လို့ မျှော်လင့်ပါ ကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပညာရေးဝန်ကြီးမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က "ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေးပညာပေး အစီအစဉ်စာအုပ်" အား ပြုစုနိုင်ရေးနှင့် အသိပညာပေးအစီအစဉ် အတွက် မူလတန်းပညာရေးမှစတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လိုပါကြောင်း အဆိုပြုလာပါသဖြင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် ဝမ်းမြောက်ဝမ်းသာစွာ ပူးပေါင်းကူညီ ဆောင်ရွက်လိုပါကြောင်း၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအတွက် လုပ်ဆောင်ရမည့် ကိစ္စလည်းဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ တစ်ကိုယ်ရည်သန့်ရှင်းရေး အပိုင်းတွင်လည်း ကိုယ်ကိုတိုင် တားဆီးကာကွယ်ရေး အသိပညာ ပေးခြင်းများ ဆောင်ရွက်ထားပါကြောင်း၊ ပညာရေး လုပ်ငန်းတွင် ဆရာ၊ ဆရာမများသည် ကျောင်းသူ၊ ကျောင်းသားများ အသိပညာဖွံ့ဖြိုးတိုးတက်ရေး ၊ ကိုယ်ကျင့်သိက္ခာမြင့်မားရေးကို လက်တွေ့ကျကျ ဆောင်ရွက်ရမည့် ပုဂ္ဂိုလ်များဖြစ်ကြောင်း၊ ကော်မရှင် မှ လွှဲပြောင်းပေးအပ်သည့် ဆရာကိုင်စာအုပ် (၄ဝဝဝဝ)အား ပညာရေးနှီးနှောဖလှယ်ပွဲတွင် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း၊ "ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေးအစီအစဉ်" ကို အားလုံးက ဝိုင်းဝန်းပြီး ပူးပေါင်းဆောင်ရွက်ပေးကြပါဟု တိုက်တွန်းပြောကြားခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဖိတ်ကြားထားသော ပြည်ထောင်စုဝန်ကြီးများ၊ သက်ဆိုင်ရာဌာနအသီးသီးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

ဆက်စပ် သတင်းများ