အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အမေရိကန်ပြည်ထောင်စု တရားရေးဌာနနှင့် ပူးပေါင်းပြီးForensic Accounting Workshop အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားပြုလုပ်

  • Mon, 12 November 2018

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အမေရိကန်ပြည်ထောင်စု တရားရေးဌာနနှင့် ပူးပေါင်းပြီးForensic Accounting Workshop အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားပြုလုပ်


မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် အမေရိကန်ပြည်ထောင်စု တရားရေး ဌာန၏ ပင်လယ်ရပ်ခြား ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ပူးပေါင်းဖွင့်လှစ်သည့် Forensic Accounting Workshop အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၁၂-၁၁-၂၀၁၈ ရက်နေ့၊ နံနက်(ဝ၉:ဝဝ) နာရီတွင် နေပြည်တော်ရှိ Hilton Hotel ၌ ပြုလုပ်ရာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်၊ ကော်မရှင် အတွင်းရေးမှူး ဦးစန်းဝင်းနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ United States Department of Justice မှ Resident Legal Advisor, Mr. Robert Strang က ဦးဆောင်သည့် သင်တန်းဆရာများ၊ ကော်မရှင်ရုံးမှ ဝန်ထမ်းများနှင့် သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။

သင်တန်းဖွင့်ပွဲတွင် ကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံသည် အဂတိလိုက်စားမှုနှင့် ပတ်သက်ပြီး ဆယ်စုနှစ်များစွာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်ကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ နှစ်ရှည်ဖြစ်ပွားနေသော ပဋိပက္ခများမဖြေရှင်း နိုင်သေး ခြင်း၊ အားနည်းသော အုပ်ချုပ်မှုနှင့် Institution များ ပြည့်စုံလုံလောက်မှု မရှိသေးခြင်း၊ နယ်စပ် ဒေသများ ဝင်ပေါက်များ လုံလောက်စွာ မထိန်းချုပ်နိုင်မှုများကြောင့် မူးယစ်ဆေးဝါး သယ်ဆောင်မှု၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု၊ သဘာဝ သယံဇာတနှင့် တရားမဝင်ကုန်သွယ်မှု စသည့် နယ်စပ်ဖြတ်ကျော်မှုခင်းများ ရှိနေခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ ဤမှုခင်းများ၌ ငွေကြေး လည်ပတ်မှုသည် အလွန်ရှုပ်ထွေးခက်ခဲသောစနစ်(Sophisticated modus operandi) ဖြစ်နေကြောင်း၊ ထိုဖြစ်ရပ်များအပေါ် ကော်မရှင်သည် အစိုးရဌာနဆိုင်ရာများ၊ မိတ်ဖက် အဖွဲ့ အစည်းများနှင့်ပူးပေါင်းပြီး စုံစမ်းဖော်ထုတ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ပြုလုပ် သည့် အလုပ်ရုံဆွေးနွေးပွဲ(Forensic Accounting Workshop)သည် ကော်မရှင် အပါအဝင် ပြည်ထဲရေးဝန်ကြီးဌာန၊ ရှေ့နေချုပ်ရုံး၊ စာရင်းစစ်ချုပ်ရုံးတို့မှ ဝန်ထမ်းများအား အဆိုပါ ခက်ခဲသော မှုခင်းဆိုင်ရာစာရင်းအင်းများကို စုံစမ်းဖော်ထုတ်နိုင်ရန် စွမ်းဆောင်ရည် မြှင့်တင် ပေးသည့် ဆွေးနွေးပွဲဖြစ်ကြောင်းနှင့် ရခဲသော အခွင့်အရေးဖြစ်၍ ကြိုးစားလေ့လာ သင်ယူ ဆွေးနွေးကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ထို့နောက် အမေရိကန် ပြည်ထောင်စု တရားရေးဌာနမှ Resident Legal Advisor, Mr. Robert Strang က အမှာစကားပြောကြားခဲ့ပြီး၊ ဖွင့်ပွဲအခမ်းအနားအပြီးတွင် အလုပ်ရုံ ဆွေးနွေးပွဲကို ဆက်လက် ကျင်းပခဲ့ပါသည်။

အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲသို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ ကော်မရှင် အဖွဲ့ဝင်(၃) ဦးက လေ့လာသူအဖြစ် တက်ရောက်၍ ကော်မရှင်ရုံးမှ အရာထမ်း၊ အမှုထမ်း(၂၅)ဦး၊ ပြည်ထဲရေး ဝန်ကြီး ဌာနမှ(၃)ဦး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ(၁)ဦး၊ ပြည်ထောင်စု စာရင်းစစ် ချုပ်ရုံးမှ(၁)ဦးသင်တန်းသားစုစုပေါင်း(၃၀)ဦးတက်ရောက်ခဲ့ပြီးအလုပ်ရုံဆွေးနွေးပွဲကာလမှာ၁၂-၁၁-၂၀၁၈ရက်နေ့မှ၁၃-၁၁-၂၀၁၈ရက်နေ့ထိ(၂)ရက်ကြာမြင့်မည်ဖြစ်ပါသည်။

ဆက်စပ် သတင်းများ