အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် (UNODC) တို့ပူးပေါင်း၍Vulnerability to Corruption Assessment (VCA)အလုပ်ရုံဆွေးနွေးပြုလုပ်ခြင်း

  • Fri, 18 January 2019

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် (UNODC) တို့ပူးပေါင်း၍Vulnerability to Corruption Assessment (VCA)အလုပ်ရုံဆွေးနွေးပြုလုပ်ခြင်း


    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC)တို့ ပူးပေါင်း၍ Vulnerability to Corruption Assessment အလုပ်ရုံဆွေးနွေးပွဲကို ကော်မရှင်ရုံးစုပေါင်းခန်းမ၌ ၁၈-၁-၂၀၁၉ ရက်နေ့ ၁၀:၀၀ နာရီမှ ၁၇:၀၀ နာရီထိ ပြုလုပ်ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိ အရာထမ်း(၅၀)ဦး တက်ရောက်ကြပါသည်။

    အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားရာ၌ (Vulnerability to Corruption Assessment -VCA) အလုပ်ရုံဆွေးနွေးပွဲသည် အဂတိလိုက်စားမှု အကဲဖြတ်သုံးသပ်ခြင်းအပေါ် ထိလွယ်၊ ရှလွယ်ရှိသောနေရာများကို ရှာဖွေလေ့လာနိုင်ရန်ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်၏မူဝါဒအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ရာတွင် အစိုးရဌာနအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများတို့က ကိုယ့်အဖွဲ့အစည်းနှင့်ကိုယ် ကိုက်ညီမည့် အဂတိလိုက်စားမှု ထိန်းချုပ်ရေးနည်းလမ်းများကို ဟန်ချက်ညီညီဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ထို့အပြင် မိမိဌာနအလိုက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အောင်မြင်မှုသည် မည်သည့်အခြေအနေရှိသည်ဆိုသည်ကို အမြဲဆန်းစစ်ဖို့လည်းလိုကြောင်း၊ ဤသို့ဆောင်ရွက်ရာတွင် ယနေ့ဆွေးနွေးမည့် အဂတိလိုက်စားမှု အကဲဖြတ်စနစ်ကို ကောင်းစွာ နားလည်သဘောပေါက်ထားသင့်ကြောင်း ပြောကြားခဲ့ပါသည်။

    အလုပ်ရုံဆွေးနွေးပွဲတွင် UNODC မှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူ စာချုပ်နှင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး ကျွမ်းကျင်သူပညာရှင် Alma Sedlar က VCA လုပ်ငန်းစဉ်ရေးဆွဲခြင်း၊ အဂတိလိုက်စားမှု ဖြစ်ပွားတတ်သော ဝန်းကျင်အခြေအနေများတွင် ခုခံ နိုင်စွမ်း အားနည်းမှုများကို ဖော်ထုတ်ပြုစုခြင်း၊ လျှော့ချရေးစီမံချက်ရေးဆွဲခြင်း၊ ဆန်းစစ်ခြင်းများ ပြုလုပ်ခြင်း၊ အဆင့်သတ်မှတ်ခြင်း လက်တွေ့ ဆွေးနွေး လေ့ကျင့်ခြင်းတို့ကို အသေးစိတ် ဆွေးနွေးပို့ချ ပါသည်။

       တက်ရောက်လာကြသော ပြည်ထောင်စုဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ်များက သိလိုသောမေးခွန်းများ မေးမြန်းခြင်း၊ ဆွေးနွေးခြင်းတို့ ပြုလုပ်ပြီး ၁၇:၀၀ နာရီတွင် အလုပ်ရုံဆွေးနွေးပွဲ ပြီးစီးပါသည်။

ဆက်စပ် သတင်းများ