စုံစမ်းစစ်ဆေးရေး လုပ်ထုံးလုပ်နည်းစာစောင်ပြုစုရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခြင်း

  • Fri, 23 March 2018

စုံစမ်းစစ်ဆေးရေး လုပ်ထုံးလုပ်နည်းစာစောင်ပြုစုရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခြင်း


    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စုံစမ်းစစ်ဆေးသည့် အမှုများတွင် စံထားလိုက်နာ ကျင့်သုံး ရမည့် စုံစမ်းစစ်ဆေးရေး လုပ်ထုံးလုပ်နည်းစာစောင်ပြုစုရေး  အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၂.၃.၂၀၁၈ ရက်နေ့ နံနက်(၀၉:၃၀) အချိန်က နေပြည်တော် သင်္ဂဟဟိုတယ်တွင် ကျင်းပသည်။

    အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် နှင့် ကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ အရာထမ်းများနှင့် UNODC မှ ကျွမ်းကျင်သူ Mr.Rhghavan Kuppuswamy တို့ တက်ရောက်ကြသည်။

    အခမ်းအနားတွင် ကော်မရှင် ဥက္ကဋ္ဌက မိမိတို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ရည်မှန်းချက် Mission မှာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် အဂတိလိုက်စားမှုတားဆီးကာကွယ် တိုက်ဖျက်ရေးပင် ဖြစ်ကြောင်း၊ တိုင်စာများကို စုံစမ်းစစ်ဆေးသည့်အပြင် ကြိုတင်တားဆီးကာကွယ်ရေးလုပ်ငန်းများ ကို လည်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကော်မရှင်သည် လုပ်ငန်းများဆောင် ရွက်ရာတွင် ကျင့်ဝတ်သိက္ခာနှင့်အညီ တာဝန်ယူမှု တာဝန်ခံမှုရှိရှိနှင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးရေး လုပ်ထုံးလုပ်နည်းပြုစုခြင်းသည် ကော်မရှင်၏ လုပ်ငန်းတာဝန်များ ကို တာဝန်ယူမှု တာဝန်ခံမှုရှိစွာ ဆောင်ရွက်နိုင်ရေးအတွက် အလွန်အရေးကြီးသည့်လုပ်ငန်းဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးရေး လုပ်ထုံးလုပ်နည်းပြုစုရာတွင် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများ၊ အပြည်ပြည်ဆိုင်ရာ စံနှုန်းများနှင့်အညီ တိကျခိုင်မာစွာ ရေးသားရန်လိုအပ်သည့်အပြင် ရေးဆွဲပြီးသည့် လုပ်ထုံးလုပ်နည်းကို လက်တွေ့ကျင့်သုံး အကောင်အထည် ဖော်ဆောင်နိုင်ရန် လိုအပ်ကြောင်း၊ စုံစမ်းစစ်ဆေးရေး လုပ်ထုံး လုပ်နည်းကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ရေးဆွဲခဲ့ရာ အပြီးသတ်ညှိနှိုင်းသည့်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ယခုအလုပ်ရုံ ဆွေးနွေးပွဲပြီးဆုံးပါက မကြာမီ ထုတ်ပြန်နိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ ကော်မရှင်သည် စုံစမ်းစစ်ဆေးရေး လုပ်ထုံးလုပ်နည်းအပြင် ကော်မရှင်နှင့် ကော်မရှင်ရုံးဝန်ထမ်းများ လိုက်နာရမည့် ကျင့်ဝတ်စည်းမျဉ်း (Code of Conduct) ကိုလည်း ရေးဆွဲလျှက်ရှိရာ ဧပြီလအတွင်း ပြည်သူလူထုသိရှိနိုင်ရန်  ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့ကော်မရှင်သည် အဆိုပါ ကျင့်ဝတ်စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများကို တိကျစွာလိုက်နာ ကျင့်သုံးသွားခြင်းဖြင့် ဂုဏ်သိက္ခာရှိသော အဖွဲ့အစည်း၊  တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝရှိသော အဖွဲ့အစည်းဖြစ်အောင် တည် ဆောက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲ (၁၇:၃၀) အချိန်တွင် ပြီးဆုံးခဲ့ပါသည်။

ဆက်စပ် သတင်းများ