အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN-PAC) ၏ ၁၈ ကြိမ်မြောက် အကြီးအမှူးများအစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်၊ (ASEAN-PAC) နားလည်မှုစာချွန်လွှာ/ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (Anti-Corruption Commission-ACC) နှင့် ကမ္ဘောဒီးယားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (Anti-Corruption Unit-ACU) တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

  • Tue, 22 November 2022

အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN-PAC) ၏ ၁၈ ကြိမ်မြောက် အကြီးအမှူးများအစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်၊ (ASEAN-PAC) နားလည်မှုစာချွန်လွှာ/ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (Anti-Corruption Commission-ACC) နှင့် ကမ္ဘောဒီးယားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (Anti-Corruption Unit-ACU) တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး


၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၂  ရက်

အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN Parties Against Corruption_ ASEAN-PAC) ၏ (၁၈) ကြိမ်မြောက် အကြီးအမှူးများအစည်းအဝေးကို ၂၂-၁၁-၂၀၂၂ ရက်နေ့တွင် ကမ္ဘောဒီးယားဘုရင့်နိုင်ငံ၊ ဖနွမ်းပင်မြို့၊ Hyatt Regency Phnom Penh ဟိုတယ်၌ ကျင်းပရာ ကမ္ဘောဒီးယားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (Anti-Corruption Unit - ACU) ဒုတိယဥက္ကဋ္ဌ H.E YONN SINAT ကမ္ဘောဒီးယားဘုရင့်နိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆမ်က ကြိုဆိုနှုတ်ခွန်းဆက်စကားအား ဖတ်ကြားပြီး ASEAN-PAC အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့(Anti-Corruption Unit-ACU) ဥက္ကဋ္ဌ H.E. Kittinitikosalbindit Om Yentieng က အဖွင့်အမှာစကားပြောကြားကာ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။ အစည်းအဝေးသို့ ASEAN-PAC အဖွဲ့ဝင်နိုင်ငံများရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အေဂျင်စီများမှ အကြီးအကဲများနှင့် မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေ အပါအဝင် ကိုယ်စားလှယ်များ စုစုပေါင်း (၅၉) ဦး ပါဝင်တက်ရောက်ခဲ့ကြသည်။ 

အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ASEAN-PAC နားလည်မှုစာချွန်လွှာ (Memorandum of Understanding-MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်၍ ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ACU)  ဥက္ကဋ္ဌ၊ Senior Minister ၊ H.E. Kittinitikosalbindit Om Yentieng နှင့်တွေ့ဆုံကာ နှစ်နိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပါသည်။ ထို့နောက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနားလည်မှုစာချွန်လွှာ (Memorandum of Understanding -MoU) ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။ နားလည်မှုစာချွန်လွှာကို နှစ်နိုင်ငံအကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ သတင်းအချက်အလက်များဖလှယ်ရန်၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များဖြစ်သည့် စစ်တမ်းကောက်ယူခြင်း၊ အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှုဆန်းစစ်ခြင်း၊ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ခြင်းနှင့် နည်းပညာအထောက်အကူပြု ကျွမ်းကျင်သင်တန်းများ ဖွင့်လှစ်နိုင်ရေးတို့ကို ပူးပေါင်းဆောင်ရွက်နိုင်ရေးရည်ရွယ်၍ လက်မှတ်ရေးထိုးခြင်းဖြစ်သည်။

မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးခိုင်မာ အားကောင်းစွာ တည်ဆောက်ထားနိုင်ပြီး ယခုကဲ့သို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းဖြင့် နှစ်နိုင်ငံရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာအားကောင်းအောင် တည်ဆောက်နိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံအကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးနယ်ပယ်တွင် အတွေ့အကြုံနှင့် အလေ့အကျင့်ကောင်းများကို အပြန်အလှန်မျှဝေခြင်းဖြင့် ထိရောက်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆောင်ရွက်မှုများကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။

ဆက်စပ် သတင်းများ