မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ အစိုးရစစ်ဆေးရေးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရန် သွားရောက်သည့်ခရီးစဉ်

  • Wed, 14 October 2015

မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ အစိုးရစစ်ဆေးရေးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရန် သွားရောက်သည့်ခရီးစဉ်


ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟနွိုင်းမြို့တွင် ၁၄-၁၀-၂၀၁၅ ရက်နေ့ မှ ၁၇-၁၀-၂၀၁၅ ရက်နေ့ထိ နှစ်နိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရန် မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးမြဝင်း ဦးဆောင်ပြီး ကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင် နှင့် ဦးနေဝင်း ပါဝင်သော အဖွဲ့တို့ သွားရောက်ခဲ့ပါသည်။

ရည်ရွယ်ချက်မှာ ဗီယက်နမ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ ပူးပေါင်း၍ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရန်၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမို ခိုင်မြဲလာစေရန်၊ နှစ်နိုင်ငံပူးပေါင်း၍ စီးပွားရေးကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ရင်းနှီးမြှုပ်နှံမှုကိစ္စများတွင် အဂတိ လိုက်စားမှုများရှိလာပါက နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန်၊ အဂတိလိုက်စားမှုကို တားဆီးကာကွယ်ရန်နှင့် ဗီယက်နမ်နိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အတွက် ကြိုးပမ်းဆောင်ရွက်နေသည့် လုပ်ငန်းများ၊ အတွေ့အကြုံများကို လေ့လာရန်ဖြစ်ပါသည်။

၁၅-၁၀-၂၀၁၅ ရက်နေ့ ဗီယက်နမ်နိုင်ငံ အစိုးရစစ်ဆေးရေးဌာနရုံးတွင် ပြုလုပ်သည့် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ၌ ဗီယက်နမ်နိုင်ငံ စစ်ဆေးရေးမှူးချုပ် H.E. Mr. Huynh Phong Tranh နှင့် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးမြဝင်းတို့က နားလည်မှုစာချွန်လွှာတွင် လက်မှတ်ရေးထိုးကြပါသည်။

နှစ်နိုင်ငံ (MOU) များ လဲလှယ်စဉ်

နှစ်နိုင်ငံ ဆွေးနွေးမှုပြုလုပ်စဉ်

ဗီယက်နမ်နိုင်ငံ အစိုးရစစ်ဆေးရေးဌာနရုံး အစည်းအဝေးခန်းမတွင် ဗီယက်နမ်နိုင်ငံ စစ်ဆေးရေးမှူးချုပ်နှင့် မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌတို့မှ နှစ်နိုင်ငံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမို တိုးတက်ခိုင်မြဲအောင် ဆောင်ရွက် နိုင်ခဲ့၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို နှစ်နိုင်ငံလက်တွဲ ဆောင်ရွက်သွားရန် အပြန်အလှန် နားလည်မှု အပြည့်အဝ ရရှိနိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့၏ ယခုခရီးစဉ်သည် မြန်မာနိုင်ငံအတွက်လည်းကောင်း၊ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အတွက်လည်းကောင်း အကျိုးကျေးဇူးရှိ၍ အောင်မြင်သည့် ခရီးစဉ်တစ်ခုဟု သတ်မှတ်နိုင်ပါသည်။

ဆက်စပ် သတင်းများ