ကိုရီးယားသမ္မတနိုင်ငံ၏ အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှု ဆန်းစစ်သုံးသပ်ရေး အလုပ်သဘော လေ့လာရေးခရီး

  • Tue, 3 July 2018

ကိုရီးယားသမ္မတနိုင်ငံ၏ အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှု ဆန်းစစ်သုံးသပ်ရေး အလုပ်သဘော လေ့လာရေးခရီး


မြန်မာနိုင်ငံအတွင်း ထိရောက်သောအဂတိလိုက်စားမှုကာကွယ်တားဆီးရေးနှင့်တိုက်ဖျက်ရေး တို့တွင် ခိုင်မာစွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်  ရည်ရွယ်၍ ကိုရီးယားသမ္မတနိုင်ငံ Anti-Corruption and Civil Rights Commission (ACRC) နှင့် UNDP တို့ ပူးပေါင်း စီစဉ်သည့် အဂတိလိုက်စားမှု အန္တရာယ်ရှိမှု ဆန်းစစ်အကဲဖြတ်ခြင်း(Corruption Risk Assessment) နှင့် ပတ်သက်၍ ကျွမ်းကျင်မှုနည်းပညာနှင့် ပေါ်လစီဆိုင်ရာများကို လေ့လာနိုင်ရန်အတွက် မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ မေလ ၂၈ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုလ်းမြို့နှင့် ဆေးဂျုံမြို့များသို့ လေ့လာရေးခရီးသွားရောက်ခဲ့ပါသည်။

အဆိုပါလေ့လာရေးခရီးစဉ်အတွင်း ၂၉-၅-၂၀၁၈ ရက်နေ့ နေ့လည်ပိုင်းတွင် ကိုရီးယားနိုင်ငံ၊ Seoul City, Valve Hotel မှ Presidential Archives သမ္မတများ၏ မိန့်ခွန်းများ မော်ကွန်းတိုက်သို့ သွားရောက် လေ့လာခဲ့ပါသည်။ ၃၀-၅-၂၀၁၈ ရက်နေ့တွင် Anti-Corruption and Civil Rights Commission (ACRC), Seoul City ရုံးတွင် မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ကိုရီးယားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက် ရေး နှင့် ပြည်သူ့အခွင့်အရေးကော်မရှင်( ACRC) ဥက္ကဋ္ဌ Ms. Pak Un Jong တို့ နားလည်မှုစာချွန်လွှာ ( MoU) လက်မှတ်ရေးထိုးကြပါသည်။

 လေ့လာရေးခရီးစဉ်သွားရောက်ခဲ့ခြင်းဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများကို ထိရောက် စွာ ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ကာကွယ်တားဆီးခြင်းများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးများကို ဦးစားပေးနယ်ပယ်များ ခွဲခြားသတ်မှတ်ခြင်း၊ ACRC က CRA Tools များကို အသုံးပြု၍  အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှု ဆန်းစစ်အကဲဖြတ်ခြင်းကို ဆောင်ရွက်ခြင်းအားဖြင့် ဥပဒေများတွင် အဂတိလိုက်စားနိုင်ခြေများကို ပြင်ဆင်ဆောင်ရွက်ပေးနိုင်မည် ဖြစ် ပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် အစိုးရအဖွဲ့အစည်းအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ် သကဲ့သို့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ စာရင်းစစ်ချုပ်ရုံးနှင့် အခြား သော လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် CRA Tools များကို အသုံးပြုဆောင်ရွက်နိုင်ပြီး အဂတိလိုက်စားနိုင်ခြေများ အန္တရာယ်ရှိမှုကို ဆန်းစစ်သုံးသပ်နိုင်မည်ဖြစ်ပါသည်။   

ဆက်စပ် သတင်းများ