“Training on Conducting Corruption Survey in Business Sector” သင်တန်းဖွင့်ပွဲပြုလုပ်ခြင်း

  • Mon, 24 August 2020

“Training on Conducting Corruption Survey in Business Sector” သင်တန်းဖွင့်ပွဲပြုလုပ်ခြင်း


နေပြည်တော်၊  ဩဂုတ် လ  ၂၄ ရက်

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်  ပြစ်မှုဆိုင်ရာရုံး (UNODC) နှင့် ဒိန်းမတ်သံရုံးတို့ ပူးပေါင်း၍ပြုလုပ်သော “Training on Conducting Corruption Survey in Business Sector” သင်တန်းဖွင့်ပွဲအခမ်းအနားကို ကော်မရှင်ရုံး သင်တန်းခန်းမတွင် ယနေ့နံနက် (၉)နာရီ၌ ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်း၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုး၊ UNODC မှ သင်တန်းနည်းပြ Ms. Alma Sedlar ၊ ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။

    သင်တန်းဖွင့်ပွဲတွင် ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးမဟာဗျူဟာစီမံချက် (၂၀၁၈-၂၀၂၁)၏ လုပ်ငန်းဧရိယာ(၁)၊ လုပ်ငန်းစဉ် (၂.၁၂)စံသတ်မှတ်ချက်အနေနှင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ၏ အဂတိလိုက်စားမှုအခြေအနေကို အကဲဖြတ်နိုင်ရန် နှစ်စဉ်ပုံမှန် စစ်တမ်းကောက်ယူခြင်းများ ဆောင်ရွက်ရန်သတ်မှတ်ထားပါကြောင်း၊ အဂတိလိုက်စားမှုအခြေအနေကို အကဲဖြတ်နိုင်ရန် နှစ်စဉ်ပုံမှန်စစ်တမ်းကောက်ယူခြင်းကို ၂၀၁၈ ခုနှစ်တွင် နယ်ပယ်(၄)ရပ်ဖြစ်သော ပြည်သူလူထု၏ သဘောထားအမြင်၊ အတွေ့အကြုံနှင့် ခံယူချက်၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုတို့အပေါ် သတ်မှတ်ရွေးချယ်သော နေရာဒေသများ၌ စစ်တမ်းကောက်ယူခြင်းကို ဘက်လိုက်ခြင်းကင်း၍ ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် တတိယအဖွဲ့အစည်းတစ်ခုဖြစ်သော တရားမျှတမှု လက်လှမ်းမီနိုင်ရေးအဖွဲ့ (A2JI)ကို လုပ်ငန်းအပ်နှံ ဆောင်ရွက်စေခဲ့ပါကြောင်း၊ စစ်တမ်းရလာဒ်များကိုလည်း ၂၀၁၈ ခုနှစ်  ကော်မရှင်၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့ပါကြောင်း၊
    ၂၀၁၉ ခုနှစ်တွင် နယ်ပယ်အသီးသီး၌ ဖြစ်ပေါ်နေသော အဂတိလိုက်စားမှုများနှင့် ကော်မရှင်၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်နေမှုများအပေါ် ပြည်သူလူထု၏ သဘောထားအမြင်များကို သိရှိနိုင်ရန် တစ်တိုင်းပြည်လုံး အတိုင်းအတာအနေဖြင့် စစ်တမ်းကောက်ယူခြင်းကို USAID ၏ မြန်မာနိုင်ငံ တရားဥပဒေစိုးမိုးမှုမြှင့်တင်ရေး အစီအစဉ် Promoting the Rule of Law in Myanmar–PRLM ၏ ကျွမ်းကျင်မှု နည်းပညာအကူအညီဖြင့် လွတ်လပ်စွာ စစ်တမ်းကောက်ယူ ခဲ့ပါကြောင်း၊ စစ်တမ်းရလာဒ်များကို ၂၀၁၉ ခုနှစ်  ကော်မရှင်၏ နှစ်ပတ်လည်အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြ ခဲ့ပါကြောင်း၊
    စစ်တမ်းတွေ့ရှိချက်များသည် ကော်မရှင်၏ နှစ်စဉ်လုပ်ငန်းစီမံချက်များ ရေးဆွဲဆောင်ရွက်ခြင်းအတွက် များစွာအထောက်အကူ ဖြစ်စေရုံသာမက ကော်မရှင်၏ အသိပညာပေးရေးကဏ္ဍ၊ တားဆီးကာကွယ်ရေးကဏ္ဍနှင့် စုံစမ်းစစ်ဆေးရေးကဏ္ဍတို့ကို နယ်ပယ်အလိုက် လိုအပ်မှုအပေါ် မူတည်၍ အဂတိလိုက်စားမှုအပေါ် အများပြည်သူ၏ သဘောထားခံယူချက်ကိုသိရှိပြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး၊ အရေးယူဆောင်ရွက်ရေးတို့တွင် အထောက်အကူများစွာဖြစ်စေပါကြောင်း၊  ဒိန်းမတ်သံရုံးနှင့် UNODC တို့ပူးပေါင်း၍ ကော်မရှင်ရုံးမှ အရာထမ်းနှင့် အမှုထမ်း (၂၅)ဦးခန့်ကို အဂတိလိုက်စားမှု စစ်တမ်းကောက်ယူခြင်း အခြေခံသင်တန်းနှင့် အဆင့်မြင့် သင်တန်းကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင်လည်းကောင်း၊  စစ်တမ်းကောက်ယူခြင်း Mentoring သင်တန်းနှင့် Monitoring and Evaluation သင်တန်း များကို  ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လတွင် လည်းကောင်း ဖွင့်လှစ်ပို့ချခဲ့ပါကြောင်း၊
    အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက် (၂၀၁၈-၂၀၂၁)၏ လုပ်ငန်းဧရိယာ (၅)တွင် "အဂတိလိုက်စားမှု ကင်းရှင်းသော စီးပွားရေးနယ်ပယ်ဖြစ်ပေါ်စေခြင်း"အတွက် လုပ်ငန်းစဉ်(၅)ရပ် ချမှတ်ထားပြီး စီးပွားရေးလုပ်ငန်းနယ်ပယ်ကို စတင်ချိတ်ဆက်မှုအဖြစ် အဂတိလိုက်စားမှုတိုက်ဖျက်‌ရေး ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ ကြေညာချက်ကို ကော်မရှင်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဉပဒေပုဒ်မ၊ ၁၆(ထ)ပါ ပြဌာန်းချက်နှင့်အညီ ကော်မရှင်သည် ပုဂ္ဂလိကလုပ်ငန်း အဖွဲ့အစည်းများ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအတွက် အခြေခံခိုင်မာသောလုပ်ငန်း ဆိုင်ရာကျင့်ဝတ်များ၊ သင့်လျော်သော ထိန်းချုပ်မှုနည်းလမ်းများကို ချမှတ်ဆောင်ရွက်နိုင်ရန် အခြေခံ အချက် (၈)ချက်ကို သတ်မှတ်ပေးနိုင်ခဲ့ ပါကြောင်း၊ ယခုနှစ်အတွက် စစ်တမ်းကောက်ယူမှုကို UMFCCI ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် စီးပွားရေးလုပ်ငန်းနယ်ပယ်တွင် ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊
    ယနေ့ဖွင့်လှစ်သည့် သင်တန်းတွင် စစ်တမ်းကောက်ယူခြင်းဆိုင်ရာနည်းလမ်းများနှင့် မေးခွန်းလွှာများပြင်ဆင်ခြင်း၊ ရရှိသည့်အချက်အလက်များစုစည်းခြင်း၊ ကျင့်ဝတ်နှင့် စိန်ခေါ်မှုများအား ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းများနှင့်စပ်လျဉ်း၍ UNODC မှကျွမ်းကျင်သူပညာရှင်က သင်ကြားပို့ချသွားမှာဖြစ်ပြီး အချက်အလက်များကို အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းများတွင် အကျိုးရှိစွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊
    စစ်တမ်းကောက်ယူခြင်းများ ဆောင်ရွက်ရာတွင် အဂတိလိုက်စားမှုများကို အမြဲမပြတ် စောင့်ကြည့်ခြင်းနှင့် သုံးသပ်အကဲဖြတ်ခြင်းတို့ကို နားလည်သဘောပေါက်ပြီး နောင်နှစ်များတွင် ကော်မရှင်မှ ဦးဆောင်၍ စစ်တမ်းကောက်ယူခြင်းလုပ်ငန်းများ၊ ကြီးကြပ်အကဲဖြတ်ခြင်းလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်သွားနိုင်မှာ  ဖြစ်ကြောင်း၊
    စစ်တမ်းကောက်ယူခြင်း နှင့်စပ်လျဉ်း၍ ကျွမ်းကျင်မှုရှိစေရန်အတွက် လေ့ကျင့်သင်ကြား ပေးသောသင်တန်းဖြစ်သည်နှင့်အညီ လေ့လာသင်ယူရမည့် အချက်အလက်များကို သေချာစွာ လေ့လာ သင်ယူ၍ လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချပြီး လက်ဆင့်ကမ်း မျှဝေနိုင်သည်အထိ လေ့လာသင်ယူဖို့ လိုအပ်ပါကြောင်း ပြောကြားပါသည်။
    ဆက်လက်၍ UNODC  မှ ကျွမ်းကျင်သူ Ms. Alma Sedlar ကပြောကြားရာတွင် အဂတိလိုက်စားမှုသည် ကပ်ရောဂါတစ်ခုဖြစ်နေပြီး တိုင်းပြည်အကျိုးဖွံ့ဖြိုးတိုးတက်မှုကို ဆိုးကျိုးသက်ရောက်စေကြောင်း အမျိုးသမီးများနှင့် အားနည်းသောအုပ်စုများအတွက်သာမက စီးပွားရေးလုပ်ငန်းအတွက်ပါ အန္တရာယ်ရှိကြောင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များသည် အဂတိလိုက်စားမှုများကို တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးအတွက် အဓိကဖြစ်ကြောင်း၊ အချက်အလက်များစုဆောင်းခြင်းနှင့် တိုးတက်မှုကို တိုင်းတာခြင်းသည် နိုင်ငံအများစုအတွက် အဓိကစိန်ခေါ်မှုဖြစ်ပြီး နည်းစနစ်ဆိုင်ရာ လမ်းညွှန်မှုနည်းပါးခြင်းနှင့် သယံဇာတအချက်အလက် ရှားပါးခြင်းသည် အဓိကဖြစ်ကြောင်း၊ ယခုသင်တန်းတွင် စစ်တမ်းနှင့် မေးခွန်းပုံစံတို့ကို စနစ်တကျပြင်ဆင်ရန်သင်ကြားမည်ဖြစ်ကြောင်း ပြောကြားပါသည်။
    သင်တန်းသို့ ကော်မရှင်ရုံးမှ ဝန်ထမ်း (၂၅)ဦး တက်ရောက်ခဲ့၍ စီးပွားရေးလုပ်ငန်းနယ်ပယ်၏ အဂတိလိုက်စားမှုအပေါ် စစ်တမ်းကောက်ယူမှုကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် စစ်တမ်းကောက်ယူ မည်ဖြစ်ပြီး ဩဂုတ်လ (၂၄) ရက်နေ့မှ (၂၈) ရက်နေ့ထိ (၅) ရက်ကြာ ပို့ချမည် ဖြစ်ပါသည်။ စစ်တမ်းကောက်ယူခြင်းမှ ရရှိလာသောအချက်အလက်များကို အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေး နှင့် တိုက်ဖျက်ရေးလုပ်ငန်းများတွင် အကျိုးရှိစွာအသုံးပြုနိုင်မည်ဖြစ်ပါသည်။

ဆက်စပ် သတင်းများ