အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးတွင် ဝန်ထမ်းသစ်များအခြေခံလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၁၈)ဖွင့်ပွဲအခမ်းအနားပြုလုပ်

  • Mon, 1 October 2018

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးတွင် ဝန်ထမ်းသစ်များအခြေခံလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၁၈)ဖွင့်ပွဲအခမ်းအနားပြုလုပ်


နေပြည်တော် ၊ အောက်တိုဘာလ ၁ ရက်


    ၁-၁၀-၂၀၁၈ ရက်နေ့၊ နံနက်(၉:၀၀)နာရီတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၌ ကော်မရှင်က ဖွင့်လှစ်သည့် ဝန်ထမ်းသစ်များ အခြေခံလေ့ကျင့်ရေး သင်တန်း အမှတ်စဉ် (၁/၂၀၁၈) ဖွင့်ပွဲအခမ်းအနားပြုလုပ်ရာ ကော်မရှင်အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးဝန်ထမ်းများနှင့် သင်တန်းသား/ သင်တန်းသူ(၈၂)ဦးတို့ တက်ရောက်ခဲ့ကြသည်။

    အခမ်းအနားတွင် ကော်မရှင် အတွင်းရေးမှူးက အဖွင့်အမှာစကားပြောကြားရာ၌ ယနေ့သည် ဝန်ကြီးဌာနအသီးသီးမှ ကော်မရှင်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာကြသည့် ဝန်ထမ်းများအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်ပေးပြီး အင်အားသစ်များ တိုးမြှင့်နိုင်မှာဖြစ်လို့ ကော်မရှင်အတွက် မင်္ဂလာရှိသောနေ့ပင်ဖြစ်ကြောင်း၊ ဝန်ထမ်းများကိုလည်း ကော်မရှင်မှ လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမှစ၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အသစ်ကို ဖွဲ့စည်းခဲ့ကြောင်း၊ ကော်မရှင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတွင် ပြဋ္ဌာန်းထားသည့် ရည်ရွယ်ချက် (၆)ရပ်ကို ရည်မှန်းချက်ပန်းတိုင်အဖြစ် ဦးတည်ချက်ထားပြီး ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ငန်းကော်မတီ(၆)ရပ်ဖြင့် ဖွဲ့စည်းအကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကော်မရှင်အနေဖြင့် နိုင်ငံတော်သမ္မတရုံး၏ ခွင့်ပြုချက်ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး 2018 Action Plan နှင့် မဟာဗျူဟာစီမံချက် (၂၀၁၈-၂၀၂၁) တို့ကိုရေးဆွဲ၍ အဂတိလိုက်စားမှု လျော့နည်းကျဆင်းရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါစီမံချက်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကော်မရှင်ရုံးအား အင်အား တိုးချဲ့ဖွဲ့စည်းသွားနိုင်ရေးအတွက် ပထမအဆင့်အနေနှင့် ဝန်ကြီးဌာနများမှ ကော်မရှင်ရုံး သို့ ပြောင်းရွေ့လိုသည့် ဝန်ထမ်းများအနက်မှ သင့်တော်သည့် ဝန်ထမ်းများအား စိစစ်ရွေးချယ်၍ ကော်မရှင်က ဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များ၊ လိုက်နာရမည့်ကျင့်ဝတ်များ၊ ဥပဒေ၊ နည်းဥပဒေများကို ဦးစွာသိရှိနားလည်စေရန် ရည်ရွယ်၍ အခြေခံသင်တန်း ရက်သတ္တပတ်(၄)ပတ် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားပါသည်။

    သင်တန်းကာလ(၄)ပတ်အနက် ပထမအပတ်တွင် ကော်မရှင်၏သမိုင်းကြောင်း၊ လုပ်ငန်းဆောင်ရွက်မှု၊ ကော်မရှင်ဥပဒေ၊ နည်းဥပဒေ ကော်မရှင်ကျင့်ဝတ်နှင့် အခြားဆက်စပ် ဥပဒေဘာသာရပ်များ ကိုလည်းကောင်း၊ ဒုတိယအပတ်နှင့် တတိယအပတ်တို့တွင် အဂတိလိုက်စားမှုနှင့် စုံစမ်းစစ်ဆေးခြင်း ဘာသာရပ်များကိုလည်းကောင်း၊ စတုတ္ထအပတ်တွင် ကာကွယ်တားဆီးခြင်းဆိုင်ရာ ဘာသာရပ်များ ကိုလည်းကောင်း သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။

ဆက်စပ် သတင်းများ