မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် Federal Bureau of Investigation (FBI) တို့ ပူးပေါင်းဖွင့်လှစ်သည့် သင်တန်းဆင်းပွဲကျင်းပခြင်း

  • Fri, 26 May 2017

မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် အမေရိကန်နိုင်ငံ Federal Bureau of Investigation (FBI) တို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် Organized Crime and Public Corruption သင်တန်းများ ဆင်းပွဲအခမ်းအနားကို နေပြည်တော်၊ ကော်မရှင်ရုံး စုပေါင်းခန်းမ၌ ယနေ့နံနက် (၁၀:၀၀) နာရီတွင် ကျင်းပရာ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးမြဝင်းက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။

အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌက သင်တန်းသားများအနေဖြင့် သင်တန်းကရရှိသည့် သင်ခန်းစားနှင့် အတွေ့အကြုံဗဟုသုတများကို မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများနှင့် ငွေကြေး ခဝါချမှု တားဆီးနှိမ်နှင်းရေးလုပ်ငန်းများတွင် အကျိုးရှိစွာ အသုံးချရန် လိုအပ်ကြောင်း၊ သင်တန်းသား များအနေဖြင့် ယုံကြည်ချက်၊ ခံယူချက်ပြည့်ဝစွာနှင့် မိမိတို့ဌာနများ၏ အားကိုးယုံကြည် အသုံးပြုခံရသည့် သူများဖြစ်အောင် ကြိုးစားရမည်ဖြစ်ကြောင်း၊ သင်တန်းဖွင့်လှစ်ရန် ကူညီပေးပါသော အမေရိကန်သံရုံး နှင့် FBI မှ နည်းပြများကိုလည်း ကျေးဇူးတင်ရှိကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် လိုအပ်သော နည်းပညာ၊ လေ့ကျင့်သင်တန်းပေးမှုများကို ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့အား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ FBI မှ ဥပဒေသံအရာရှိ Mr. John Schachnovsky က မိန့်ခွန်းပြောကြားပါသည်။

ထို့နောက် ကော်မရှင်ဥက္ကဋ္ဌ ဦးမြဝင်းက FBI မှ နည်းပြများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းနည်းပြခေါင်းဆောင် Mr. Neil က သင်တန်းသားတစ်ဦးချင်းစီအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင်များ၊ FBI မှ ဥပဒေသံအရာရှိနှင့် နည်းပြများ၊ ကော်မရှင် ရုံးမှ အရာထမ်း၊ အမှုထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

သင်တန်းအား မေလ (၁၅)ရက်နေ့မှစ၍ (၁၂)ရက်ကြာ ဖွင့်လှစ်ခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၊ ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့မှ သင်တန်းသား၊ သင်တန်းသူ (၃၀)ဦးတို့အား လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။

ဆက်စပ် သတင်းများ