အနာဂတ်မျိုးဆက်များအတွက် အဂတိလိုက်စားမှုများအား ဆန့်ကျင်တိုက်ဖျက်ကြပါစို့

  • Wed, 6 April 2022

  နေပြည်တော်၊ ဧပြီ ၆

           အဂတိလိုက်စားမှုသည် ကမ္ဘာပေါ်ရှိ နိုင်ငံအများစုတွင် တွေ့ကြုံနေရသော ပြဿနာတစ်ရပ်ဖြစ်ပြီး ၎င်း၏ဆိုးကျိုးသက်ရောက်မှုသည် ကြီးမားကျယ်ပြန့်သောကြောင့် နိုင်ငံအစိုးရများက နည်းလမ်းပေါင်းစုံဖြင့် ကိုင်တွယ်ဖြေရှင်းနေကြရပါသည်။ မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို စတင်ဖွဲ့စည်းခဲ့သော ၂၀၁၄ ခုနှစ်မှစ၍ အဂတိလိုက်စားမှုများကို ထိထိရောက်ရောက် စုံစမ်းစစ်ဆေးအရေးယူခြင်းများ ပြုလုပ်နိုင်ခဲ့ပြီး နိုင်ငံတကာ၏အသိအမှတ်ပြုမှုကို ရရှိခဲ့ပါသည်။ ထို့အပြင်  နိုင်ငံတော်၏ ငွေကြေးနှင့် ပိုင်ဆိုင်မှုများ ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးမှုများအား ဖော်ထုတ်နိုင်ခဲ့ပြီး အဂတိလိုက်စားမှုကြောင့်ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် ပေးသွင်းစေခြင်းနှင့် သိမ်းဆည်းခြင်းများဆောင်ရွက်နိုင်ခဲ့ကြောင်း ကော်မရှင်က ထုတ်ပြန်သည့် နှစ်ပတ်လည်အစီရင်ခံစာများအရ သိရှိရပါသည်။ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများကို တဖြည်းဖြည်းတိုးမြှင့်လုပ်ဆောင်ခဲ့ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ဖွဲ့စည်းခဲ့သော တတိယအကြိမ်ကော်မရှင်လက်ထက်တွင် စုံစမ်းစစ်ဆေးအမှုဖွင့်အရေးယူမှုများကို အရှိန်အဟုန်ကောင်းကောင်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်းကို နေ့စဉ်ထုတ်သတင်းစာများမှတစ်ဆင့် ကော်မရှင်ကထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်များတွင် တွေ့ရှိရပါသည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်မှု ဖြစ်ပေါ်လာစေရေးတွင် ရင်ဆိုင်ကြုံတွေ့နေရသော အဓိက အဟန့်အတားများအနက် တစ်ခုအပါအဝင်ဖြစ်သော အဂတိလိုက်စားမှုများကို အရှိန်အဟုန်ဖြင့် တွန်းလှန်တိုက်ဖျက်ခြင်းများ ဆောင်ရွက်လာသည်ကို ပြည်သူတစ်ယောက်အနေဖြင့် ကျေနပ်အားရမိပါသည်။


အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆောင်ရွက်ခဲ့မှုများ

    မြန်မာနိုင်ငံတွင် ဒုတိယကမ္ဘာစစ်ဘေးဒဏ်ကြောင့် ပြည်သူလူထုများကို ထောက်ပံ့ရေးပစ္စည်းများဖြင့် ထောက်ပံ့ခဲ့ရာ ၎င်းပစ္စည်းများကို ခိုးယူခြင်းနှင့် အဂတိလိုက်စားမှုများကို တားဆီးကာကွယ်နိုင်ရန်အတွက် ပြည်သူ့ထောက်ပံ့ရေးပစ္စည်းများခိုးယူခြင်းမှ ကာကွယ်သည့် ကော်မတီကို ၂၃-၁၂-၁၉၄၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ဆက်လက်၍  ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး ကော်မတီနှင့် ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး ရဲအဖွဲ့တို့ကို ဖွဲ့စည်းပြီး ပြည်သူ့ဝန်ထမ်းများ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှု၊ တာဝန်ထမ်းဆောင်ရန် ပျက်ကွက်မှုများကို ၁၈၆၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ရာဇသတ်ကြီး (Penal Code) အခန်း(၉)၊ ပုဒ်မ ၁၆၁ မှ ၁၆၅ အထိတွင် ပါဝင်သည့် ပြဋ္ဌာန်းချက်များအရ အရေးယူဆောင်ရွက်ခဲ့ပါသည်။ ၁၉၄၈ ခုနှစ်တွင် အဂတိလိုက်စားမှု တားမြစ်ရေးအက်ဥပဒေကို သီးခြားပြဋ္ဌာန်းခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အစိုးရအဆက်ဆက် ဆောင်ရွက်ခဲ့ကြပါသည်။


အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ

    နိုင်ငံတော်သမ္မတဦးသိန်းစိန်လက်ထက်တွင် လာဘ်ပေးလာဘ်ယူမှုများ လျော့နည်းပပျောက်စေရေးအတွက် နိုင်ငံတော်သမ္မတရုံး၏ ၈-၁-၂၀၁၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၉/၂၀၁၃ ဖြင့် “လာဘ်ပေးလာဘ်ယူမှုအရေးယူဆောင်ရွက်ရေးကော်မတီ”ကို ဖွဲ့စည်းခဲ့ပါသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ၇-၈-၂၀၁၃ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်၂၃/၂၀၁၃ ဖြင့် ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာထုတ်ပြန်သည့် ၁၇-၉-၂၀၁၃ ရက်နေ့မှစ၍ အာဏာတည်ခဲ့ပါသည်။ ပြောင်းလဲလာသောခေတ်နှင့်အညီ ပုံစံအမျိုးမျိုးဖြင့် ပေါ်ပေါက်လာသည့် အဂတိလိုက်စားမှုများကို တားဆီးကာကွယ် အရေးယူဆောင်ရွက်နိုင်ရေးအတွက် ယင်းဥပဒေကို ပြင်ဆင်ခြင်းများ ဆောင်ရွက်ခဲ့ရာ ပထမအကြိမ် ပြင်ဆင်ခြင်းအဖြစ် ၂၃-၇-၂၀၁၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၂/၂၀၁၄ ဖြင့် ပုဒ်မလေးခုကိုလည်းကောင်း၊ ဒုတိယအကြိမ် ပြင်ဆင်ခြင်းအဖြစ် ၂၉-၇-၂၀၁၆  ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၃/၂၀၁၆ ဖြင့် ပုဒ်မသုံးခုကိုလည်းကောင်း၊ တတိယအကြိမ်ပြင်ဆင်ခြင်းအဖြစ် ၃၁-၇-၂၀၁၇ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် ၁၈/၂၀၁၇ ဖြင့် ပုဒ်မနှစ်ခုကိုလည်းကောင်း၊ စတုတ္ထအကြိမ်ပြင်ဆင်ခြင်းအဖြစ်  ၂၁-၆-၂၀၁၈ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၀/၂၀၁၈ ဖြင့် ပုဒ်မ ၂၄ ခုကိုလည်းကောင်း ပြင်ဆင်ခဲ့ပါသည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး နည်းဥပဒေအား ၁၀-၇-၂၀၁၅ ရက်နေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ အမိန့်ကြော်ငြာစာ အမှတ် ၃/၂၀၁၅ ဖြင့် ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပါသည်။


ကော်မရှင်ဖွဲ့စည်းခြင်း

    နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၆/၂၀၁၄ ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် (ယခင်လာဘ်ပေးလာဘ်ယူမှုပပျောက်ရေးကော်မရှင်) အား ၂၅-၂-၂၀၁၄ ရက်နေ့တွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှုးနှင့် အဖွဲ့ဝင် ၁၃ ဦး၊ စုစုပေါင်း ၁၅ ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးသမိုင်းကြောင်းတွင် အရေးပါသည့် အပြောင်းအလဲတစ်ခု ဖြစ်ပါသည်။ ကော်မရှင်ကို ကောင်းမွန်လေးနက်သော ရည်ရွယ်ချက်များဖြစ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ရန်၊ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းစေရန်၊ အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာစေရန်၊ အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်ပိုင်ပစ္စည်းများ၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက်မှုမရှိစေရေးအတွက် အကာအကွယ်ပေးရန်၊ အဂတိလိုက်စားမှုကျူးလွန်သူများအား ထိရောက်စွာ အရေးယူရန်နှင့် တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများ၌ ပိုမိုပွင့်လင်းမြင်သာမှုရှိပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်စသည့် ရည်ရွယ်ချက် ၆ ရပ်ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။ ဒုတိယအကြိမ်ကော်မရှင်ကို ၂၃-၁၁-၂၀၁၇ ရက်နေ့တွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် ၁၀ ဦး ၊ စုစုပေါင်း ၁၂ ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။ တတိယအကြိမ်ကော်မရှင်ကို ၂၀-၂-၂၀၂၁ နေ့ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၇၇/၂၀၂၁ နှင့် ၇၈/၂၀၂၁ ဖြင့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် ၉ ဦး၊ စုစုပေါင်း ၁၁ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး  ၆-၄-၂၀၂၁ ရက်နေ့တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၁၀/၂၀၂၁ ဖြင့် ထပ်မံတာဝန်ပေးခန့်အပ်ခဲ့သည့်အတွက် စုစုပေါင်း ၁၂ ဦး ဖြင့် ဖွဲ့စည်းခဲ့ပါသည်။ 


ကော်မရှင်၏ ဆောင်ရွက်ချက်များ

    ကော်မရှင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူခြင်း ဟူသော ကဏ္ဍသုံးရပ်ဖြင့် လုပ်ဆောင်လျက်ရှိပါသည်။ ကော်မရှင်အနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် နီးနီးကပ်ကပ်ပူးပေါင်းပြီး ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်ရုံးခွဲများကို ရန်ကုန်မြို့၊ မန္တလေးမြို့၊ တောင်ကြီးမြို့နှင့် မော်လမြိုင်မြို့များတွင် ဖွင့်လှစ်နိုင်ခဲ့ပါသည်။ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများအဖြစ် ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံအဖြစ် ၂-၁၂-၂၀၀၅ ရက်နေ့တွင် ပါဝင်လက်မှတ်ရေးထိုးပြီး ၁၆၅ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြုဝင်ရောက်ခြင်းကို ၂၀-၁၂-၂၀၁၂ ရက်နေ့တွင် လည်းကောင်း၊  အရှေ့တောင်အာရှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံအဖြစ် ၁၄-၁၁-၂၀၁၃ ရက်နေ့တွင်လည်းကောင်း၊ နိုင်ငံတကာအဂတိလိုက်စားမှုတိုက်ဖျက်ရေး အကယ်ဒမီအဖွဲ့ဝင်အဖြစ် ၃၀-၁၁-၂၀၁၉ ရက်နေ့တွင် ၇၉ နိုင်ငံမြောက် အဖွဲ့ဝင်အဖြစ်လည်းကောင်း သဘောတူလက်မှတ်ရေးထိုးဝင်ရောက်ခဲ့သည်။ ၎င်းအပြင် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုအဖြစ် ဗီယက်နမ်နိုင်ငံ Government Inspectorate of Vietnam နှင့် ၁၅-၁၀-၂၀၁၅ ရက်နေ့တွင်လည်းကောင်း၊ ထိုင်းနိုင်ငံ National Anti-Corruption Commission နှင့်  ၁-၂-၂၀၁၇ ရက်နေ့တွင်လည်းကောင်း၊ လာအိုနိုင်ငံ State Inspection and Anti-Corruption Authority နှင့် ၁၅-၁-၂၀၁၈ ရက်နေ့ တွင် လည်းကောင်း၊ ကိုရီးယားသမ္မတနိုင်ငံ Anti-Corruption and Civil Rights Commission နှင့် ၃၀-၅-၂၀၁၈ ရက်နေ့တွင်လည်းကောင်း နားလည်မှုစာချွန်လွှာများရေးထိုး၍ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် နှစ်စဉ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကိုလည်း သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ၂၀၁၇ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပလျက်ရှိပါသည်။


ပြည်သူလူထု၏ သဘောထား

    ပထမအကြိမ်ကော်မရှင်နှင့် ဒုတိယအကြိမ်ကော်မရှင်လက်ထက်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် ဥပဒေနှင့်အညီ အဂတိ လိုက်စားမှုကျုးလွန်သောသူများအား စုံစမ်းစစ်ဆေးအရေးယူဆောင်ရွက်ခဲ့သော်လည်း  အရေးယူဆောင်ရွက်မှုများတွင် အဆင့်မြင့်အရာရှိများနှင့် နိုင်ငံရေးရာထူးရှိသူများအပေါ် အရေးယူဆောင်ရွက်မှုနှင့်ပတ်သက်၍ ပိုမိုပွင့်လင်းမြင်သာမှုရှိရန်လိုအပ်ကြောင်း ပြည်သူလူထုက မှတ်ချက်ပြုခဲ့ပါသည်။ အဂတိလိုက်စားမှုအညွှန်းကိန်းများကို ဖော်ပြရာတွင် ကမ္ဘာပေါ်ရှိနိုင်ငံများနှင့် အဖွဲ့အစည်းများက အသိအမှတ်ပြုရသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် အပြည်ပြည်ဆိုင်ရာပွင့်လင်းမြင်သာမှုအဖွဲ့၏ အဂတိလိုက်စားမှုအညွှန်းကိန်း ဖော်ပြချက်တွင် မြန်မာနိုင်ငံအတွက် အညွှန်းကိန်းမှာ ကော်မရှင်စတင်ဖွဲ့စည်းသည့် ၂၀၁၄ ခုနှစ်တွင် နိုင်ငံပေါင်း ၁၇၅ တွင် အဆင့် ၁၅၆ ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် နိုင်ငံပေါင်း ၁၈၀ တွင် အဆင့် ၁၃၀ အထိ ရောက်ရှိလာအောင် ကော်မရှင်က စွမ်းဆောင်နိုင်ခဲ့ပါသည်။ သို့သော်လည်း ၂၀၂၀ ခုနှစ် အညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၈၀ တွင် အဆင့် ၁၃၇ သို့ ရောက်ရှိသွားခဲ့ပါသည်။ ထိုကဲ့သို့ အဆင့်ကျဆင်းသွားရခြင်းမှာ နိုင်ငံရေးရာထူးရှိသူများအပေါ် အဂတိလိုက်စားမှုများအား အရေးယူဆောင်ရွက်ရာတွင် ပြတ်ပြတ်သားသား ဆောင်ရွက်နိုင်မှုမရှိခြင်းကြောင်းဟု  မိမိထင်မြင်ယူဆမိပါသည်။ ပြည်သူလူထုမှလည်း အဂတိလိုက်စားမှုများကို ပြတ်ပြတ်သားသား ကိုင်တွယ်အရေးယူရန် လိုလားခဲ့ကြသည်။

 

တတိယအကြိမ်ကော်မရှင်၏ ဆောင်ရွက်ချက်

    သက်တမ်းအားဖြင့် ကိုးလခန့်သာရှိသေးသည့် တတိယအကြိမ်ကော်မရှင်တွင် ယခုအခါ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်စုစုပေါင်း ၁၂ဦးဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိပါသည်။ ကော်မရှင်အဖွဲ့တွင် အတွေ့အကြုံရှိသည့် အသိပညာရှင်များနှင့် အတတ်ပညာရှင်များပါဝင်သည်ကို တွေ့ရှိရပါသည်။ တတိယအကြိမ်ကော်မရှင်အဖွဲ့ တာဝန်ယူပြီးနောက် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုကျူးလွန်သူများကို စစ်ဆေးအရေးယူနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းစာရှင်းလင်းပွဲများတွင် ထုတ်ပြန်ပြောဆိုလာခဲ့၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ လုပ်ဆောင်ချက်များအပေါ် ပြည်သူလူထု၏စိတ်ဝင်စားမှု မြင့်တက်လာခဲ့ပါသည်။  ဆက်တိုက်ဆိုသလိုပင် အဂတိလိုက်စားမှုဖြင့် စုံစမ်းစစ်ဆေးတိုင်ချက်ဖွင့် အရေးယူမှုသတင်းများကို သတင်းစာများတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်သည်ကို တွေ့ရှိရပါသည်။ တတိယအကြိမ် ကော်မရှင်စတင်ဖွဲ့စည်းသည့် ၂၀-၂-၂၀၂၁ ရက်နေ့မှယနေ့အထိ ကော်မရှင်က အမှုဖွင့်တရားစွဲဆိုအရေးယူထားသည့် အမှုများအရ ရာထူးတာဝန်ကို အလွဲသုံးစားလုပ်ခြင်းနှင့် တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက်ခြင်းကြောင့် နိုင်ငံတော်အတွက် ငွေကြေးနှင့် ပစ္စည်းများစွာ ဆုံးရှုံးနစ်နာခဲ့ရသည်ကို တွေ့ရှိရပါသည်။   ရာထူးတာဝန်ကို အလွဲသုံးစားလုပ်သည့် လုပ်ပိုင်ခွင့်အာဏာရှိသူများအပေါ် အဂတိလိုက်စားမှုဖြင့် စုံစမ်းစစ်ဆေးအရေးယူဆောင်ရွက်ခြင်းများသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အာဏာအလွဲသုံးစားပြုကျင့်ခဲ့သည်များနှင့် ပတ်သက်၍ နောင်လာမည့် အစိုးရအဆက်ဆက်တွင် နိုင်ငံ့တာဝန်ထမ်းဆောင်ကြမည့် လုပ်ပိုင်ခွင့်အာဏာရှိသူများအနေဖြင့် သတိပြုဆင်ခြင်နိုင်ကြမည်ဖြစ်ပြီး ဖြောင့်မတ်တည်ကြည်မှုရှိစွာ နိုင်ငံ့တာဝန်များကို ထမ်းဆောင်နိုင်ကြမည်ဖြစ်ပါသည်။ စီရင်ထုံး၊ သမိုင်းမှတ်တမ်းများ၊ သင်ခန်းစာယူဖွယ်ရာ မှတ်တိုင်များအဖြစ် စိုက်ထူနိုင်ခဲ့မည် ဖြစ်ပါသည်။


အဂတိပယ်ခွာ ပြည်သာယာရေး

    နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေး သည် လွန်စွာအရေးပါပါသည်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေကြသော ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံကြီးများတွင် အဂတိလိုက်စားမှုအရှုပ်တော်ပုံများ ရှိနေကြသည်ကို သတိပြုရမည်ဖြစ်သည်။ သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ပေါ်လာစေရေးတွင် အဓိကအဟန့်အတားတစ်ခုဖြစ်သည့် အဂတိလိုက်စားမှုကို လျော့နည်းပပျောက်သွားအောင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် လုပ်ဆောင်လျက်ရှိသည်ကို တွေ့မြင်နေရပါသည်။ ဝေဖန်မှုများစွာရှိနေသည့်ကြားမှပင် ကော်မရှင်သည် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဖြောင့်မတ်တည်ကြည်မှုရှိစွာ၊ ချစ်ခြင်း မုန်းခြင်းကင်းစွာနှင့် ဘက်လိုက်ခြင်းကင်းစွာဖြင့်  လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ နောင်လာမည့် အနာဂတ်မျိုးဆက်သစ်များအတွက် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တစ်ရပ်ကို လက်ဆင့်ကမ်းအမွေပေးနိုင်ရေးအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့်အတူ ပြည်သူတစ်ရပ်လုံးကလည်း အဂတိလိုက်စားမှုများကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ဖျက်သွားကြပါရန် ဆန္ဒပြုတိုက်တွန်း၍ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။



မောင်မင်းဇံ

( နေ့စဉ်ထုတ် မြန်မာ့အလင်းသတင်းစာများ၊ ကြေးမုံသတင်းစာများနှင့် www.accm.gov.mm ကို ကိုးကားပါသည်။)

ဆက်စပ် သတင်းများ