အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ သတိပြုရန် ပြစ်ဒဏ်များ

  • Thu, 30 December 2021

    အဂတိလိုက်စားမှုဆိုရာတွင် တိုင်းပြည်ဘဏ္ဍာငွေကြေးပစ္စည်းများကို အလွဲသုံးစားပြုမှုသာ မဟုတ်ဘဲ နိုင်ငံရေးတွင် လုပ်ပိုင်ခွင့်အာဏာများကို အလွဲသုံးစားပြုခြင်း၊ မလျော်ဩဇာသုံးခြင်းများလည်း ပါဝင်ပါသည်။ 

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ နိုင်ငံရေးရာထူးလက်ရှိဖြစ်သူ သို့မဟုတ် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က မည်သူမဆို အဂတိလိုက်စားမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ၁၅ နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ 

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ နိုင်ငံရေးရာထူးလက်ရှိဖြစ်သူမှအပ အခြားလုပ်ပိုင်ခွင့်အာဏာရှိသူ သို့မဟုတ် လုပ်ပိုင်ခွင့်အာဏာရှိစဉ်က မည်သူမဆို အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို (၁၀)နှစ်ထက်မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ 

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၇ အရ နိုင်ငံရေးရာထူးလက်ရှိဖြစ်သူနှင့် လုပ်ပိုင်ခွင့်အာဏာရှိသူမှအပ အခြားမည်သူမဆို အဂတိ လိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို (၇)နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ 

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၉ အရ မည်သူမဆို ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်အား နစ်နာစေရန် သို့မဟုတ် ဂုဏ်သရေပျက်စေရန်ရည်ရွယ်၍ ဤဥပဒေပါ ပြစ်မှုတစ်ခုခုကို ကျူးလွန်သည်ဟုလည်းကောင်း၊ အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာခြင်းဖြစ်သည်ဟုသော်လည်း ကောင်း မမှန်မကန်သတင်းပေးပို့ခြင်း၊ တိုင်တန်းခြင်းပြုကြောင်း  ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို (၃)နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ် နိုင်သည်။ 

    တိုင်ကြားခံရသူသည် နိုင်ငံ့ဝန်ထမ်းဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းဥပဒေအရ အရေးယူသင့်သည်ဟု စိစစ်တွေ့ရှိရပါက သက်ဆိုင်ရာဌာနသို့ လွှဲပြောင်းပေးပို့ အရေးယူစေရန် ဆက်လက်အကြောင်းကြားရသည်ဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၏ ပြစ်ဒဏ်များထဲမှ အချို့ကို ကောက်နုတ် ဖော်ပြလိုက်ရပါသည်။

(ကိုးကား - ၉-၁၂-၂၀၂၁ မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးရှင် မောင်ချစ်အေး၏ “အဂတိပယ်ခွာပြည်သာယာမို့ နိုင်ငံ့ဂုဏ်ကို မြှင့်တင်စို့” ဆောင်းပါးမှ ကောက်နုတ်ချက်)

ဆက်စပ် သတင်းများ