၁၇.၃.၂၀၁၈ ရက်နေ့ ကြေးမုံသတင်းစာတွင် ပါဝင်သော ဦးဟန်ညွန့် (ဥပဒေ) ၏ " ရှေ့နေနှင့်တိုင်စာ" ဆောင်းပါး

  • Thu, 22 March 2018

နိဒါန်း

“ဆရာ”

“ဗျာ”

“စာမရေးတာ ကြာပြီနော်”

“ဟုတ်တယ်၊ တိုင်စာတွေ များနေလို့”

“ဘယ်လို”

“ဒီလိုပါဗျာ”

တာဝန်

ရှေ့နေတာဝန်မှ အဂတိတိုက်ဖျက်ရေး တာဝန်သို့ပြောင်းလဲတာဝန်ယူနေချိန်။ ကိုယ့်ကိုယ်ကိုယ် ကျွန်တော် ပြန်မေးကြည့်သည်။

တာဝန်ကျေအောင် ဘာတွေလုပ်ရပါ့။ ကျင့်ဝတ်နှင့်ဥပဒေ ဘယ်လိုလိုက်နာရပါ့။ နေ့စဉ်ကြုံတွေ့သမျှ အလုပ်တွေ ဘယ်လို လုပ်ရပါ့။ မမှားရအောင် ဘယ်လိုသတိဆောင်ရပါ့။

အဓိက အလုပ်ပြပါဆိုလျှင် “တိုင်စာတွေ” အကြောင်းဖြစ်မည်။ ဥပဒေပုဒ်မတွေကို မညွှန်းဘဲ၊ ရှင်းရှင်း လင်းလင်းချပြရေးကြည့်ကြစို့။

၁။ နစ်နာသူက ကော်မရှင်သို့ တိုင်ခြင်း၊

၂။ လုပ်ငန်းကော်မတီ၊ လုပ်ငန်းအဖွဲ့၊ ပဏာမစိစစ်ရေးအဖွဲ့နှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ တစ်ခုခုသို့တိုင်ခြင်း၊

၃။ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတစ်ခုခုသို့ တိုင်ခြင်း၊ ထိုတိုင်ချက်ကို ကော်မရှင်သို့လွှဲပေးခြင်း၊

လိပ်စာ

မကြာခဏ မေးကြတာ၊ ထပ်တလဲလဲ မေးကြတာ ရုံးလိပ်စာပါ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးက ဘယ်မှာရှိသလဲ။ စာနှင့်လည်းဖြေ၊ ဖုန်းနှင့်လည်းဖြေ၊ E-mail နှင့်လည်းဖြေ၊ သတင်းစာ ရှင်းလင်းပွဲလုပ်၍လည်းဖြေ၊ Facebook မှာလည်းဖြေ၊ Website မှာလည်းဖြေ၊ တွေ့ရာမိတ်ဆွေ အပေါင်း အသင်းများနှင့်လည်းဖြေ၊ ဂျာနယ်တွေကတစ်ဆင့်ဖြေ၊ ဘယ်လိုဖြေဖြေ မေးနေဆဲ၊ ထဲထဲဝင်ဝင်နေ့စဉ် ဖြေကြားပေးနေရသည်က အောက်ပါလိပ်စာပါ။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အုပ်စု(၁)၊

အားကစားလေ့ကျင့်ရေးစခန်း ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသိရီမြို့နယ်၊ နေပြည်တော်။

ပြန်ကြားရေးလုပ်ငန်းကော်မတီ

ကော်မရှင်က ပြန်ကြားရေးလုပ်ငန်းကော်မတီ ဖွဲ့ပေးထားသည်။ တိုင်စာကို ဘယ်လို ရေးရမှာလဲ။ ဘယ်လို တိုင်ရမှာလဲ။ တယ်လီဖုန်းနှင့်တိုင်၍ ရပါသလား၊ Online ကရော တိုင်နိုင်ပြီလား။ ကျွန်တော့် တိုင်စာ ရောက်ရဲ့လား။ ဘယ်အဆင့်ရောက်နေပြီလဲ။ ခေါ်မစစ်သေးဘူးလား။ ဘယ်သူက စစ်ဆေးနေသလဲ။ တရားခံကို မဖမ်းသေးဘူးလား။ တစ်မြို့လုံး တစ်ရွာလုံးသိတဲ့ကိစ္စ ဘာကြောင့်အရေးမယူသေးတာလဲ။ ကြာ လိုက်တာဗျာ။ ယခုဖုန်းနဲ့ပြောတာ လိုက်မှတ်၊ လိုက်ရေးပါ။ ကျွန်တော်မလာအားဘူး။ ခင်ဗျားတို့ ရုံးကပဲ ကွင်းဆင်းစစ်ပေးပါ။ -------- စသည် စသည်။ ဤတာဝန်ထမ်းရသူများမှာ ပြန်ကြားရေးလုပ်ငန်း ကော်မတီ၏ တာဝန်ရှိဝန်ထမ်းများ၏ နေ့စဉ်တာဝန်ပါ။ စိတ်ရှည်သည်းခံစွာ၊ တာဝန်ကျေစွာ၊ ပြည်သူ့ အမေး ဖြေကြားပေးဖို့ ကြိုးပမ်းကြသည်ပါ။ သို့သော်ငြား------

ဥပဒေနှင့်အညီ

သို့သော်ငြား ဥပဒေနှင့်အညီ၊ တာဝန်သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ရသည့် ဝန်ထမ်းများ၊ အဖွဲ့ဝင်များ အတွက် တစ်ဖက်ကလည်း အသိပြန်လည်ပေးချင်သည်။ သိစေချင်သည်။ မြင်စေချင်သည်။ ပြည်သူ့ အခက်အခဲကို လွယ်ကူအောင် ရှင်းလင်းပေးချင်သည့် စေတနာ။ အဓိကဦးတည်ချက် ပေါက်ရောက် အောင်မြင်အောင် ထမ်းဆောင်ချင်သည့် စေတနာ။ သတ်မှတ်ပေးသောတာဝန်နှင့် ဥပဒေဘောင်ကို မကျော်ဝံ့ သည့်စည်းဘောင်။ ချို့ယွင်းချက်၊ အားနည်းချက်တွေကို ကုစားပြီးဘယ်လို ပေးဆပ်ကြရပါ့မလဲ။ အမြဲလုံ့လ စိုက်ထုတ်ကြမည်ပါ။

နေပြည်တော် မလာချင်

အချို့က ဖုန်းဆက်မေးသည်။ တိုင်စာအတွက် နေပြည်တော်လာဖို့မလွယ်။ မလာချင်။ ပြည်နယ်၊ တိုင်းဒေသ ကြီးတွေမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (ရုံးခွဲ)တွေ မဖွင့်သေးဘူးလား။ သူ့တိုင်းဒေသကြီး၊ သူ့ပြည်နယ်မှာပဲ တိုင်ချင်လို့ပါတဲ့----- ။ ခဏစောင့်ပါဗျာ။ ဥပဒေပြင်ဆင်ချက်၊ ဥပဒေခွင့်ပြုချက်ထွက်လျှင် ရုံးခွဲတွေ ဖွင့်နိုင်မည်ပေါ့။ ထိုအခါ---------။ စာနှင့်သာမက လူကိုယ်တိုင် သွားတိုင်နိုင်ပြီ။

မြေယာအမှု

မြေယာကိစ္စ မကြာခဏ တိုင်သည်။ သို့သော် အဂတိကိစ္စမပါ။ လာဘ်ပေးလာဘ်ယူမဖြစ်။ ဘာပဲဖြစ်ဖြစ် အဂတိရုံးကပဲ ဖော်ထုတ်စစ်ဆေးပေးပါ------- တဲ့။ တိုင်စာ ပို့သည်။

တရားရုံးအမွေမှု

တရားရုံးအမွေမှုမှာ အနိုင်အရှုံးတွေ မကျေနပ်ဘူးဗျ။ အဂတိနဲ့တော့ မပေါ်ဘူး။ သို့သော် အမှုရှုံးတာ အယူခံ လျှင် ရှေ့နေငှားခ ကုန်မည်။ သို့ဖြစ်ပါ၍ အဂတိရုံးကစိစစ်ပေးပါဟု တိုင်ကြားလာပြန်သည်။ ဥပဒေမူဘောင် ထဲ မဝင်မှန်းသိလျက် တိုင်စာတစ်ထပ်ကြီး ပို့လာသည်။ ဆိုင်ရာလွှဲ၊ အကျိုးအကြောင်းပြန်၊ ဤကိစ္စ အချိန် ကုန်၍ အကျိုးမရှိ။ ပြည်သူအများ သိပါသည်။ ဤသို့သောတိုင်စာအမှုတွဲများလည်း ဖတ်ခဲ့၊ ကြုံခဲ့ရသည်။ သင်ခန်းစာ။

ရုံးတွင်းကိစ္စ

ကိုယ့်ရုံးတွင်းကိစ္စ ဘယ်သူကမှ ဝင်ပါ၍မဖြစ်၊ အဂတိလိုက်စားမှုနှင့်လည်း တိုက်ရိုက်မသက်ဆိုင်။ သိက္ခာ ချချင်၊ အပြစ်တင်ချင်၍ (ရုံးအကြီးအကဲကိုသာ တင်ပြရမည်ဖြစ်ပါလျက်) အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးသို့ တိုင်စာပို့ကြပြန်သည်။ ထိုအခါ ဆိုင်ရာဝန်ကြီးဌာနသို့သာ ပြန်လွှဲရပါသည်။ ထိရောက်မှု အားနည်းရုံသာမက အချိန်ကုန်၊ စာရွက်ကုန်။ လိုရင်းမရောက်။ ဘယ်လို အရေးယူရပါ့။ ဝိုင်းစဉ်းစားကြဦး။

တမင်

ခိုင်လုံသော အကြောင်းလည်းမရှိ၊ တစ်ဦးတစ်ယောက်အား နစ်နာအောင်၊ ဂုဏ်သရေပျက်အောင် (တမင်) လုပ်ကြံပြီး တိုင်သည့် တိုင်စာ။ ထိုသူကို ဥပဒေအရ အရေးယူမည်။ ငါးနှစ်ထက် မပိုသော ထောင်ဒဏ်၊ ငွေ ဒဏ် ကျခံစေရမည်။ ဤအကြောင်းလည်း အသိပေးနေကြရသည်။ မဟုတ်မမှန် လုပ်ကြံမတိုင်ကြားမိဖို့ပါ။ တမင်သက်သက် တစ်ဖက်လူ ဒုက္ခမရောက်စေချင်ပါ။

ဥပဒေကျေညက်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ကျေညက်ပါစေ။ ဖတ်ရှုကြပါ။ လေ့လာကြပါ။ မေတ္တာရပ်ခံတာပါ။ သတင်းစာများမှ ပညာပေးဆောင်းပါးများ၊ ရုပ်မြင်သံကြားမှထုတ်လွှင့်မှုများ (တတ်နိုင်သမျှ) ဖတ်ကြ၊ ကြည့်ကြပါ။ ဥပဒေစာအုပ်များကို သတင်းစာရှင်းလင်းပွဲတွေမှာ သတင်းထောက်များအား (အခမဲ့) ဝေငှ ဖြန့်ဖြူး အသိပေးလျက်ပါ။ သတင်းမီဒီယာများမှတစ်ဆင့် ထပ်ဆင့်အသိပညာ ဗဟုသုတပေး ဖြန့်ဝေစေ ချင်ပါသည် ခင်ဗျာ။

ပုဒ်မ ၄၄

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၄ တွင် တိုင်ကြားချက်များကို ပေးပို့နိုင်ကြောင်း ဖော်ပြထား ပါသည်-

အဂတိလိုက်စားမှုနှင့်စပ်လျဉ်း၍ တိုင်တန်းချက်များ ပေးပို့သည့်အခါ-

(၁)   တိုင်တန်းသူ ( သို့မဟုတ် ) နစ်နာသူ၏အမည်၊နေရပ်လိပ်စာနှင့် ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်။

(၂)   တိုင်တန်းသူ ( သို့မဟုတ် ) နစ်နာသူ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ။

(၃)   အဂတိလိုက်စားမှုနှင့်ပတ်သက်၍ အရေးကြီးသော သက်သေခံချက်များပူးတွဲပါရှိခြင်း။

(၄)   တင်ပြတိုင်တန်းချက်များသည် မှန်ကန်စွာ ရေးသားတင်ပြချက်ဖြစ်ကြောင်း ဝန်ခံချက်၊ လက်မှတ် ရေးထိုးချက်။

(၅)   စွပ်စွဲခံရသူ၊ တိုင်တန်းခံရသူ၏အမည်၊ နေရပ်လိပ်စာ အပြည့်အစုံ၊ ရုံး၊ လုပ်ငန်း၊ ဌာနစသည်များ ဖော်ပြသင့်ပါသည်။

အလျဉ်းသင့်သလို ပညာပေးဆွေးနွေးလျက်ပါ။ တာဝန်ရှိသူကိုယ်တိုင်အား တိုင်စာရေးပေးဖို့တော့ မတောင်း ဆိုသင့်ပါ။ မကူညီလို၍ မဟုတ်ပါ။ ထိုဥပဒေ၏ရည်ရွယ်ချက် ပီပြင်စေချင်သည်ပါ။

တစ်စောင်ချင်း

တိုင်စာတစ်စောင်ချင်း၏ အပြီးသတ်အဖြေကဘာလဲ။ အရေးယူသလား။ အရေးမယူဘူးလား။ တရားစွဲ သလား။ မစွဲဘူးလား။ ဘောင်ဝင်သလား။ ဘောင်မဝင်ဘူးလား။ ဥပဒေပြဋ္ဌာန်းချက်က ဤသို့။ တိုင်စာက ဤပုံ။ တွေ့ရှိချက်၊ သုံးသပ်ချက်၊ ဆုံးဖြတ်ချက်၊ ပြန်ကြားချက်တွေ ပီပြင်စေအောင်၊ ထင်ရှားအောင် ကြံဆောင်နေကြသည်ပါ။ ဥက္ကဋ္ဌ၏လမ်းညွှန်ချက်နှင့်အညီ အဖွဲ့ဝင်များက ပြည်သူ့အကျိုးသယ်ပိုးနိုင်အောင် ပွင့်လင်းမြင်သာ ဘက်ပေါင်းစုံက ဆောင်ရွက်ကြမည်ပါ။

ဥပဒေကြမ်း

စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်များတွင် ဆွေးနွေးနေကြဆဲပါ။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများက ဘက်စုံ၊ ရှုထောင့်စုံမှ ဆွေးနွေးအကြံပြုနေကြသည်မှာလည်း အားရဖွယ်ပါ။ ဥပဒေပြင်ဆင်ချက် အတည်ဖြစ်သောနေ့တွင် ပို၍ ပို၍၊ ပီပြင်၊ ကြည်လင်၊ တာဝန်တွေ ထမ်းဆောင်နိုင်ကြ မည်ဟု မျှော်လင့်နေကြသည်ပါ။

ဝန်ကြီးဌာနများ

ဝန်ကြီးဌာနများကလည်း မိမိတို့ဌာနအလိုက် ကိုယ်စီကိုယ်ငှ တာဝန်ယူကြပြီး ကိုယ့်ဝန်ထမ်းကို ထိန်းထိန်း သိမ်းသိမ်း၊ ကြပ်ကြပ်မတ်မတ် ပြည်သူ့ဘက်က ရပ်ကြပြီ။ အဂတိကင်းရှင်းရေး ကြိုးပမ်းပေးကြပြီ။ ဝန်ထမ်းအချင်းချင်း လက်တွဲကူညီနေကြပြီ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပူးပေါင်း ဆောင်ရွက်ကြပြီ။ ဤသို့ဆိုလျှင် ပြည်သူ့အကျိုးစီးပွား ဦးထိပ်ထားရာ ရောက်ပါပြီ။ ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ချက်တွေ စောင့်ကြည့်ကြပါစို့။

ကိုယ်ကျင့်သိက္ခာ

တာဝန်ရှိသူတွေ ကိုယ်ကျင့်သိက္ခာပြည့်ဝပြီး အဂတိကင်းရှင်းပါလျှင် ဥပဒေတွေ (အပြစ်ပေးတာတွေ) လိုပါ သေးသလား။ တိုင်စာတွေ ရှိပါဦးမည်လား။ အပြစ်မကျူးလွန်မှတော့ တိုင်သူမရှိတော့ဘူးပေါ့ဗျာ။ အများက မေးနေကြပါပြီ။ မှန်ပါသည်။ အဂတိကင်းလျှင် ( အဂတိတိုက်ဖျက်ရေးတိုင်စာ) မရှိနိုင်တော့ပါ။

နိဂုံး

(၁) တိုင်စာရှိ၍ အမှုရှိနေသည်ပါ။

(၂) အမှုရှိ၍ တိုင်စာရှိနေခြင်းပါ။

(၃) အမှု(ပြစ်မှု) ကင်းလျှင် တိုင်စာရှင်းမည်။

(၄) ဪ ဘယ်သောအခါမှ အဂတိတိုင်စာပျောက်မှာလည်းဗျာ။

ဆက်စပ် သတင်းများ