၂.၃.၂၀၁၈ ရက်နေ့ မြန်မာ့အလင်းသတင်းစာတွင် ပါဝင်သော ဦးဟန်ညွန့်(ဥပဒေ) ၏ " အဂတိဟူသည် " ဆောင်းပါး

  • Fri, 16 March 2018

အဂတိတိုက်ဖျက်ရေး

အဂတိလိုက်စားမှုတိုက်ဖျက်ရေးတာဝန်ကို ထမ်းဆောင်ရသူ တစ်ဦးအဖို့ အဂတိဟူသည် ဘာလဲ၊ အဂတိ၏ အဓိပ္ပာယ်၊ နောက်ခံသမိုင်း၊ အတွေ့အကြုံများ၊ အစီရင်ခံစာများ၊ အဆိုအမိန့်များ၊ ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက်များ စသည်ဖြင့် လေ့လာရမည်။ ပြည်သူ့အသံ နာခံရမည်။ မှတ်စုပြုရမည်။ ဆန်းစစ်ရမည်။ ပြန်လည်သုံးသပ်ရမည်။ ဤသို့ယုံကြည်မိသည်။ ထို့ကြောင့် စုစည်းတင်ပြပါရစေ။

 

အစောဆုံး ဆောင်ရွက်ချက်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို မြန်မာနိုင်ငံက အစောဆုံး ဆောင်ရွက်ခဲ့တာပါ။ ဘာကြောင့် ဤသို့ ပြောနိုင်ပါသလဲ။ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့သည်။ ၁၉၄၈ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ ရက်စွဲဖြင့် အဂတိလိုက်စားမှုတားမြစ်ရေးအက်ဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့သည်။ ထို့ကြောင့် အဂတိလိုက်စားမှုကို တားမြစ်ဖို့ မြန်မာနိုင်ငံသည် အစောဆုံး ဆောင်ရွက်ခဲ့ကြောင်း သမိုင်းသက်သေ ရှိနေ ပေသည်။

ရာထူးအလျောက်

ပြည်သူ့ဝန်ထမ်းတစ်ဦးတစ်ယောက်သည် မရိုးမဖြောင့်သောသဘောဖြင့်ဖြစ်စေ၊ လိမ်လည်လှည့်ဖျားလိုသော သဘောဖြင့်ဖြစ်စေ၊ အောက်ပါတစ်ခုခုကိုပြုလုပ်လျှင် မိမိ၏အလုပ်ဝတ္တရားများဆောင်ရွက်ရာတွင် ရာဇဝတ် ပြစ်ဒဏ်ထိုက်သင့်အောင် အကျင့်ဖောက်ပြန်မှုကို ကျူးလွန်သည်မည်၏။ ရာထူးအလျောက် အလုပ်ဝတ္တရား ဆောင်ရွက်ရာတွင် ရာဇဝတ်ထိုက်သင့်အောင် အကျင့်ဖောက်ပြန်မှုကို ပြဋ္ဌာန်းထားသော ပုဒ်မဖြစ်သည်။

အက်ဥပဒေအမှတ် ၆၇

၁၉၄၈ ခုနှစ် အက်ဥပဒေအမှတ် ၆၇ ဖြစ်သည်။ Myanmar Code, Vol.VIII P-443 တွင် ဖော့်ပြပါရှိ သည်။ ဤအက်ဥပဒေကို ၁၉၅၄ ခုနှစ် နောက်ပိုင်း ပြင်ဆင်သည့် ဥပဒေအမှတ် ၁၆/၅၉ ဖြင့် ပြင်ဆင်ခဲ့သည်။ ဤအက်ဥပဒေသည် နိုင်ငံတော်သမ္မတက ထုတ်ပြန်သည့် ၁၉၄၈ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့ကစ၍ အာဏာ တည်ခဲ့သည်။ နိုင်ငံတစ်ဝန်းလုံးတွင် အာဏာသက်ရောက်သည်။

ကြိုတင်ခွင့်ပြုမိန့်

ပြည်သူ့ဝန်ထမ်းတစ်ဦးတစ်ယောက်ကို အရေးယူလိုလျှင် ကြိုတင်ခွင့်ပြုမိန့် လိုအပ်သည်။

စီရင်ထုံး

၁၉၄၈ ခုနှစ် အက်ဥပဒေနှင့်စပ်လျဉ်း၍ ထင်ရှားသော စီရင်ထုံး အချို့မှာ အောက်ပါအတိုင်း ဖြစ်သည်။

လာဘ်ပေးသူမှာ လာဘ်ယူသူကို အားပေးကူညီရာ ရောက်ခြင်း

"လာဘ်ယူ၍ မိမိအခွင့်အာဏာကို အလွဲသုံးစားပြုရန် လာဘ်ပေးသူ၏အမှုကိစ္စကို အောင်မြင်အောင် ဆောင် ရွက် နိုင်သူမှာ ဒုတိယ အယူခံတရားလိုဖြစ်သည်။ မိမိအားအပ်နှင်းထားသော အာဏာကို တံစိုးလက်ဆောင် စား၍ အလွဲသုံးစားပြုခြင်းကြောင့် ဒုတိယ အယူခံ တရားလိုအပေါ်တွင် အဂတိလိုက်စားမှု ဥပဒေပုဒ်မ ၄(၁) (ဂ)/ ၄(၂) အရ ပြစ်မှုထင်ရှားတွေ့ရှိခြင်းသည် မှန်ကန်သည်။ ဒုတိယ အယူခံ တရားလိုက လာဘ်ယူနိုင် အောင် ကူညီဖန်တီးပေးသည်။ လာဘ်ငွေပေးသော ပထမအယူခံတရားလိုအပေါ် ပုဒ်မ ၄(၁)(ဂ)/၄(၂) ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၁၀၉ အရ အဂတိလိုက်စားမှုကို အားပေးကူညီသူအဖြစ် ပြစ်မှုထင်ရှား တွေ့ရှိထားခြင်း သည်လည်း မှန်ကန်သည်"ဟု ၁၉၆၅ အထူးရာဇဝတ်ရုံး အယူခံအဖွဲ့ စီရင်ထုံးများ စာ-၆၁ တွင် ထုံးဖွဲ့သည်။

လာဘ်ယူသူအား ကင်းလွတ်ခွင့်ပေးရန် မသင့်

"လာဘ်ပေးလာဘ်ယူကိစ္စများတွင် ပေးသူရှိ၍လည်း ယူသူရှိတတ်သည်။ နှစ်ဖက်ကျေနပ်သင့်မြတ်နေကြလျှင် အမှုအပေါ်။ ပေးသူက မကျေနပ်၍ တိုင်တန်းမှ အမှုပေါ်တတ်သည်။ လက်ပူးလက်ကျပ်မိရန်ဆိုလျှင်လည်း ကြိုတင်ပြင်ဆင်၍ ဖမ်းရပြန်သည်။ ပေးစဉ်က ကျေနပ်စွာပေး၍ လိုတာမရသောအခါမှ လာရောက်သတင်း ပေးသူ၊ ထိုသူ၏အကူအညီဖြင့် ဖမ်းဆီးရခြင်းတို့သည် မနှစ်မြို့ဖွယ်ဖြစ်သည် မှန်၏။သို့ရာတွင် မနှစ်မြို့ဖွယ် ထဲမှပင် အဖြစ်မှန်ကို ရှာဖွေရမည်ဖြစ်သည်။ မတော်မတရားလီဆယ်၍ အမှုဆင်ခြင်းဖြစ်သည်ကို တွေ့ရ လျှင် အစွပ်စွဲခံရသူကို လွတ်ကင်း၍ ဒုက္ခငြိမ်းစေကာ မတရား စွပ်စွဲသူကိုပင် သင့်တော်သလို အရေးယူမည်။ လာဘ်ယူခြင်းမှန်လျှင်မူကား ယခင်က ကျေနပ်စွာပေးခဲ့သူ၏ မသန့်ရှင်းခြင်း တစ်ရပ်တည်းကြောင့် လာဘ် ယူသူကို လွတ်ကင်းစေခွင့်သင့်မည် မဟုတ်ချေ" ဟု ၁၉၆၇၊ အထူးရာဇဝတ်ရုံး အယူခံအဖွဲ့စီရင်ထုံးများ၊ စာ-၁၄၈ တွင် ထုံးဖွဲ့ထားပြန်သည်။

လွတ်လပ်ရေးမရမီ

၂၃.၁၂.၁၉၄၇၊ ပြည်သူ့ထောက်ပံ့ရေးပစ္စည်းများ ခိုးယူခြင်းမှ ကာကွယ်သည့် ကော်မတီ [Civil supplies Thefts Preventive Committee]

ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးကော်မတီ [Public Property Protection Committee]

ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးရဲအဖွဲ့[Public Property Protection Police- P-4]

အရေးယူဆောင်ရွက်မှု

၁၉၆၁ ပြစ်မှုဆိုင်ရာဥပဒေ(ရာဇသတ်ကြီး) အခန်း(၉) ပုဒ်မ ၁၆၁ မှ ၁၆၅ အထိ ပါဝင်သည့် ပြဋ္ဌာန်းချက်များ အရ အရေးယူဆောင်ရွက်ပါသည်။

ပြည်သူ့ဝန်ထမ်းပြစ်မှုများ

ပြည်သူ့ဝန်ထမ်းတို့ကျူးလွန်သော သို့မဟုတ် ပြည်သူ့ဝန်ထမ်းတို့နှင့် သက်ဆိုင်သော ပြစ်မှုများအကြောင်း ကို ရာဇသတ်ကြီး အခန်း(၉)တွင် ဖော်ပြထားသည်။ ပုဒ်မ ၁၆၁ မှ ၁၆၅ အထိဖြစ်သည်။

ပြည်သူ့ဝန်ထမ်းတို့က အဂတိလိုက်စားမှု၊ တံစိုးလက်ဆောင်ယူမှုနှင့် စပ်လျဉ်း၍ ပြစ်မှုများတွင် အများဆုံး ပြစ်ဒဏ်မှာ ထောင်ဒဏ် ၃ နှစ်အထိ ဖြစ်သည်။

တံစိုးလက်ဆောင်ယူခြင်းနှင့် အဂတိလိုက်စားခြင်းများကို တားမြစ်ရေးအတွက် ပိုမိုထိရောက်သော ပြစ်ဒဏ် ချမှတ်ရန် ၁၉၄၈ ခုနှစ် အဂတိလိုက်စားမှုတားမြစ်ရေးအက်ဥပဒေ(အမှတ်၆၇/၁၉၄၈)ကို ပြဋ္ဌာန်းခဲ့သည်။ ထောင်ဒဏ် ၇ နှစ်အထိချမှတ်ရမည့်အပြင် တရားခံရရှိခံစားထားသော အကျိုးအမြတ်များကို အစိုးရဘဏ္ဍာ အဖြစ် သိမ်းဆည်းရန် ဥပဒေပြဋ္ဌာန်းခဲ့သည်။

ကုလသမဂ္ဂ

၂၀၀၃ ခုနှစ် ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗန်းရှင်း ( UN Convention Against Corruption, 2003) ကို မြန်မာနိုင်ငံက ၂၀၀၅ ခုနှစ် ဒီဇင်ဘာ ၂ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၀ရက်နေ့တွင် အဖွဲ့ဝင်အဖြစ် လက်ခံခဲ့သည်။

ဥပဒေပြဋ္ဌာန်း

၇.၈.၂၀၁၃ နေ့တွင် ပြည်ထောင်စုလွှတ်တော်က ဥပဒေအမှတ် ၂၃ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ( ၁၉၄၈ ခုနှစ် အဂတိလိုက်စားမှုတားမြစ်ရေး အက်ဥပဒေကို ရုပ်သိမ်းခဲ့ပြီး ဖြစ် သည်)

ဤဥပဒေအရသာ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ(အမှတ်၂၃/၂၀၁၃)သည် တည်ဆဲဥပဒေဖြစ်သည်။ ဤဥပဒေအရသာ အဂတိမှုခင်းများကို အရေးယူရတော့မည်ဖြစ်သည်။ ဘာကြောင့်လဲ။

(၁)     ၁၉၇၃ ခုနှစ် စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ (အမှတ် ၂၂/၁၉၇၃) ပုဒ်မ ၃ (က)နှင့် (ဆ) တို့အရ ယေဘုယျဥပဒေဖြစ်သော ရာဇသတ်ကြီးကို အထူးဥပဒေက လွှမ်းမိုးခြင်း

(၂)     ရှေးဦးကျသော ဥပဒေနှင့် နောက်ကျသော ဥပဒေတို့ ဆန့်ကျင်ကွဲလွဲလျှင် နောက်ကျသောဥပဒေက လွှမ်းမိုးသည့် အကြောင်းဖြစ်ခြင်း

(၃)     ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၆၁နှင့် ၁၆၅အမှုများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ (အမှတ် ၂၃/၂၀၁၃) ဖြင့်သာ အရေးယူရမည် ဖြစ်ခြင်းတို့ကြောင့် ဖြစ်ပါသည်။

သန့်ရှင်း၊ ကောင်းမွန်

နိုင်ငံတော်အစိုးရသည်-

(၁)     သန့်ရှင်းသောအစိုးရ (CLEAN GOVERNMENT)

(၂)     ကောင်းမွန်သော အုပ်ချုပ်ရေး (GOOD GOVERNANCE)

အမှန်တကယ်ဖြစ်လာအောင်စီမံဆောင်ရွက်ရပါမည်။ ကိုယ်ကျင့်သိက္ခာမြှင့်တင်ရေးသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေး၏ အခြေခံလည်း ဖြစ်ပေသည်။

ကွန်ဗန်းရှင်း၏ ရည်ရွယ်ချက် (Statement of Purpose)

၂၀၁၃ ခုနှစ် ကုလသမဂ္ဂအဂတိလိုက်စားမှုဆန့်ကျင်တိုက်ဖျက်ရေးကွန်ဗန်းရှင်း၏ ရည်ရွယ်ချက်က ဘာလဲ။

အဓိက ရည်ရွယ်ချက်မှာ

အဂတိလိုက်စားမှုအား ပိုမိုထိရောက်အောင်မြင်စွာ တားဆီးနှိမ်နင်းရေးကိစ္စများကို တိုးမြှင့်ဆောင်ရွက်နိုင် ရန်အတွက်လည်းကောင်း၊ အဂတိလိုက်စားမှုအား တားဆီးကာကွယ်ရေးနှင့် မတရားရယူထားသောပစ္စည်း များကို ရှာဖွေသိမ်းဆည်းရေးတို့အတွက် အရေးယူဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုများနှင့် နည်းပညာအကူအညီပေးမှုများကို တိုးမြှင့်၍ ဖြည့်ဆည်းထောက်ပံ့နိုင်ရန်အတွက်လည်းကောင်း၊ ပြည်သူ့ရေးရာကိစ္စများနှင့် ပြည်သူ့ပစ္စည်းများကို ဖြောင့်မတ်ရိုးသားမှု၊ တာဝန်ခံမှုနှင့် လျော်ကန်သင့်မြတ် စွာ စီမံခန့်ခွဲမှုများကို မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက်လည်းကောင်း ပြဋ္ဌာန်းခြင်းဖြစ်သည်။

ဥပဒေမူဘောင်

တည်ဆဲဥပဒေသည် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြစ်ပါသည်။ ဤဥပဒေသည် ဥပဒေမူဘောင်အတွက် ပြည့်စုံလုံလောက်ပြီလား။ လက်တွေ့ဘဝနှင့် ကိုက်ညီပါ၏လား။ ပြည်သူ့ဆန္ဒနှင့် အညီ ဆောင်ရွက်နိုင်ပါပြီလား။  ကာလဒေသ၊ ပယောဂတို့နှင့်ပါ ချိန်ခါသင့်၍ ပန်းနှယ်ပွင့်ပြီလား။ အားသာ ချက်၊ အားနည်းချက်၊ ဝေဖန်သုံးသပ်ချက်တို့ဖြင့် စိစစ်ကြမည်လား။ စတုတ္ထအကြိမ်ပြင်ဆင်သည့်  ဥပဒေ မူကြမ်း အဆင့်သို့ပင် တိုင်ချေပြီး ပြည်သူ့အကြံဉာဏ် ခံယူလျက်ရှိပါပြီ။

စေတနာ

        (၁)     အဂတိဟူသည် ပြည်သူလက်မခံ

(၂)     ပြည်သူ့ဘဝ၊ ပြည်သူ့ပစ္စည်း၊ ပြည်သူ့ငွေကြေးတို့သည် ပြည်သူတို့၏အကျိုးစီးပွားအတွက် သာ၊ တရားမျှတစွာ တည်စေပါမည်။

(၃)     ကိုယ်ကျင့်သိက္ခာမြင့်မားသော မြန်မာတို့၏ စေတနာ မေတ္တာများဖြင့် အဂတိများ ကင်းစင် ပပျောက်စေမည်ဟု တွေးမိသော ကျွန်တော်၏ စေတနာ၊ ဥပဒေအတွေးမျှသာပါ။    ။

ဆက်စပ် သတင်းများ