၂၉.၁.၂၀၁၈ ရက်နေ့ (ကြေးမုံ) သတင်းစာတွင် ပါဝင်သော ဦးဟန်ညွန့်(ဥပဒေ) ၏ "ရှေ့နေနှင့် စာတမ်းများ" ဆောင်းပါး

  • Mon, 29 January 2018

နိဒါန်း

“ဆရာ”
“ဗျာ”
“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”
“ရှေ့နေနှင့် စာတမ်းများပါ”
“ဘာကိုဆိုလိုတာလဲ ဆရာ”
“ဖတ်ကြည့်ကြစို့”

အဂတိလိုက်စားမှုတိုက်ဖျက်ရေး
အဂတိလိုက်စားမှု တိုက်ဖျက်ရေး(တာဝန်)ထမ်းနေသူ ဆောင်းပါးရှင်အဖို့ ဥပဒေမူဘောင်ကို အမြဲသတိပြုသည်။ ဥပဒေမူဘောင်ကဘာလဲ။ တာဝန်ကဘာလဲ။ ဥပဒေကို ကျော်လွန်၍မရ။ လိုအပ်တာထက်ပိုပြီး မလုပ်မိစေနှင့်။ စေတနာကြွယ်ခြင်းနှင့် ပြည်သူကိုချစ်ခင်ခြင်းသည် မြတ်နိုးစရာဖြစ်ပါ၏။ သို့သော်ငြား ဥပဒေ၊ နည်းဥပဒေတွေနှင့် မဆန့်ကျင်ဖို့တော့ သတိပြုဆောင်ရွက်ပါ။ ထိုသို့ ကျွန်တော်ယုံသည်။ 

ဥပဒေ၊ နည်းဥပဒေ
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၏ ရည်ရွယ်ချက်(ပထမအချက်)မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ရန်ဖြစ်သည်။ ထိမိသော အဓိကရည်ရွယ်ချက် ဖြစ်ပါသည်။
နည်းဥပဒေ ၅၉ တွင်
(က) စာသင်ကျောင်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ပညာပေးဟောပြောပို့ချခြင်း၊
( ခ ) အစိုးရဌာန၊ အဖွဲ့အစည်းများရှိ ဝန်ထမ်းများကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် စည်းရုံးပညာပေးဟောပြောဆွေးနွေးခြင်း၊ သင်တန်းများပို့ချခြင်း၊
(ဂ) သတင်းမီဒီယာများနှင့် ပြန်ကြားရေးလုပ်ငန်းများတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအကြောင်းအရာများ၊ အကျင့်စာရိတ္တ မြင့်မားသော ပုဂ္ဂိုလ်များ၏ ဆောင်ရွက်ချက်များကို ထုတ်ဖော်ပြသနိုင်ရန် ဆောင်ရွက်ခြင်း၊
(ဃ) အဂတိလိုက်စားမှုဆိုင်ရာ သတင်းများကို အများပြည်သူများ သိရှိနိုင်ရန် သတင်းထုတ်ပြန်ခြင်း၊
(င) လုပ်ပိုင်ခွင့်အာဏာရှိသူများ၏ ရိုးသားဖြောင့်မတ်သည့်စိတ်ဓာတ်ကို ပိုမိုမြှင့်တင်နိုင်ရန် လေ့ကျင့်ပညာပေးခြင်းတို့ ဖော်ပြထုတ်ပြန်ပြီး ဖြစ်သည်။ ဖတ်ရှုကြည့်ရုံဖြင့် ဘယ်လိုနည်းလမ်းတွေနှင့် ကျင့်သုံးရမည်ဆိုတာ သဘောပေါက်သင့်ပါပြီ။
အမြဲသတိပြုလျက်။ 

အားနည်းချက်၊ ပြင်ဆင်ချက်
ဥပဒေ၏ အားနည်းချက်တွေကတော့ ရှိစမြဲပါ။ လက်ပိုက်ကြည့်နေခြင်းမျိုး မရှိပါ။ စတုတ္ထအကြိမ် ပြင်ဆင်ရန်ပင် တင်ပြခဲ့ကြပြီးဖြစ်ပါသည်။ နိုင်ငံပိုင်သတင်းစာတွေမှာ ပြည်သူအများ ဖတ်ရှုအကြံပြုဖို့ ကြေညာပြီးပါပြီ။ လွှတ်တော်ကိုယ်စားလှယ်ကြီးများကလည်း (ပြည်သူ့ကိုယ်စား) ဆွေးနွေးကြမှာပါ။ ဝေဖန်ကြမှာပါ။ မည်သူမဆို စေတနာအမှန်နှင့် ထောက်ပြဝေဖန် အကြံပေးနိုင်ကြပါသေးသည်။ သို့မှ ဥပဒေအားနည်းချက်တွေကို ဘေးဖယ်ပြီး လက်တွေ့ဘဝမှာ လုပ်ငန်းချောမွေ့မည်ဟု ယုံကြည်ပါသည်။ အများညီမှဖြစ်မှာပါ။
ပညာပေးနေဖို့လိုသေးသလား
ပညာပေးနေဖို့လိုသေးသလား။ စာတမ်းတွေဖတ်၊ ပွဲတွေလုပ်ဖို့ လိုပါသေးသလား။ ပညာပေးတာတွေများပြီ။ “အပြစ်ကျူးလွန်သူတွေကို သေဒဏ်သာ ပေးလိုက်ပါတော့” ဟု အားမရသူတွေကလည်း ဝေဖန်ထောက်ပြနေကြပါပြီ။ စဉ်းစားသုံးသပ်ဖွယ်ပါ။ အများ၏အမြင်၊ ပြည်သူ့အမြင်ကြိုဆိုပါ၏။
လက်တွေ့မှာ ဘာလုပ်ကြမှာလဲ။

စာတမ်းဖတ်ပွဲ
ရန်ကုန်မှာ “အဂတိလိုက်စားမှုတွန်းလှန်ဖို့ ကိုယ်ကျင့်သိက္ခာမြှင့်တင်စို့” (Promote Integrity to Counter Corruption) ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားပွဲကို ဇန်နဝါရီ ၂၂ ရက်၊ ၂၃ ရက်က ကျင်းပခဲ့သည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် UNODC တို့ ပူးပေါင်းကျင်းပခဲ့ခြင်းပါ။ တက်ရောက်အားပေးသူများ အထူးများပြားလှပါသည်။

စာတမ်းရှင်များ
စီးပွားရေးပညာရှင်ဆရာကြီး ဦးမြင့်၊ ပါမောက္ခဒေါက်တာ အောင်ထွန်းသက်၊ တရားလွှတ်တော်ရှေ့နေကြီး ဦးမြသိန်း၊ စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) အစရှိသော ပညာရှင်ကြီးများ ဦးဆောင်ဟောပြောသည်။
စာတမ်းရှင်များအဖြစ် ဒေါက်တာညိုညိုသင်း၊ ဒေါက်တာဆန်းထွန်း၊ဦးဇေယျသူ၊ ဦးချစ်ကိုကို၊ ဦးညွန့်အောင်၊ ဦးသန်းဝင်း၊ ဦးနိုင်ကိုကို၊ ဒေါက်တာခိုင်ခိုင်ဝင်း၊ ဦးသွင်လင်းအောင်၊ ဦးမြင့်သွင်၊ ဒေါ်ဖြူဖြူဇင်၊ ဦးဌေးအောင်၊ ဦးဖြိုးမင်းလျှံ၊ ဒေါ်မိုးမိုးထွန်း၊ ဦးဇော်ထူး၊ ဒေါ်သိင်္ဂီမိုး၊ ဦးညွန့်ဝေ၊ ဦးအေးလွင်၊ ဒေါ်တင်ထွေးဦး၊ ဦးခင်မောင်တင့်၊ ဒေါက်တာမိုမိုတင်၊ ဦးအောင်စိုးဦး၊ ဦးထူးကျော်(ခ) ဦးအောင်စိုး၊ ဒေါ်ယုယုခိုင်၊ ဒေါ်ဝင်းမင်းထွေး၊ ဦးမျိုးသီဟထွန်း၊ ဦးဝင်းမြင့်သန်း၊ ဦးထွန်းအောင်ကျော် တို့ဖြစ်ကြသည်။ စာတမ်းရှင်အမည်များ (မှတ်စုအရ) ဖော်ပြခြင်းပါ။ ကျန်လျှင်၊ မှားလျှင်ပြင်ပေးကြပါ။ စာတမ်းများ၏အနှစ်သာရမှာ အဂတိလိုက်စားမှုကို တွန်းလှန်ဖို့ အဓိကရည်ရွယ်ပါသည်။ စာတမ်းများစု၍ စာအုပ်ထုတ်ပါမည်။ 

ဦးဆောင်တက်ရောက်သူများ
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်၊ UNODC မှ Country Manager Mr. Troels Vester တို့က အဖွင့်အမှာစကား ပြောကြားကြသည်။ စိတ်ဝင်စားသူများမှာ ထင်မှတ်ထားသည်ထက် တက်ကြွစွာ တက်ရောက်အားပေးချီးမြှင့်ကြသည်။ အကြံဉာဏ်ကောင်းများ ပေးကြသည်။ အကောင်းအဆိုး၊ ဆောင်ရန်၊ ရှောင်ရန်များ ထောက်ပြကြသည်။ နိုင်ငံတကာအတွေ့အကြုံနှင့် အတွေးအမြင်များ ဝေငှကြသည်။ တကယ်ဖြစ်ချင် တကယ်လုပ်၊ အဟုတ်ဖြစ်ရမည်ဟု သန္နိဋ္ဌာန်များ ချကြသည်။ အားရစဖွယ် ဖြစ်ပါပေသည်။ 

အဖွဲ့အစည်းများ
အစိုးရမဟုတ်သောအဖွဲ့အစည်းများ(NGO)၊ ပုဂ္ဂလိကကဏ္ဍနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGO)၊ ဥပဒေပညာရှင်များ၊ရှေ့နေများ၊ သတင်းမီဒီယာများ၊ ပြည်သူအများ၏ အားတက်သရော၊ စေတနာပါပါဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ပူးပေါင်းကြသည်။ စာတမ်းများမှာလည်း အဆင့်မီသည်။ ခေတ်မီသည်။ ဝေဖန်ချက် အကြံပြုချက်များ ပါရှိသည်။ ပွင့်လင်းမြင်သာသည်။ 

ငါးကြီးကြီးကြော်ပါ
“ငါးကြီးကြီးကို ရွေးပြီးကြော်ပါ။ ငါးသေးသေးလေးများကိုသာ မကြော်သင့်” ဟူသောအသံများ ပို၍ပို၍ ကျယ်လောင်လာသည်။ 

ဆီးချိုရောဂါပမာ
“ဆီးချိုရောဂါလိုပါပဲ၊ အဂတိရောဂါ လုံးဝပျောက်ဖို့မဖြစ်နိုင်သေးသော်ငြား ရောဂါသက်သာဖို့တော့ နည်းမျိုးစုံနဲ့ ဆောင်ရွက်ကြစို့” ဟူသော ဥပမာနမူနာကိုလည်း ထဲထဲဝင်ဝင် မြင်လာကြသည်။

 ဘုံရန်သူ
“အဂတိလိုက်စားမှုသည် ပြည်သူအားလုံး၏ ဘုံရန်သူဖြစ်သည်” ဟူသော အသံကြီးကလည်း ခန်းမတစ်ခုလုံး ဟိန်းသွားခဲ့သည်။

ငယ်စဉ်ဘဝ ကလေးက
ငယ်စဉ်ဘဝ(ကလေးဘဝ)ကတည်းက “အဂတိဆိုတာ ရွံရှာစက်ဆုပ်စရာ” အဖြစ် ပညာပေးဖို့၊ စာသင်ခန်းသင်ခန်းစာအဖြစ် ခိုင်မာစွာ သင်ကြားပေးဖို့ ပညာရေးဝန်ကြီးဌာနနှင့် စီမံစို့ဟူသော အကြံပြုချက်မှာလည်း စာတမ်းဖတ်ပွဲ၏ ရလဒ်တစ်ခုဖြစ်ပါသည်။ 

ကိုယ်ကျင့်သိက္ခာ
“ဘာမှအဓိကမကျဘူး၊ အဂတိနှင့်ကင်းတယ်၊ လာဘ်မစားဘူးဆိုသော ယုံကြည်ချက်၊ ခိုင်မာသော ကိုယ်ကျင့်သိက္ခာကသာ အဓိကဖြစ်တယ်” ဟု ပွင့်လင်းပြတ်သားသူများက စိန်ခေါ်သံထွက်ပေါ်သည်။ 

ပညာလည်းပေး၊ အရေးလည်းယူ
“ပညာပေးရုံသာမဟုတ်၊ တစ်ပြိုင်တည်း ပညာလည်းပေး အရေးလည်းယူ၊ အရေးယူမှုများကိုလည်း ပြည်သူသိအောင် သတင်းထုတ်ပြန်” ဟု အကြံပြုချက်မှာလည်း အလွန်မှန်သော၊ လိုအပ်သော အကြံပြုချက်ပါ။ 

ဗဟိုချုပ်ကိုင်မှုလျှော့
ဗဟိုချုပ်ကိုင်မှုလျှော့၊ ပွင့်လင်းမြင်သာမှုဦးစားပေး၊ ပြည်သူ့ဘဏ္ဍာငွေသုံးစွဲရာမှာ အထူးသတိပြုကြ၊ ယုံကြည်မှုတည်ဆောက်စရာတွေ တည်ဆောက်ကြဟု သတိပေးချက်မှာလည်း စာတမ်းဖတ်ပွဲ၏ ထူးခြားသောအသံဖြစ်သည်။ အားမလို၊ အားမရအသံဟု မှတ်ယူနိုင်ပါသည်။ 

သတင်းမီဒီယာ မပါမဖြစ်
“သတင်းမီဒီယာမပါမဖြစ်၊ ရှေ့တန်းက နံပါတ်တစ်” ဟု ဆုံးဖြတ်အကြံပြုချက်မှာ ရွှန်းလဲ့တောက်ပနေပါပြီ။ လစဉ်နှင့် အထူးသတင်းစာရှင်းလင်းပွဲကြီးက သက်သေခံနေသည်။ သတင်းထုတ်ပြန်ချက်တွေလည်း ကြေညာနေပါပြီ။

ဥပဒေပြင်မည်လား
“အကျဉ်းအကျပ်၊ အခက်အခဲ၊ နက်နဲသောကိစ္စရပ်များ (ဥပဒေ)မှာ ပါနေသလား။ တစ်ချက်ချင်းကြည့်။ ထိထိမိမိထောက်ပြ။ ပြင်ပါ။ ဖြည့်ပါ။ အကျိုးအကြောင်းတော့ ခိုင်မာပါစေ။ ရေရှည်တည်တံ့သော ဥပဒေ ဝိုင်းရေးကြပါစေ။ အလုပ်ဖြစ်ပါစေ။ ခဏခဏတော့ မပြင်ကြနဲ့ဗျာ” ဟု ရှေ့နေတစ်ဦးက ထောက်ပြသည်။ အလွန်မှန်သော အကြံပြုချက်ဖြစ်ပါပေသည်။ 

တိုင်သူနှင့် သက်သေ
(လောဘကြီးသော အရင်းရှင်လူတန်းစား၊ ခရိုနီတွေကိုသာ ကာကွယ်မည်လား။ သူတို့ဘက်ကိုသာ အသာပေးပြီး တိုင်သူဒုက္ခရောက်၊ သက်သေ၏ လုံခြုံရေးအကာအကွယ်မပေး။ အဂတိတိုက်ဖျက်ရေးက ဒီလိုဆိုရင် ဝေးသထက်ဝေး) ဟု ပျစ်ပျစ်နှစ်နှစ်ထပြောသူ၊ ဆွေးနွေးသူ၏ အကြံပြုချက်မှာ လေးနက်လှပါသည်။ 

ကော်မရှင်အဖွဲ့ဝင်များ
ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို နိုင်ငံတော်နှင့် ပြည်သူက ယုံယုံကြည်ကြည် တာဝန်အပ်နှင်းထားပါသောကြောင့် ကတိသစ္စာတည်ကြည်စွာဖြင့်၊ သန့်ရှင်းစွာ၊ အပြစ်ကင်းစွာ၊ ထမ်းဆောင်ကြဖို့၊ သမိုင်းမှတ်တမ်းတင်နိုင်ကြဖို့ စသည်ဖြင့် ပြည်သူ့မေတ္တာကို တင်ပြခဲ့သူများ၏ စေတနာ အကြံပြုချက်ကို လေးစားမှတ်သား အကောင်အထည်ဖော်သွားသင့်ပါသည်။ ပြည်သူ စောင့်ကြည့်နေပါသည်။

 နိုင်ငံတကာ သတိပြုစရာများ
အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းပြီး နိုင်ငံတကာစည်းမျဉ်းများ၊ ကြေညာစာတမ်းများ များစွာရှိပါသည်။ ယင်းတို့အနက် ဂျာကာတာကြေညာစာတမ်း (JAKARTA STATEMENT ON PRINCIPLES FOR ANTI-CORRUPTION AGENCIES) (26-27 November 2012)သည် ထင်ရှားလှသည်။
ဂျာကာတာကြေညာစာတမ်းမှ အချို့ကို ကောက်နုတ်တင်ပြရလျှင်-
(၁) အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့အစည်းများသည် လွတ်လပ်မှှိုရမည်။ အမှီအခိုကင်းရမည်။ ထိရောက်မှုရှိရမည်။
(၂) ရှင်းလင်းသောလုပ်ပိုင်ခွင့်များရရှိထားရမည်။
(၃) တစ်ဖွဲ့တည်း၊ ကော်မရှင်တစ်ခုတည်း သီးသန့်လုပ်ကိုင် ဆောင်ရွက်ခြင်း မပြုရ။ အစိုးရအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ ပုဂ္ဂလိကကဏ္ဍနှင့် အခြားဆက်နွှယ်သူများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အလုပ်သဘော ဆက်ဆံရေး အားပေးမြှင့်တင်ရမည်။
(၄) ဥပဒေမူဘောင်နှင့် ထူထောင်ထားသောအဖွဲ့အစည်းဖြစ်ရမည်။ ဘက်မလိုက်မှု၊ မျှတမှု၊ ကြားနေတတ်မှု၊ ဖြောင့်မတ်တည်ကြည်မှု၊ တတ်ကျွမ်းမှု သေချာစေသော ပုဂ္ဂိုလ်များ ပါဝင်ဆောင်ရွက်ရမည်။
(၅) အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆောင်ရွက်သူများအား တရားမ၊ ရာဇဝတ်ကြောင်းများအရ တရားစွဲဆိုမှု ကင်းလွတ်စေရမည်။ မလိုမုန်းထားမှုဖြင့် အန္တရာယ်မပြုနိုင်အောင်လည်း စီမံပေးရမည်။ ချီးမြှင့်ထောက်ပံ့မှု အတိုင်းအတာတစ်ရပ်အထိ ခံစားခွင့်ရှိစေရမည် စသည်ဖြစ်ပါသည်။ မှတ်သားနည်းယူဖွယ်ပါ။ 

စာတမ်းဖတ်ပွဲမှတစ်ဆင့်
ပွင့်လင်းမြင်သာသော သတင်းမီဒီယာများ၏ ကူညီမှု၊ စွမ်းဆောင်မှု၊ အခက်အခဲ၊ နည်းလမ်း၊ ဆောင်ရန်ရှောင်ရန်များ၊ မကျေနပ်ချက်များ၊ အားမရမှုများ၊ ချစ်ခြင်း၊ မုန်းခြင်း၊ ဝေဖန်ပိုင်းခြားခြင်း၊ င်္ခေနဘသသု မှတစ်ဆင့်  ပွင့်လင်းမြင်သာ ဝေဖန်အကြံပြုချက်များ၊ တွေ့ဆုံမှုများ၊ ပွတ်တိုက်မှုများ၊ ရန်တွေ့မှုများမှာ စာတမ်းဖတ်ပွဲမှတစ်ဆင့် သင်ခန်းစာများ ဖြစ်ပါသည်။ အလုပ်များဖြစ်ပါသည်ဟု ခံယူအပ်ပါသည်။ 

နိဂုံး
(၁) စာတမ်းများသည် စာတမ်းများပါပဲ။
(၂) ပွဲပြီးမီးသေ မဖြစ်စေရပါ။
(၃) စာတမ်းများမှတစ်ဆင့် လက်တွေ့ဘဝဆီသို့ ... ...။

ဆက်စပ် သတင်းများ