၁၆-၁၂-၂၀၁၇(ကြေးမုံ)သတင်းစာတွင် ပါဝင်သော "ရှေ့နေနှင့် အဂတိ သတိ" ဆောင်းပါး

  • Fri, 29 December 2017

နိဒါန်း

"ရှေ့နေ" တာဝန်မှ "အဂတိတိုက်ဖျက်ရေး" တာဝန်သို့ ပြောင်းလဲထမ်းဆောင်ရသည်။ လုပ်ငန်း သဘော သဘာဝချင်းမတူ။ နယ်သစ်၊ ပယ်သစ်၊ တာဝန်သစ်ဖြစ်သည်။ နိုင်ငံတော်တာဝန် လည်း ဖြစ်သည်။ အမှားမဖြစ်စေရ။ အားသစ်မွေးမှ။ သတိထား ကြိုးစားရမည့် အလုပ်တာဝန်။


အဂတိ သတိ

''အဂတိ'' ဟူသည် အဘယ်နည်း။ အဂတိသည် မှောင်မည်းသည်။ မလင်း။ မရှင်း။ အလျှင်း သတိပြုရမည့်အရာ။ သတိကပ်ရမည့်အရာ။ အကျင့်စာရိတ္တစံပြဖြစ်ရမည့်ကမ္ဘာ။ အခက်အခဲ များစွာ။ အနှောင့်အယှက်များစွာ။ ဥပဒေက ကန့်သတ်ထားသည့်အရာ။ ထို့ကြောင့် အဂတိ သတိ ဟု ရေးမှတ်လိုက်သည်။


ရှေ့နေဘဝအတွေ့အကြုံ

(ယခင်) ရှေ့နေဘဝအတွေ့အကြုံများစွာထဲမှာ အဂတိလိုက်စားမှုတွေတရားရုံးမှာ စစ်ဆေးခဲ့ရသည်။ တရားလိုဘက်ကရော၊ တရားခံဘက်ကပါဘယ်သူတွေ ဘယ်လို အကျင့်ပျက်ခဲ့သလဲ။ ဘာပုဒ်မနဲ့ ငြိသလဲ။ ဆွဲချအမြင်နှင့်ကြည့်လျှင် တစ်မျိုး၊ တရားခံဘက်က ကြည့်တော့ လွတ်ရာလွတ် ကြောင်းထုံးဟောင်းရှာဖွေ။ နှစ်ဖက်ခံစားချက်မြင်ခဲ့ရ၊ ကြုံခဲ့ရ၊ သံသယအကျိုးတောင်းခဲ့ရ၊ လွတ်သူလည်းရှိ၊ ကျသူလည်းပါ၊ ဘယ်ခါမှ မပြီးပြတ်သော ဇာတ်လမ်းပမာတွေ။ဟိုအဝေးမှာ ကျန်ခဲ့ပြီလေ။

နောက်ခံသမိုင်း

ကိုယ်တာဝန်ယူရမည့်အလုပ်က ဘာလဲ။ နောက်ခံသမိုင်းသည် ဘာလဲ။ အခြေခံအချက်က ဘာလဲ။ ထဲထဲဝင်ဝင်သိဖို့လိုသည်။ မှတ်စုထုတ်ထားမှ။ သတိထားစရာတွေ၊ မှတ်သားစရာတွေ။ ဆောင်ရန် ရှောင်ရန်တွေ။ ဥပဒေ ပြဋ္ဌာန်းချက်တွေ ယခင်နှင့်မတူ။ ယခုအလုပ်ဘာတွေလုပ်ရမှာလဲ။

လွတ်လပ်ရေးမရမီ

၂၃.၁၂.၁၉၄၇           -    ပြည်သူ့ထောက်ပံ့ရေးပစ္စည်းများ ခိုးယူခြင်းမှ ကာကွယ် သည့်ကော်မတီ (Civil Supplies Thefts Preventive Committee )

  • ပြည်သူ့ပိုင်ပစ္စည်း ကာကွယ်ရေးကော်မတီ (Public Property Protection Committee)
  • ပြည်သူ့ပိုင်ပစ္စည်း ကာကွယ်ရေးရဲအဖွဲ့ (Public Property Protection Police P-4)

အရေးယူဆောင်ရွက်မှု

၁၈၆၁ ခုနှစ် ပြစ်မှုဆိုင်ရာဥပဒေအခန်း (၉) ပုဒ်မ ၁၆၁ မှ ၁၆၅ အထိပါဝင်သည့် ပြဋ္ဌာန်းချက်များ အရ ဥပဒေဖြင့်အရေးယူခဲ့သည်။

လွတ်လပ်ရေးရပြီး

၁၉၄၈           -    အဂတိလိုက်စားမှုတားမြစ်ရေးအက်ဥပဒေ သီးခြားပြဋ္ဌာန်းခဲ့။

                   -    ပုဒ်မ ၆ ခုပါရှိ။  ဥပဒေပြင်ဆင်ချက် (၄)ကြိမ်ရှိခဲ့။

                   -    ဥပဒေပုဒ်မ ၄(၂)အရ ထောင်ဒဏ်(၇)နှစ် ချမှတ်နိုင်။

ကော်မရှင်ဖွဲ့ခြင်း

(၁)     United Nations Cinvention Against Corruption (UNCAC)ကို ၃၁.၁၀.၂၀၁၃ ရက်စွဲဖြင့် General Assembly Resolution 58/4 ဖြင့် အတည်ပြုခဲ့။

(၂)     ကုလသမဂ္ဂ ၃/၄ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက် ၅၈/၄ တွင် UNODC အား UNCAC    ခန့်အပ်ခဲ့။

(၃)     ကုလသမဂ္ဂ ၃/၄ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း (UNCAC) တွင် အမှတ်စဉ် ၁၃၇ အဖြစ် ၂.၁၂.၂၀ဝ၅ နေ့၌ လက်မှတ်ရေးထိုးခဲ့။

(၄)     ၂၀.၁၂.၂၀၁၂ နေ့တွင် ၁၆၅ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြုခဲ့။

(၅)     လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီအား ၈.၁.၂၀၁၃ နေ့တွင် မြန်မာနိုင်ငံ ဒုတိယသမ္မတ တာဝန်ယူခဲ့သည့် ဒေါက်တာစိုင်းမောက်ခမ်း (ဥက္ကဋ္ဌ)အဖြစ် အဖွဲ့ဝင်(၈)ဦးဖြင့် တာဝန်ပေးခဲ့။

(၆)     ဥပဒေမူကြမ်းကို ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမအစည်းအဝေးက ၂၅.၇.၂၀၁၃ နေ့တွင် အတည်ပြုခဲ့။

(၇)     ၂၀၁၃ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၃ ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို ၇.၈.၂၀၁၃ နေ့တွင် ပြဋ္ဌာန်းခဲ့။

(၈)     ၁၇.၉.၂၀၁၃ နေ့တွင် ဥပဒေစတင်အာဏာအသက်ဝင်ခဲ့။

ပထမကော်မရှင်

လာဘ်ပေးလာဘ်ယူမှုပပျောက်ရေး ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် ၁၃ ဦးဖြင့်  ၂၅.၂.၂၀၁၄ တွင် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့။ ၄.၈.၂၀၁၄ တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဟု အမည် ပြောင်းလဲခဲ့။

ဒုတိယကော်မရှင်

နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၃ဝ/၂၀၁၇ ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော် မရှင် ကို ၂၃.၁၁.၂၀၁၇ ရက်စွဲဖြင့် ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့် အဖွဲ့ဝင် စုစုပေါင်း ၁၂ ဦးဖြင့် တာဝန်ပေးအပ်ခဲ့။ စာရေးသူက တစ်ဦးအပါအဝင်ဖြစ်လာခဲ့။

ဥပဒေရည်ရွယ်ချက် (၆)ချက်

(၁)     အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ဆောင်ရွက်ရန်

(၂)     သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ဖြစ်ထွန်းစေရန်

(၃)     အများပြည်သူအုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှုမြင့်မားတိုးတက်လာစေရန်

(၄)     အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်ပိုင်ပစ္စည်းများ၊ လူ့အဖွဲ့အစည်းနှင့်နိုင်ငံသားများ၏  အကျိုးစီးပွားများကို ထိခိုက်မှုမရှိစေရေးအတွက် အကာအကွယ်ပေးရန်

(၅)     အဂတိလိုက်စားမှုကျူးလွန်သူများအား ထိရောက်စွာအရေးယူရန်

(၆)     တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများ၌ ပိုမိုပွင့်လင်းမြင်သာမှုရှိပြီးပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်

အဟောင်းမှအသစ်သို့

ကော်မရှင်အဟောင်းမှအသစ်သို့ လက်ဆင့်ကမ်းအမွေ။ အတွေ့အကြုံသည် ဆရာဖြစ်သည်။ ရှောင်ရန်၊ ဆောင်ရန်၊ ရှေ့ဆက်ရမည့်ခရီး။ မပြီးသေး။ အေးဆေးတည်ငြိမ်စွာ၊ လေးနက်စွာ၊ တက်ကြွစွာ၊ ပွင့်လင်း မြင်သာစွာ။ ဝန်ထမ်းအင်အား မပြည့်စုံသေး။ လုပ်ငန်းပမာဏနှင့် အချိုးကျအောင် ရွက်ဆောင်စရာတွေ အားသစ်လောင်းစရာတွေ။ ဥပဒေ၏ယိုကွက်၊ ပျော့ကွက်။   အားသာချက်။ အဓိကပန်းတိုင်။ လူထုဆန္ဒ ပညာပေးရမည့် ဘာသာရပ်များ။ အပြစ်ပြောတတ်သူများ၏ သဘာဝ။ အဆိုးမြင်၊ အကောင်းမြင်။ ဆင်ဆင်ခြင်ခြင် စဉ်းစဉ်းစားစား။ ရှေ့ဆက် သွားရမည့် ခရီးရှည် ဘာတွေပါလဲ။ သတိဖြင့်ဆင်ခြင်။ အားအင်နှင့် ချီတက်။ တစ်သက်စာ အလုပ်တွေ ပြီးနိုင်ပါ့မလား။ တာဝန်မကျေရင်တော့ အိပ်ရာလိပ် လိပ်ဖို့သာပြင်။

နှစ်ဖက်ကျေနပ်သင့်မြတ်နေလျှင်

          ရှေ့နေတာဝန်ထမ်းစဉ်က စွဲနေခဲ့သော တရားစီရင်ထုံးတစ်ခုကို ပြန်၍သတိရသည်။ ဤသို့ဖြစ်သည်။ လာဘ်ပေးလာဘ်ယူ ကိစ္စများတွင် ပေးသူရှိ၍ ယူသူ ရှိတတ်သည်။  နှစ်ဖက်ကျေနပ် သင့်မြတ်နေကြလျှင် အမှုမပေါ်။ ပေးသူက မကျေနပ်၍ တိုင်တန်းမှ အမှုပေါ်တတ်သည်။ လက်ပူး လက်ကြပ်မိ ရန်ဆိုလျှင်လည်း ကြိုတင်ပြင်ဆင်၍ ဖမ်းရပြန်သည်။ ပေးစဉ်က ကျေနပ်စွာပေး၍ လိုတာမရသောအခါမှ လာရောက် သတင်း ပေးသူ၊ ထိုသူ၏အကူအညီဖြင့်ဖမ်းဆီးရခြင်းတို့သည် မနှစ်မြို့ဖွယ်ဖြစ်သည်မှန်၏။ သို့ရာတွင် မနှစ်မြို့ဖွယ် ထဲမှာပင် အဖြစ်မှန်ကို ရှာဖွေရမည်ဖြစ်သည်။ မတော်မတရား လီဆယ်၍ အမှုဆင်ခြင်းဖြစ်သည်ကို တွေ့ရလျှင် အစွပ်စွဲ ခံရသူကို လွတ်ကင်း၍ ဒုက္ခငြိမ်းစေကာ မတရားစွပ်စွဲသူကိုပင် သင့်တော်သလို အရေးယူရမည်။ လာဘ်ယူခြင်းမှန် လျှင်မူကား  ယခင်က ကျေနပ်စွာ ပေးခဲ့သူ၏ မသန့်ရှင်းခြင်း တစ်ရပ် တည်းကြောင့် ''လာဘ်ယူ သူကို လွတ်ကင်းစေခွင့်သင့်မည်မဟုတ်ချေ'' ဟု ဖော်ပြလမ်းညွှန်သည်။

          အဂတိနှင့် စပ်လျဉ်းသော တရားစီရင်ထုံးတွေများ လှပေသည်။ သင့်သလိုရည်ညွှန်း၊ ဆီလျော် သလိုဖော်ပြ၍ အဂတိတိုက်ဖျက်ရေးလုပ်ငန်းမှာ အသုံးပြုရဦးမည်ဟု ကျွန်တော်တွေးသည်။  ဥပဒေ တာဝန်က ယနေ့တိုင် ဆက်လက်ထမ်းရဦးမည်။ ဥပဒေကိုမေ့၍မရ။ ဆက်လက် ကိုင်စွဲဦးမှ။

မှတ်သားသတိ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က''အဂတိလိုက်စားမှုဟာ အယုံအကြည်ရှိမှု၊ ကောင်းမွန်တဲ့အုပ်ချုပ်မှုနဲ့ ပြည်သူ့ဝန်ထမ်း ယန္တရားကြီးတစ်ခုလုံးရဲ့ ဂုဏ်ရှိမှုတို့ကို တိုက်စားဖျက်ဆီး ပါသည်။ အဂတိလိုက်စားခြင်းဟာ လူအနည်းငယ်ရဲ့အကျိုးကို အများအကျိုးရဲ့ အထက်မှာ ထားရှိခြင်း  ဖြစ်တာကြောင့် ဒီမိုကရေစီရဲ့ ဗဟိုမူ ဖြစ်တဲ့ ပြည်သူကို ကိုယ်စား ပြုတဲ့ အုပ်ချုပ်ရေးကို ထိပါး စေပါတယ်" ဟု မှာကြားလမ်းညွှန်သည်။

ဤမှာကြားချက်သည် သတိလမ်းညွှန်ချက်ဖြစ်သည်။ အုပ်ချုပ်ရေးမူဝါဒ၏ အနှစ်သာရလည်းဖြစ် သည်။ မှတ်သားသတိ၊ အသိရှိကြမည်။ မှတ်သားစရာတွေ၊ သတိပြုစရာတွေကား မကုန်နိုင်။ မှတ်နိုင်၊ လေ့လာနိုင်မှ တော်ကာကျမည်။ လက်တွေ့အသုံးဝင်မည်။

ဝန်ထမ်းတွေ

အဂတိပြုသူ ဘယ်သူတွေပါလိမ့်။ ဝန်ထမ်းတွေ အများစု ဖြစ်နေသလား။ ရပ်ကွက်အုပ်ချုပ် ရေးမှူးတွေ၊ လူထုနှင့် ပူးကပ်နီးစပ်သူတွေ၊ အာဏာကြီးကြီးကိုင်ထားသူတွေ၊ အပေးအယူများ နေကြသလား။ ထင်ထင်ပေါ်ပေါ် မဟုတ်သော်ငြား တိုးတိုးတိတ်တိတ် ထိတ်ထိတ်ပျာပျာ၊ ငွေရှာ ဖန်တီး နေကြသလား။ပေးသူ၊ ယူသူ ကြည်ဖြူနေကြသလား။ အများမသိအောင် တရားမရှိယောင် ဆောင်နေကြ လေသလား။ ဘာပဲဖြစ်ဖြစ် ပြည်သူမချစ်၊ ပြည်သူ မကြိုက်သော အလုပ်ကို မလုပ်လိုကြောင်း၊ မလုပ် သင့်ကြောင်း ထုံးဟောင်းသက်သေပြဆိုနေလေပြီ။ သူများ ပြောမှ ဆင်ခြင်တာ မကောင်း။  ကိုယ့်ဘာသာ ကိုယ်ဆင်ခြင်ပြုပြင်လျှင်၊ ပြဿနာနည်းမည်။ ပို၍ ကောင်းသည်။

အပုပ်နံ့

အပုပ်နံ့သည် နံဟောင်လှသည်။ ဖုံးလေ နံလေ။ ဖိလေ ထွက်လေ။ဝှက်လေပေါ်လေ။ အဂတိသည် မစင်နံ့ပမာ။ ရေမွှေးဆွတ်သော်ငြားပျောက်မသွား။ လောက၌ အဆင်းမလှ။ ချမ်းသာမှုမှာ တာရှည်မခံ။ ထောင်နန်းစံသည့်အခါကျမှ နောင်တရ။ လောဘ၊ ဒေါသ၊ မောဟ၊ အဂတိတရားဖုံးလွှမ်းသွား၍ အစားမတော်၊ အသွားမလှ၊ ဒုက္ခရောက်ကြရသည်။ ဒုက္ခကို ဝယ်ယူကြမည်လား။ သတိအသိ ရှိကြသင့်ပြီ။ သားတွေ၊ သမီးတွေ၊ မြေးတွေ၊တစ်ဆွေလုံး တစ်မျိုးလုံး အုတ်အုတ်ကျက်ကျက် မျက်နှာမပျက်ကြစေချင်ပါ။

လူငယ်တွေ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့က စာပေပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ကာတွန်းပြိုင်ပွဲ၊ စကားရည် လုပွဲတွေ ကျင်းပခဲ့သည်။ မူလတန်း၊ အလယ်တန်း၊အထက်တန်းဆုရ ကျောင်းသား ကျောင်းသူလေးတွေ၏ စွမ်းရည်၊ စေတနာသန့်ရှင်းသောကလေးဘဝ၊ မညစ်ထေး။ ဆန္ဒ ́၊ ဒေါသ၊ ဘယာ၊ မောဟကင်းစင်ကြသည်။ စာပေဆုရကြသည့်လူငယ်များကို ကြည့်ပြီး တွေးမိသေး။ သူတို့မျက်နှာကြည်လင်လိုက်တာဗျာ။ ပီတိဝေဆာမိသည်။

ယနေ့လူငယ်သည် နောင်ဝယ်လူကြီး။ အခြေခံဘဝအစ လူငယ်ဘဝကစပြီးအဂတိကို မုန်းကြစေ။ လာဘ်ပေးလာဘ်ယူ ဒို့ရန်သူ။ ဖြတ်လမ်းမရှိ။ အလုပ်လုပ်မှ ထမင်းရ။ အလုပ်မရှိ၊ ထမင်းမရှိ။ မတော် လောဘမရှိ။ မတော်ဒေါသမရှိ။ မတော်မောဟမသိ။ ပကတိဖြူစင် ရိုးသားမှုကို ထာဝစဉ် တည်တံ့ကြစေဖို့ ပျိုးထောင်ကြစို့။ အဂတိကင်းကြစို့။ ပညာပေးကြစို့။ အသိဗဟုသုတ မျှဝေကြစို့။ ကိုယ့်သားသမီးတွေကို လက်ဆင့်ကမ်းအမွေ၊ ဖြူစင်စွာပေးကြစို့။ ဘဝအလှ သယ်ဆောင်ကြစို့။ ဤသို့ ကျွန်တော်တွေးသည်။ ယုံသည်။

ပေးသူ ယူသူ

ပေးသူရှိ၍ ယူသူရှိ။ ယူသူရှိ၍ ပေးသူရှိ။ အပြန်အလှန်ပါ။ ဆင်ခြင်စရာပါ။ တွေးကြည့်တော့ နှစ်ဖက်စလုံး အပြစ်ရှိသည်သာ။ မပေးလျှင်မယူ၊ မယူလျှင်မပေး။ ကျင့်ဝတ်စည်းကမ်း ဥပဒေဖြင့်သာ ရေရှည်တည်တံ့မည်။ တိတိကျကျလိုက်နာမှသာ ဘဝပန်းတိုင်သို့ လျှောက်နိုင်ကြမည်။ တစ်ဦး တစ်ယောက်တည်း လုပ်၍ မရ။ တစ်ဖွဲ့တည်း လုပ်၍မရ။ ဟိုလူ လက်ညှိုးထိုး၊ ဒီလူ လက်ညှိုးထိုးနှင့် ပြီးမည်မထင်။ ဥပဒေလက်နက်ကိုဖြင့် လိုအပ်မှ သုံးသင့်ကြသည်ထင်သည်။ သတိ။ အသိ။

ပညာပေး ဗဟုသုတ

          တိုင်စာကို အလွယ်ရေး၍ မရ။ အလွယ်ရေးသော တိုင်စာကို ကော်မရှင်က အရေးမယူ။ ပြည့်ပြည့် စုံစုံတိုင်ကြားမှ၊ အချက်အလက်စုံမှ၊ သတ်မှတ်ချက်နှင့်ညီညွတ်မှ အရေးယူသည်။ လုပ်ထုံးတွေ၊ စည်းကမ်း တွေများလိုက်တာဗျာ ဟု စိတ်မဆိုးကြနှင့်။ ဥပဒေနှင့်ညီမှ အရေးယူနိုင်မည်ကို ဗဟုသုတလေ့လာ စေချင် သည်။ သိချင်တာရှိရင် ကော်မရှင်ကို ကြိုတင်မေးပါ။

နိဂုံး

(၁) အဂတိကင်းသော မြန်မာ၊ အဂတိတိုက်ဖျက်သော မြန်မာ။

(၂) စေတနာဝေဖြာသော မြန်မာ၊ သတိရှိသော မြန်မာ။

(၃) နိုင်ငံခြားသားများက လေးစားသော မြန်မာ။

(၄) ရင်းနှီးမြှုပ်နှံမှုတွေကိုကြိုသော မြန်မာ။

(၅) ဂုဏ်သိက္ခာမြင့်မားသော မြန်မာအဖြစ် ကမ္ဘာမှာ ဂုဏ်တင့်ပါစေကြောင်း

(အဂတိသတိ) ဖြင့် အသိပေးမျှဝေကြိုဆိုအပ်ပါသည်ခင်ဗျား။

ဆက်စပ် သတင်းများ