အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌနှင့် ပြင်ဦးလွင်ခရိုင်ရှိ အစိုးရအဖွဲ့၏ စီစဉ်ပေးမှုဖြင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်တို့နှင့် တွေ့ဆုံ

  • Sat, 8 April 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌနှင့် ပြင်ဦးလွင်ခရိုင်ရှိ  အစိုးရအဖွဲ့၏ စီစဉ်ပေးမှုဖြင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊  စီးပွားရေးလုပ်ငန်းရှင်တို့နှင့် တွေ့ဆုံ


နေပြည်တော် ဧပြီလ  ၈ ရက်
“လူသားတို့၏ ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟဂတိ များကြောင့် လူမှုဘဝပတ်ဝန်းကျင်တွင် အဂတိတရားများ ဖြစ်ပွားကာ လူ့ဘောင်တစ်ခုလုံး၏ အေးချမ်းသာယာရေးနှင့် စည်ပင်ဖွံ့ဖြိုးမှုကို ထိုးနှက်တိုက်ခိုက်နေသော ဤအကျင့်စရိုက်ဆိုးကို အပြစ်ပေးအရေးယူခြင်းထက် အသိပညာပေးခြင်းနှင့် ကြိုတင်ထိန်းသိမ်းကာကွယ်ခြင်းတို့ဖြင့် ချိုးနှိမ်ယုတ်လျော့အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ”

            အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် သည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ပေးမှုဖြင့် ပြင်ဦးလွင်ဒေသရှိ ခရိုင်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လုပ်ငန်းရှင်များအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေး တွေ့ဆုံပွဲအခမ်းအနားကို ပြင်ဦးလွင်မြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့ပါသည်။
   ရှေးဦးစွာ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် က အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ၁၉၄၇ ခုနှစ်မှ စတင်၍ ဥပဒေပြဋ္ဌာန်းကာ ခေတ်အဆက်ဆက် ဆောင်ရွက်ခဲ့သော်လည်း ကာလကြာရှည်သည်နှင့်အမျှ အဂတိလိုက်စားမှုများသည် ပုံစံအမျိုးမျိုးနှင့် ပေါ်ပေါက်လျက်ရှိပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် (Grand Corruption) ခေါ် နိုင်ငံအဆင့်၊ ဒေသတွင်းအဆင့် အကြီးစား အဂတိလိုက်စားမှုမျိုး သာမက (Petty Corruption) ခေါ် အသေးစားအဂတိလိုက်စားမှု မျိုးလည်း ဖြစ်ပွားနေပါကြောင်း၊ အမှန်စင်စစ် (Bribery) ခေါ် လာဘ်ပေးလာဘ်ယူမှုထက် Corruption ခေါ် အဂတိမှာ ပိုမိုကျယ်ပြန့်ပါကြောင်း၊ လာဘ်ပေးလာဘ်ယူရာတွင် ပေးသူယူသူ နှစ်ဦးသာရှိသော်လည်း နှစ်ဦးစလုံးတွင် အပြစ်ရှိပါကြောင်း၊ ထို့ထက် ပိုမိုကျယ်ပြန့်လာသည်မှာ ရာထူးတာဝန်အရ လုပ်ပိုင်ခွင့်ရှိသူအနေဖြင့် ပေးအပ်ထားသော အခွင့်အာဏာကို မိမိ ကိုယ်ကျိုးစီးပွား အတွက် တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများ ကိုချိုးဖောက်ပြီး နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုတို့ကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေခြင်းတို့သည် အဂတိလိုက်စားမှု ကျူးလွန်ခြင်းပင်ဖြစ်ပါကြောင်း၊
      အဂတိလိုက်စားမှုအား ကျယ်ကျယ်ပြန့်ပြန့် တိုက်ဖျက်နိုင်ရေးအတွက် ၂၀၁၃ ခုနှစ်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ၂၀၁၄ ခုနှစ်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပိုမို ပြည့်စုံစေရန်အတွက် Review ပြုလုပ်၍ ၂၀၁၄ ခုနှစ်တွင် ပထမ အကြိမ်၊ ၂၀၁၆ ခုနှစ်တွင် ဒုတိယ အကြိမ်၊ ၂၀၁၇ ခုနှစ်တွင် တတိယ အကြိမ်နှင့် ၂၀၁၈ ခုနှစ်တွင် စတုတ္ထ အကြိမ် အသီးသီးပြင်ဆင်ခဲ့ရာ ယခုအခါတွင် ၅ နှစ်ကြာမြင့်ပြီဖြစ်သည့် အတွက် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်များနှင့် ညှိနှိုင်းသုံးသပ်မှု ပြုလုပ်ရန် စီစဉ်လျက် ရှိပါကြောင်း၊ 
      မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း (United Nations Convention Against Corruption -UNCAC) ၏ ၂၀၁၁ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာသည်နှင့်အညီ ယင်း၏ ပြဋ္ဌာန်းချက်များအပေါ် နိုင်ငံ၏ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများနှင့်အညီ အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းအောင် လုပ်ဆောင်လျက် ရှိပါကြောင်း၊
    အသိပညာပေးရေးကဏ္ဍ အနေဖြင့် မျိုးဆက်သစ် ကျောင်းသား/ ကျောင်းသူလူငယ်များအကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာ၊ ဗဟုသုတ ဖြန့်ကြက်နိုင်ရန် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ဆရာကိုင် စာအုပ်များအပြင် အဆင့်မြင့်ပညာအတွက် ရည်ညွှန်းစာစောင်များကို ပြုစုထုတ်ဝေ၍ ပညာရေး ဝန်ကြီးဌာန အကူအညီဖြင့် ဖြန့်ဝေထားပြီး ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဘာသာရပ်များတွင် သင်ခန်းစာများအဖြစ် ထည့်သွင်းပြဋ္ဌာန်း သင်ကြားနိုင်ရေးအတွက် ကိုလည်း  ညှိနှိုင်းလျက် ရှိပါကြောင်း၊
    တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများကို Fabric စနစ်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ရာ ရလဒ်ကောင်းများရရှိခဲ့ပါကြောင်း၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် ဝန်ကြီးဌာန/အဖွဲ့အစည်း ၃၇ ဖွဲ့ နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် အဖွဲ့အစည်း ၁၄ ဖွဲ့၊ စုစုပေါင်း ၅၁ ဖွဲ့ ဖွဲ့စည်းထားရှိပြီး ခရိုင်နှင့် မြို့နယ်အဆင့်များ အထိ ဆက်လက် တိုးချဲ့ဖွဲ့စည်းသွားမည် ဖြစ်ပါကြောင်း၊ 
    CPU အဖွဲ့များ၏ လုပ်ငန်းတာဝန်ဖြစ်သည့် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ် (Public Feedback Program-PFP) ကိုလည်း ဆက်လက် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ထို့အတွက် ဒေသတွင်း အဖွဲ့အစည်းများ၊ အစိုးရ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ၊ ပြည်သူများအားလုံး ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်သည့်အပြင် ကျောင်းသား/ ကျောင်းသူများ အကြား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ဗဟုသုတများ ပြန့်ပွားနိုင်ရန် ပညာပေး သင်ကြားမှုအစီအစဉ်များကို တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်ထမ်းကျင့်ဝတ်များနှင့် ဌာနအလိုက် ချမှတ်ထားသည့် ကျင့်ဝတ်များကိုလည်း အထူးဂရုပြု လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်စပ် သတင်းများ