အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌနှင့် ပုဂံညောင်ဦးဒေသရှိ အစိုးရအဖွဲ့၏ စီစဉ်ပေးမှုဖြင့် ခရိုင်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်တို့နှင့် တွေ့ဆုံ

  • Fri, 7 April 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌနှင့် ပုဂံညောင်ဦးဒေသရှိ  အစိုးရအဖွဲ့၏ စီစဉ်ပေးမှုဖြင့် ခရိုင်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊  စီးပွားရေးလုပ်ငန်းရှင်တို့နှင့် တွေ့ဆုံ


နေပြည်တော် ဧပြီလ  ၇ ရက်
           အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် သည် ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီစဉ်ပေးမှုဖြင့် ပုဂံညောင်ဦးဒေသရှိ ခရိုင်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လုပ်ငန်းရှင်များအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေး တွေ့ဆုံပွဲ အခမ်းအနားကို ညောင်ဦးမြို့ Heritage Bagan ဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
    ရှေးဦးစွာ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် က အဂတိလိုက်စားမှုသည် နိုင်ငံတကာတွင်လည်း ဖြစ်ပွားနေသည့်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်နိုင်ရေးကို ကမ္ဘာနှင့်တစ်ဝှမ်း ကျယ်ကျယ်ပြန့်ပြန့် တွန်းအားပေး လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်း၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်(၁၇) ချက်၏ (Sustainable Development Goals – SDG (၁၆.၅) တွင် လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိလိုက်စားမှုများသည် အသွင်သဏ္ဍာန်အမျိုးမျိုးဖြင့် ဖြစ်ပေါ်လျက်ရှိရာများပြားစွာ လျော့နည်းကျဆင်းသွားအောင် လုပ်ကိုင်ဆောင်ရွက်ရန် ထည့်သွင်းဖော်ပြထားပါကြောင်း၊ မြန်မာ နိုင်ငံသည်လည်း အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း (United Nations Convention Against Corruption -UNCAC) ၏ အဖွဲ့ဝင်ဖြစ်သည်နှင့်အညီ UNCAC ၏ ပြဋ္ဌာန်းချက်များအပေါ် နိုင်ငံ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများနှင့်အညီ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများဖြင့် လျော့နည်းကျဆင်းအောင်လုပ်ဆောင်လျက်ရှိပါကြောင်း၊ ယခုအခါ အဂတိလိုက်စားမှုသည် Systemic Corruption ပုံစံဖြင့် စနစ်တကျ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ယင်းတွင် (Grand Corruption)ခေါ် အကြီးစားအဂတိလိုက်စားမှုမျိုး သာမက(Petty Corruption) ခေါ် အသေးစား အဂတိလိုက်စားမှုမျိုးလည်း ဖြစ်ပွားလျက်ရှိရာ ယင်းစနစ်ဆိုး ယုတ်လျော့ကျဆင်းရေးအတွက် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေး အရေးယူခြင်း ဟူသည့် လုပ်ငန်းစဉ် (၃) ရပ်ကို တစ်ပြိုင်တည်း ဆောင်ရွက်သွားလိုပါကြောင်း၊ အထူးသဖြင့်  မဖြစ်ခင်က ကြိုတင်တားဆီး ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းကို အထူးအလေးထား ဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄) ခုရှိ အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲများကို အချိန်နှင့် တပြေးညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊
    အထူးသဖြင့် ကျောင်းသား/ ကျောင်းသူ လူငယ်များအကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာ၊ ဗဟုသုတ ဖြန့်ကြက်နိုင်ရန် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ဆရာကိုင်စာအုပ်များအပြင် အဆင့်မြင့်ပညာအတွက် ရည်ညွှန်းစာစောင်များကို ပြုစုထုတ်ဝေ၍ ပညာရေးဝန်ကြီးဌာန အကူအညီဖြင့် ဖြန့်ဝေထားပြီးဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဘာသာရပ်များတွင် သင်ခန်းစာများအဖြစ် ထည့်သွင်းပြဋ္ဌာန်း သင်ကြားနိုင်ရေးအတွက်လည်း  ညှိနှိုင်းဆောင် ရွက်လျက်ရှိပါကြောင်း၊ လက်ရှိတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU) အဖွဲ့ (၃၇) ဖွဲ့နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် (၁၄) ဖွဲ့ တို့ကိုဖွဲ့စည်း၍ တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ ခရိုင်နှင့် မြို့နယ် အဆင့်များအထိ ဆက်လက်တိုးချဲ့ ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့အတွက် ပုဂံညောင်ဦးဒေသကဲ့သို့ ပြည်တွင်းပြည်ပ ခရီးသည်လာရောက်မှုများပြားသည့် နေရာတွင် ယင်းဝန် ဆောင်မှုလုပ်ငန်းများကို ထိရောက်စွာ လုပ်ကိုင်ပေးခြင်းဖြင့် ပြည်သူလူထု၏ စိတ်ချမ်းမြေ့မှုနှင့် ကျေနပ်နှစ်သိမ့်မှုများကို ပိုမိုဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါကြောင်း၊ CPU အဖွဲ့များ၏ လုပ်ငန်းတာဝန်ဖြစ်သည့် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ် (Public Feedback Program-PFP) များကိုလည်း ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်များကိုလည်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ၎င်းအပြင် အဂတိ လိုက်စားနိုင်ခြေ အန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း (Corruption Risk Assessment-CRA) လုပ်ငန်းစဉ်ကို ဆောင်ရွက်ခြင်းဖြင့် ပြည်သူတို့၏ ယုံကြည်မှုကို အပြန်အလှန် တည်ဆောက်သွားနိုင်မည် ဖြစ်ပါကြောင်း၊ ထို့အတွက် ဒေသတွင်း အဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ၊ ပြည်သူများအားလုံး ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်သည့်အပြင် ကျောင်းသား/ ကျောင်းသူများအကြား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ဗဟုသုတများ ပိုမိုသိရှိနားလည်စေရန် ပညာပေး သင်ကြားမှုအစီအစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်ထမ်းကျင့်ဝတ်များနှင့် ဌာနအလိုက် ချမှတ်ထားသည့် ကျင့်ဝတ်များကိုလည်း အထူးဂရုပြုလိုက်နာဆောင်ရွက်ကြရန်  ပြောကြားခဲ့ပါသည်။

ဆက်စပ် သတင်းများ