အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌနှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့ပေါ်ရှိ ပညာရေးဝန်ထမ်းများနှင့်တွေ့ဆုံပွဲ အခမ်းအနားကျင်းပ

  • Sat, 11 February 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌနှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့ပေါ်ရှိ ပညာရေးဝန်ထမ်းများနှင့်တွေ့ဆုံပွဲ အခမ်းအနားကျင်းပ


နေပြည်တော် ဖေဖော်ဝါရီ ၁၁ ရက်

            အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်သည် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ၊ အဆင့်မြင့်ပညာဦးစီးဌာန၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် ဆရာ၊ ဆရာမများ၊ ပြည်နယ်ပညာရေးမှူး ဦးဆောင်သော အခြေခံပညာဦးစီးဌာနမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းတို့မှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဒေါ်ခင်သိန်းခန်းမ၌ကျင်းပရာ အဆိုပါတွေ့ဆုံပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဇေယျကျော်ထင်စည်သူ ဦးအောင်ဇော်အေးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ကြပါသည်။

            ရှေးဦးစွာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်က ကော်မရှင်သည် အများပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နိုင်ငံတော်အတွင်း အဂတိလိုက်စားမှုများကို အများပြည်သူတို့နှင့်အတူ လက်တွဲ၍ တွန်းလှန်တိုက်ဖျက်ကြရမှာဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူဆောင်ရွက်ခြင်း ဟူသည့် နည်းလမ်းသုံးသွယ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ ပုဒ်မ ၁၆ ပုဒ်မခွဲ (ည)အရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး သင်ခန်းစာများအား အခြေခံပညာမူလတန်းအဆင့်မှ စတင်သင်ကြားနိုင်ရေး ပြဋ္ဌာန်းထားပါကြောင်း၊ အဂတိလိုက်စားမှုကိုတိုက်ဖျက်ရာ၌ အသိပညာပေးခြင်းသည် အကောင်းဆုံး အကျယ်ပြန့်ဆုံးနှင့် အထိရောက်ဆုံး ရေရှည်လုပ်ဆောင်ချက်ဖြစ်သည်နှင့်အညီ အခြေခံပညာမူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများမှ စတင်၍ ဖြောင့်မတ်တည်ကြည်မှုကို မြှင့်တင်ပေးနိုင်ရန်၊ ရိုးသားဖြောင့်မတ်မှုဆိုင်ရာ လူမှုတန်ဖိုးကို ကလေးဘဝတည်းက စိတ်ထဲနှလုံးသားထဲ စွဲမြဲစီးဝင်စေခြင်းဖြင့် ရိုးသားဖြောင့်မတ်သည့် မျိုးဆက်သစ်ကို ထူထောင်ရာတွင် အထောက်အကူပြုရန် ရည်ရွယ်၍ အခြေခံပညာ (မူလတန်း၊ အလယ်တန်း၊ အထက်တန်း) အဆင့် ဆရာကိုင်စာအုပ်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင် (၁ နှင့် ၂) နှင့် ဖြောင့်မတ်တည်ကြည်မှုနှင့်ကျင့်ဝတ်တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်(၁ ၊ ၂ နှင့် ၃) တို့ကို ဖြန့်ဝေခဲ့ပြီးဖြစ်ပါကြောင်း၊ လူငယ်များအား တာဝန်ယူမှု၊ တာဝန်ခံမှုကို သူ့အရွယ်နှင့်သူ သင်ကြားလေ့ကျင့်ပေးခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ အဂတိလိုက်စားမှုကင်းစင်စေရေး၏ အခြေခံအုတ်မြစ်လည်း ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ အဂတိလိုက်စားမှုနှင့်ပတ်သက်၍ အသိပညာရရှိစေရန်၊ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်လိုစိတ်ရှိသည့် လူ့အဖွဲ့အစည်းဖြစ်တည်လာစေရန်၊ အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့အကြား ခွဲခြားတွေးတောဆင်ခြင်တတ်သည့် အခြေခံအလေ့အထများပီပြင်လာစေရန်တို့အတွက် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေး (Edu-tainment) အစီအစဉ်များကို ပညာရေးဝန်ကြီးဌာနရှိ မူလတန်းနှင့်အလယ်တန်း အဆင့်များမှစတင်၍ အသိပညာပေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်  ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ကျောင်းပေါင်း (၅၅) ကျောင်းရှိခဲ့ပြီး ရှမ်းပြည်နယ် တောင်ကြီးမြို့ပေါ်ရှိ အထက်တန်းကျောင်း (၉)ကျောင်းအား ကော်မရှင်မှ ထုတ်ဝေဖြန့်ချိခဲ့သည့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် (ဆရာကိုင်) စာအုပ်များမှ သင်ခန်းစာနှင့် ပညာပေး (Edu- tainment) အစီအစဉ်ပါ အကြောင်းအရာများကို ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ လူ့အဖွဲ့အစည်းတစ်ရပ်လုံးသည် ဖြောင့်မတ်တည်ကြည်မှုကို ကိုယ်ပိုင်အသိတရားဖြင့် တန်ဖိုးထားတတ်ပြီး လက်တွေ့လိုက်နာ ကျင့်ကြံအားထုတ် တတ်စေရန်၊ အခြေခံစည်းကမ်းမူဘောင်များနှင့် ကျင့်ဝတ်များကို လိုက်နာခြင်းဖြင့် လူ့ဘောင်အဖွဲ့အစည်းအတွက် အကျိုးပြုသူများဖြစ်လာစေရန်၊ မိမိတို့ လူ့အဖွဲ့အစည်းအပေါ် မှန်ကန်ကောင်းမွန်သော အတွေးအမြင်များရရှိစေရန်၊ လူတိုင်းသည် မိမိတို့၏ လုပ်ဆောင်မှုတိုင်းအတွက် တာဝန်ယူမှုရှိစေရန်နှင့် ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအတွင်း အများပြည်သူဆိုင်ရာ ဖြောင့်မတ်တည်ကြည်မှု Public Integrity ဖွံ့ဖြိုးတိုးတက် လာရန်လိုအပ်ပါကြောင်း၊ လူငယ်များတွင် မြန်မာနိုင်ငံလူ့အဖွဲ့အစည်းအတွင်း ဖြောင့်မတ်တည်ကြည်သည့် ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာအောင် ပြုပြင်ပြောင်းလဲပေးနိုင်သည့် အခြေခံကောင်းတွေရှိပါကြောင်း၊ ထို့အတွက်ဖြောင့်မတ်တည်ကြည်မှုရှိသည့် အပြုအမူ၊ အနေအထိုင်၊ အပြောအဆို၊ အလုပ်အကိုင်နှင့် စဉ်းစားတွေးခေါ်မှုများကို ကျောင်းသားလူငယ်များမှစ၍ စနစ်တကျမြှင့်တင်ပေးရမည်ဖြစ်ပါကြောင်း၊  ယင်းသို့ဆောင်ရွက်ရာတွင် ပညာရေးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးတို့မှဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ပြီး မျိုးဆက်သစ်လူငယ်များအား ဖြောင့်မတ် တည်ကြည်မှုရှိသည့် လူ့အသိုက်အဝန်းပေါ်ထွန်းလာဖို့ ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ထမ်းများအနေဖြင့်လည်း ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး လုပ်ငန်းအစီအစဉ်များတွင် အတူပူးပေါင်းဆောင်ရွက်ပေးရန် တိုက်တွန်းအပ်ပါကြောင်းပြောကြားသည်။ အဆိုပါတွေ့ဆုံပွဲသို့ အဆင့်မြင့်ပညာဦးစီးဌာနမှ တက္ကသိုလ် ဆရာ/ဆရာမ (၂၉)ဦး၊ အခြေခံပညာဦးစီးဌာမှ ဆရာ/ဆရာမ (၁၈၂)ဦးတို့တက်ရောက်ခဲ့ကြပါသည်။


ဆက်စပ် သတင်းများ