အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အသိပညာပေးရှင်းလင်းဆွေးနွေးပွဲများကျင်းပ

  • Wed, 18 January 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အသိပညာပေးရှင်းလင်းဆွေးနွေးပွဲများကျင်းပ


ပုသိမ်၊ ဇန်နဝါရီ ၁၈ ရက်

    အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဧရာရွှေဝါအစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၁၈ ရက်နေ့တွင် ကျင်းပခဲ့သည်။ ဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပွားနိုင်ပြီး အဂတိလိုက်စားမှု ကျူးလွန်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အရေးယူခံရမည့်အပြင် ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေနိုင်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သိရှိရှောင်ကြဉ်ရန် လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်အစိုးရနှင့် ပြည်သူများအကြား ယုံကြည်မှု တည်ဆောက်ရာတွင် အရေးပါသည့် ပေါင်းကူးတံတားသဖွယ်ဖြစ်သည့်အတွက် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူ/ တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာဖြင့် မျှတစွာ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သန့်ရှင်းသည့်အစိုးရ၊ ကောင်းမွန်သည့်အုပ်ချုပ်ရေး စနစ်တစ်ခုကို အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့်သာ အကောင်အထည်ဖော်တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။


    ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကြိုးပမ်းမှုများကို မဟာဗျူဟာရည်မှန်းချက်များချမှတ်၍ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းများကို ပိုမိုထိရောက် လွှမ်းခြုံ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၉ ခုနှစ်မှစ၍ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့ Corruption Prevention Unit - CPU များကို ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ ယနေ့အချိန်ထိ ပြည်ထောင်စု အဆင့်ဝန်ကြီးဌာန/ အဖွဲ့အစည်း (၃၈) ခုနှင့် တိုင်းဒေသကြီး/ ပြည်နယ်(၁၄) ခုရှိ အစိုးရအဖွဲ့များတွင် ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း၊ ၎င်းအပြင် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီးအစဉ် Public Feedback Programme-PFP နှင့် အဂတိလိုက်စားမှုဖြစ်နိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်ခြင်း Corruption Risk Assessment -CRA ကိုလည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရန်အတွက် ကျင့်ဝတ်များ ထိန်းသိမ်းလိုက်နာစေရန်နှင့် ဖြောင့်မတ်တည်ကြည်သော အနာဂတ်ကို တည်ဆောက်နိုင်ရန် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ Edu-tainment အစီအစဉ်များကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်မရှင်အနေဖြင့် တိုင်ကြားစားများအပေါ် အရေးယူဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ပါသည်။ 

    ဆွေးနွေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ တက်ရောက်ကြပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူများက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာများကို ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) မှ အဖွဲ့ဝင်များအား ဆက်လက်ပို့ချ ဆွေးနွေးမည်ဖြစ်ပါသည်။ 

    ကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး (Edu-tainment) အစီအစဉ်များကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အမှတ်(၂၀) အခြေခံပညာအထက်တန်းကျောင်းနှင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း (ရွှေနတ်တောင်) တို့တွင် ကော်မရှင်မှ ထုတ်ဝေဖြန့်ချိခဲ့သည့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် (ဆရာကိုင်) စာအုပ်များမှ သင်ခန်းစာများကို ဆွေးနွေးပို့ချခဲ့ကြပါသည်။

ဆက်စပ် သတင်းများ