အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး အသိပညာပေးဆောင်ရွက်ချက်များ ကျင်းပ

  • Tue, 10 January 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး အသိပညာပေးဆောင်ရွက်ချက်များ ကျင်းပ


နေပြည်တော်၊ ဇန်နဝါရီလ (၁၀) ရက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မကွေးမြို့ မြို့တော်ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။ 

    အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာ နိုင်ငံတော်နစ်နာဆုံးရှုံးမှုကြောင့် အဂတိလိုက်စားမှု မြောက်နိုင်တဲ့ကိစ္စရပ်တွေ၊ အဂတိလိုက်စားမှုရဲ့ ဆိုးကျိုးတွေနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါပြဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှု ဖြစ်ပေါ်နိုင်တဲ့ အကြောင်းအရာတွေကို ရှောင်ကြဉ်နိုင်မှာဖြစ်ကြောင်း၊ အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော် တည်ဆောက်ရမှာ ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ကော်မရှင် အဖွဲ့ဝင် ဒေါ်ခင်ချိုအုန်း က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှုကို အဟန့်အတားဖြစ်သည့် အဂတိလိုက်စားမှုကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တွန်းလှန်တိုက်ဖျက်ရန် လိုအပ်ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးအရေးယူခြင်းဆိုသည့် နည်းလမ်းသုံးသွယ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ “အဂတိပယ်ခွာ ပြည်သာယာ” ဆောင်ပုဒ်နှင့်အညီ အဂတိလိုက်စားမှုပပျောက်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ရှင်းလင်း‌ပြောကြားခဲ့သည်။

ကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေး (Edu-tainment) အစီအစဉ်များကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများ၌ ဆောင်ရွက်ခဲ့ကြောင်း၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် စွမ်းအင်ဝန်ကြီးဌာနတွင် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် PFP Web Portal အသုံးပြုနည်းသင်တန်းပို့ချခြင်း၊ အလားတူ ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးမှုအတတ်ပညာသင်တန်း (တောင်ငူ)၊ ဦးစီးအရာရှိ (စုံစမ်းရေး) မွမ်းမံသင်တန်းအမှတ်စဉ် (၂/၂၀၂၂)တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်ခန်းစာများ ပို့ချခဲ့ကြပါသည်။



ဆက်စပ် သတင်းများ