ခိုးယူကူးချခြင်း

  • Thu, 13 January 2022

    အဂတိလိုက်စားမှုသည် ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေပြီး မြန်မာနိုင်ငံတွင်လည်း စနစ်တကျဖြေရှင်းရန်လိုအပ်နေသော ပြဿနာတစ်ရပ် ဖြစ်ပါသည်။ အဂတိလိုက်စားခြင်းသည် စာရိတ္တပျက်စီးခြင်း၊ ကိုယ်ကျင့်တရားပျက်ပြားခြင်းတို့မှ အခြေခံဖြစ်ပေါ်လာခြင်းဖြစ်ရာ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးသည် နိုင်ငံသားတိုင်းအတွက် မဖြစ်မနေ လိုက်နာဆောင်ရွက်ရမည့်ကဏ္ဍ တစ်ရပ်ဖြစ်ပါသည်။

    ဖြောင့်မတ်တည်ကြည်မှုကိုမြှင့်တင်ရာတွင် အချက်များစွာရှိသည့်အနက် ခိုးယူကူးချခြင်းနှင့် သက်ဆိုင်သည့်အချက်ကို တင်ပြချင်ပါသည်။ “ခိုးယူကူးချခြင်း” ဆိုသည်မှာ သူတစ်ပါးဖန်တီးထားသောအရာကို မိမိကိုယ်ပိုင်သဖွယ်ပြုလုပ်ကာ ခိုးယူလိုက်ခြင်းဖြစ်ပါသည်။ သူတစ်ပါး၏ ဖန်တီးမှုများကို ခိုးယူကူးချခြင်းဆိုရာ၌ စာပေ၊ သီချင်း အစရှိသည်မှ အကြံဉာဏ်အထိပါ ပါဝင်ပါသည်။ ခိုးယူကူးချမှုမြောက်သည့်အပြုအမူများမှာ-

  • အခြားသူများ လုပ်ကိုင်ဆောင်ရွက်ထားသည်များကို ကူးချပြီး မိမိကိုယ်တိုင် လုပ်ကိုင်ထားသယောင် တင်ပြခြင်း၊
  • စာတမ်းများကို အင်တာနက်မှတစ်ဆင့် ဝယ်ယူခြင်း၊
  • အင်တာနက်မှ ကူးယူထားသောစာသားများကို ဝါကျအထားအသို၊ စကားလုံး အသုံးအနှုန်းများ ပြောင်းလဲပြင်ဆင်ခြင်း၊
  • မူလရေးသားသူကို ရည်ညွှန်းဖော်ပြခြင်းမရှိဘဲ ထိုသူ၏အချက်အလက်များကို အသုံးပြုခြင်း၊
  • မိမိဆောင်ရွက်ရမည့်အလုပ်ကို အခြားသူအား အခကြေးငွေပေး၍ ဆောင်ရွက်စေခြင်း၊
  • အခြားသူ ဆောင်ရွက်ပြုစုထားသည်များကို ပြန်လည်အသုံးပြုခြင်း စသည်တို့ ဖြစ်ပါသည်။

    ထို့ကြောင့် ခိုးယူကူးချမှုမြောက်သည့် အပြုအမူများကို ရည်ရွယ်ချက်ရှိရှိနှင့်သော်လည်းကောင်း၊ မသိနားမလည်၍သော်လည်းကောင်း မပြုမူမိစေရန် အထူးသတိထားရမည်ဖြစ်ပြီး ခိုးယူမိပါကလည်း မူလဖန်တီးသူကို အမြဲရည်ညွှန်းဖော်ပြပေးခြင်းဖြင့် ဖြောင့်မတ်တည်ကြည်မှု မြင့်မားသော လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။ 

(ကိုးကား- ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် အခြေခံပညာအလယ်တန်း ဆရာကိုင်စာအုပ်)

ဆက်စပ် သတင်းများ